စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံအပါအဝင် ၃ ဦးအား ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
အင်အား ၆၀ ခန့်ရှိသည့် တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီတပ်မတော် SNA တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် စစ်ကြောင်းက ဒီဇင်ဘာလ ၁၆ ရက်နေ့က ကသာမြို့နှင့် ၅ မိုင်ခန့်သာ ဝေးသည့် ပင်းမလွှတ်ကျေးရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ကသာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘရန်ရှောင် (၄၀ နှစ်)၊ ထောက်ပို့တပ်ဖွဲ့ဝင် ကိုဂျက်လီ ( ၃၀ နှစ်) နှင့် ဒေသခံ ကိုဘောက်မိုင်(၄၀) နှစ် တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။
ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှ တာဝန်ရှိသူတဦးက “ကျနော်တို့ရဲ့ ရဲဘော် ၃ ဦးလို့ ပြောရင်လည်း ရပါတယ်၊ ဖုန်းလိုင်းတွေက ပြတ်နေတာမို့ စစ်ကြောင်းထိုးလာတာကို သတင်းမရလိုက်ဘဲ အလုပ်လုပ်ရင်းနဲ့ အဖမ်းခံလိုက်ရပြီး ရက်ရက်စက်စက် လည်ပင်းတွေ လှီးဖြတ်ပြီး သတ်ဖြတ်ခံလိုက်ကြရတာ၊ နယ်မြေကို ဆင်းပြီး အလုပ်လုပ်နေကြရင်းနဲ့ ဖြစ်သွားတာပါ”ဟု ပြောသည်။
ယခုအခါ ကသာမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ မြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကြောင်းသည် ကသာမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
၎င်းက ဆက်၍ “မနက် အစောကြီး လင်းအားကြီးချိန်မှာ စစ်ကြောင်းက ရုတ်တရက်ကြီး ရောက်ချလာတာ ဘာသတင်းမှလည်း မရလိုက်ဘူး၊ နယ်မြေမှာ ရဲဘော်တွေ ရောက်နေတာကို တိတိကျကျ သတင်းပေး ခံရတာမျိုးပါဗျ၊ ရွာကို ဝင်ပြီးတာနဲ့ သူတို့ နေတဲ့အိမ် ဝင်စီးခံရပြီး ဖမ်းဆီးခံလိုက်ရပြီး အိမ်ကို မီးရှို့ကြတာ၊ အိမ်ရှင်နဲ့အတူ ၃ ယောက် ဖမ်းခံလိုက်ရပြီး ကျန်တဲ့အိမ်သားတွေကတော့ လွတ်သွားကြတယ်၊ ဘာပစ္စည်းမှ ယူချိန်မရလိုက်လို့ ပစ္စည်းတွေ ဘာမှ မရလိုက်ကြဘူး”ဟု ပြောသည်။
ထို့ပြင် ပင်းမလွတ်ကျေးရွာရှိ နေအိမ် ၄ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်မူ ကသာမြို့နယ် ပင်းမလွတ်ကျေးရွာရှိ ဆေးမှူးတာဝန်ထမ်းဆောင်နေသူ ဒေါ်ဘောက်ဆိုင်း၏ နေအိမ်အား ဝင်ရောက်စီးနင်းရာ PDF တပ်ဖွဲ့ဝင် ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်ဟု ဖြန့်ဝေထားကြသည်။
ယခုအခါ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများအကြား စစ်ရေးတင်းမာမှု ရှိနေပြီး စစ်ကောင်စီက ကသာမြို့ပေါ်တွင် ဘန်ကာများ အခိုင်အမာ တည်ဆောက်နေကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ
ထီးချိုင့်တွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ
ဆယ်ဇင်းရွာက လူအစုလိုက် သတ်ခံရမှု