ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် ( AA )နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေရာ စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်နေသဖြင့် မြို့လုံးကျွတ် ထွက်ပြေးနေ ရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၄ ရက် နံနက်က မြောက်ဦးမြို့မရဲစခန်းနှင့် ငွေတောင်ပေါက်တံတားအနီးရှိ စစ်ကောင်စီ စခန်းကုန်း တို့ကို AA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြောက်ဦးအခြေစိုက် ခမရ ၅၄၀၊ ခမရ ၃၇၇၊ ခမရ ၃၇၈၊ အမှတ် ၃၁ ရဲတပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်ခတ်နေကြောင်းလည်း မြောက်ဦးမြို့ခံများက ပြောသည်။
မြောက်ဦးမြို့ခံတဦးက “တမြို့လုံး ထွက်ပြေးနေလို့ မြို့မှာလည်း လူမကျန်တော့ဘူး။ အိမ်စောင့်လောက်ပဲ ကျန်ခဲ့တယ်။ ခြောက်ကပ်တိတ်ဆိတ်နေတယ်။ အသွားအလာတောင် မရှိတော့ဘူး။ ညဘက် ခွေဟောင်သံနဲ့ စစ်ကောင်စီက လက်နက်ကြီး အသံလောက်ပဲ ကြားရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်က မြောက်ဦးမြို့ အဝင်အထွက်ဂိတ်များ၌ ပိတ်ဆို့ထားသောကြောင့် မြို့ခံများမှာ ရေကြောင်း၊ ကျေးရွာခြင်း ဆက်လမ်းများမှတဆင့် နီးစပ်ရာရွာများသို့ ထွက်ပြေးနေရကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန်များ ကျရောက် ပေါက်ကွဲမှုကြောင့် ဒီဇင်ဘာ ၂၄ ရက်မှ ယနေ့ အထိ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးအထိရှိကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းအပြင် မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းမှ စစ်ရှောင် ၂ ဦး အပါအဝင် မြို့ခံ ၉ ဦး ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း မြောက်ဦးမြို့ အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “မြို့ခံတွေ အဖမ်းခံရတာက ၉ ယောက်လောက်ရှိတယ်။ မြတန်ဆောင် စစ်ရှောင် စခန်းက ၂ ယောက် ပါတယ်။ အဲဒီ ၂ ယောက်က လက်နက်ကြီး အစမှန်လို့ လူနာတွေကို ဆေးရုံကိုသွားပို့ပြီး အပြန် ငွေတောင်ပေါက် တံတားနားမှာ စစ်ကောင်စီတပ်တွေနဲ့ တွေ့ပြီး ဖမ်းသွားတာ။ နောက်ထပ် ၇ ယောက်ကတော့ မြို့လယ်မှာ သုံးဘီးတွေ ၊ တုတ်တုတ် မောင်းတဲ့သူတွေ ပါတယ်။ သူတို့ အခုအထိ ပြန်မလွတ်ပေးဘူး။ ရဲစခန်းအထဲကို ခေါ်ယူပြီးတော့ လူသားဒိုင်းကာအဖြစ် ဖမ်းထားတယ်လို့ ကြားရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ဒီဇင်ဘာ ၂၅ ရက် နံနက်ကလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် မြောက်ဦး နန်းတော်ရာကုန်းပေါ်ရှိ ရှေးဟောင်း အမွေအနှစ်ပြတိုက်နှင့် မြောက်ဦးပြည်သူ့ဆေးရုံသို့ လက်နက်ကြီးကျသဖြင့် မြောက်ဦးဆေးရုံမှ ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းများမှာ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့ နယ်အကြားရှိ တိမ်ညိုတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရကာ ယဉ်ကျေးမှုပြတိုက်မှာလည်း ပြိုပျက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) က စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ ဘုရားကျောင်းကန်၊ စေတီ ပုထိုး၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဖျက်ဆီး လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ရခိုင်လူမျိုးများ၏ သမိုင်းဝင် အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုလက်ရာများကို ဖျက်ဆီး သော စစ်ကောင်စီတပ်အား မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ မြို့ပေါ် ရပ်ကွက်များသို့ တောက်လျောက် ပစ်ခတ်လျက်ရှိသလို လေကြောင်း ပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် ၊ မင်္ဂလာမာန်အောင် ဘုရားကြီးအနီး လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးမောင်ပုမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် မြောက်ဦးမြို့ ငွေတောင်ပေါက်တံတားအနီးရှိ စစ်ကောင်စီ စခန်းကုန်းကို AA တပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားပြီး မြို့မရဲစခန်းမှ စစ်ကောင်စီ တပ်သားများနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့ပေါ်တွင် ဆင်ချဆိပ်၊ အလယ်ဈေး၊ ညောင်ပင်ဈေး၊ အောင်မင်္ဂလာ၊ အောင်တပ်၊ ဗန္ဓုလ၊ တောင်ရပ်၊ လော်ကမူ၊ ဓမ္မရာဇ် စသည့် ရပ်ကွက်ပေါင်း ၁၀ နီးပါးရှိကာ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၁၈၉, ၀၀၀ ဦး ကျော်ရှိကြောင်း သိရသည်။
You may also like these stories:
ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား
ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ