ထိုင်းနိုင်ငံ၊ စမွတ်စွန်ခရမ်ခရိုင်၊ မဲခေါင်မြို့တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့် ရောက်ရှိနေသည့် အလုပ်သမား ၁၉ ဦး စာချုပ်၌မပါသည့်အလုပ်များ လုပ်ကိုင်နေရပြီး နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်များလည်း သိမ်းဆည်းခံ ထားရကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။
အဆိုပါ MoU အလုပ်သမား အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦးတို့သည် ရတ်ချ်ဘူလီမြို့ရှိ အုန်းသီးခြံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ Gold Silver Diamond ကုမ္ပဏီနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်၌ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့သည် မဲခေါင်မြို့ကို ရောက်ရှိလာကာ စာချုပ်ပါလုပ်ငန်းခွင်သို့ မပို့ဆောင်သည့် အပြင် စာချုပ်ထဲမပါသော အုန်းပင်တက်ခြင်း၊ အုန်းရည်ခံခြင်းနှင့် အုန်းထန်းလျက် လုပ်ကိုင်ခိုင်းခြင်းများ လုပ်ကိုင်နေရ ပြီး ပတ်စ်ပို့စာအုပ်များပါ သိမ်းဆည်းခံထားရသည့်အတွက် မြန်မာအလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
WAG အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “သူတို့ စာချုပ်ထဲမှာကျတော့ ဘူးပိတ်၊ ပါကင်ပိတ် လုပ်ရမယ်ပေါ့။ ဒီလည်းရောက် ရော အဲဒါတွေမလုပ်ရဘူး။ တကယ်တမ်းကျ အုန်းပင်ပေါ် အုန်းသီးတက်ခူးရတယ်။ တခါမှတော့ အမျိုးသမီးတွေ အုန်း သီးတက်ခူးရတယ် မကြားဖူးဘူး။ ဒီရောက်မှ အုန်းပင်တက်ခူးရတယ်။ အုန်းပင်သန့်ရှင်းရေး တက်လုပ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းတို့ တနေ့လျှင်တက်နေရသည့် အုန်းပင်အရေအတွက်မှာ ရာနှင့်ချီရှိပြီး အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့များ၌ လည်း မနားရသည့်အပြင် စာချုပ်ပါအတိုင်း လုပ်အားခနှစ်ဆလည်း မရရှိကြောင်း အလုပ်သမားများက ဆိုသည်။
ထိုသို့ လုပ်ငန်းခွင်တွင်း အဆင်မပြေမှုများကြောင့် စာချုပ်ပါအတိုင်း အလုပ်လုပ်နိုင်ရန် သို့မဟုတ် အခြားအဆင်ပြေ သော လုပ်ငန်းခွင်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ရန် WAG ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
WAG အနေဖြင့် မြန်မာအလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ အေဂျင်စီထံ ဆက်သွယ်ခဲ့ရာ လာရောက် ဖြေရှင်းပေးမည်ဟုသာ အကြောင်းအမျိုးမျိုးပြနေခဲ့ပြီး ယနေ့အချိန်ထိ ဖြေရှင်းပေးမှုမရှိသေးကြောင်း အလုပ်သမားများ က ဆိုသည်။
ထို့ပြင် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အခက်အခဲများကို မြန်မာအလုပ်သမားသံရုံးထံ ဆက်သွယ်တိုင်ကြားခဲ့ သော်လည်း တုံ့ပြန်မှုတစုံတရာ မရရှိခဲ့ကြောင်း အုန်းခြံအလုပ်သမားတဦးက ပြောသည်။
၎င်းက “ကျနော်တို့ဆီက အခွန်ကောက်မယ်ဆိုရင် ကျနော်တို့အခက်အခဲကိုလည်း သံရုံးအနေနဲ့ မြေပြင်ကို ဆင်းကြည့်စေချင်တယ်။ အလုပ်သမားတွေ မြေပြင်မှာ ဒုက္ခရောက်နေတဲ့ အနေအထားက ဘယ်လိုဖြစ်လဲ။ ဘယ်လို အခက်အခဲရှိနေလဲဆိုတာကို သူတို့သိစေချင်တယ်” ဟု ဆိုသည်။
အဆိုပါ အလုပ်သမားများ၏ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံရုံးကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
ကိုမုန်တိုင်းက “သံရုံးဘက်ကတော့ သိတဲ့အတိုင်းပဲ။ စစ်ကောင်စီသံရုံးဆိုတော့ MoU ကိစ္စတွေဆို ဖြေရှင်းတာဘာညာ သိပ်မှမလုပ်တာ။ သံရုံးက အခွန်ကောက်ချင်တာပဲ သိတယ်။ ဒီအလုပ်သမားတွေ မြေပြင်မှာဒုက္ခရောက်နေတာကို ဥပက္ခာပြုထားတာပေါ့။ အလုပ်သမားတွေက သံရုံးကို သွားပြောတာမျိုးရှိတယ်။ ပြန်ပြောတာ တစုံတရာမရှိလို့ ကျနော် တို့ဆီ ရောက်လာကြတာ” ဟု ပြောသည်။
ထို့ပြင် ချွန်ဘူရီခရိုင် လယောင်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်လည်း မြန်မာအလုပ်သမားများ အလုပ်ပုံမှန် မဆင်းရသည့်အပြင် စာရွက်စာတမ်းများ၊ ဘဏ်ကဒ်များ သိမ်းဆည်းခံရမှုများရှိကြောင်း သိရသည်။
နိုဝင်ဘာလအတွင်းကလည်း နခွန်ရတ်ချ်စီမားခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို MoU ဖြင့် ရောက်လာသော အလုပ်သမား ၁၇ ဦး အလုပ်ပုံမှန်မလုပ်ရဘဲ အလှည့်ကျဆင်းရသဖြင့် အခက်အခဲဖြစ်နေသည့် အတွက် WAG ထံ တိုင်ကြားခဲ့ပြီးနောက် ယခုအခါ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ MoU အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေလမှစတင်ကာ ပြန်လည်စေလွှတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေမလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ်ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ
အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ နစ်နာကြေးရရှိရန် ညှိနှိုင်းနေ
ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ
MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု