တော်လှန်ရေးတပ်များ ထိန်းထားသည့် စစ်ကိုင်းတိုင် ကောလင်းမြို့နယ်သို့ဝင်မည့် မော်တော်ယာဉ်များနှင့် ကောလင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို စစ်ကောင်စီက အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့် မပြုဘဲ လှည့်ပြန် ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံက သိရသည်။
ဒီဇင်ဘာ ၂၄ ရက်မှစ၍ အင်းတော်မြို့နယ် ပညာရေးမှူးရုံးရှေ့ စစ်ကောင်စီ ဗျူဟာကုန်း စုပေါင်းစစ်ဆေးရေးဂိတ်မှ စစ် ဆေးကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး အင်းတော်မြို့မှ ကောလင်းမြို့သို့ သွားမည်ဆိုပါက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ကျောက်တန်းလမ်းဆုံထိ ၄၇ မိုင်၊ ကျောက်တန်းလမ်းဆုံမှ ကောလင်းမြို့တွင်းသို့ ၁၆ မိုင် စုစုပေါင်း ၆၃ မိုင်ကွာဝေးကာ ကောလင်းမြို့သို့ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှတဆင့် ဝင်ရောက်နိုင်သလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးမှလည်း ဝင်ရောက်နိုင်ကြောင်း သိရသည်။
အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှ တာဝန်ရှိသူတဦးက “ကောလင်းသားဆိုရင် မြို့ကို အဖြတ်မခံတာမျိုး လုပ်နေတာ၊ မှတ်ပုံတင်တွေကို စစ်ပြီးတော့ ကောလင်းကတ်ကိုင်ထားတဲ့သူတွေဆိုရင် နောက်ကြောင်းပြန် လှည့်ခိုင်း နေတာ အင်းတော်မြို့ကနေ မြစ်ကြီးနားဘက်ထွက်တဲ့ ဂျပန်တောင်ကုန်းလို့ခေါ်တဲ့ ဗျူဟာကုန်းဂိတ်ကနေ စစ်ဆေးတာတွေ လုပ်နေတာ ကားသမားတွေကိုလည်း မှတ်ပုံတင်၊ လိုင်စင်စစ်ပြီး ကောလင်းဆိုရင် မသွားခိုင်းတော့ဘူး၊ ခရီးသည်တွေ လည်းအတူတူပဲ၊ ကောလင်းဘက်ဆို အသံတောင် မကြားချင်ဘူးတဲ့ အကုန်လှည့်ပြန်ခိုင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ဆေး တားမြစ်ခြင်းများကို တပ်မ ၇၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ပြုလုပ်နေခြင်းဖြစ်ကာ လူနှင့် ကား၊ ဆိုင်ကယ်များအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမျိုး မရှိဘဲ ကောလင်းဘက်မှ လာလျှင် ဖြစ်စေ၊ ကောလင်းဘက်သို့ ထွက်လျှင်ဖြစ်စေ အင်းတော်မြို့မှတဆင့် ဆက်လက်သွားရောက်ခွင့် မပြုဘဲ ပြန်လှည့်ခိုင်းခြင်းဖြစ်ကြောင်း အင်းတော် ဒေသခံများက ဆိုသည်။
ကောလင်းမြို့သည် စစ်ကိုင်းတိုင်းတွင် ပထမဦးဆုံးအနေဖြင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သော ခရိုင်မြို့ ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ၆ ရက်နေ့က ခရိုင်ကွပ်ကဲရေး အစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF)၊ ဒေသကာကွယ်ရေးတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG )၏ အုပ်ချုပ်ရေးယန္တရား စတင် လည်ပတ်နေပြီဖြစ်သလို NUG ၏ ဒစ်ဂျစ်တယ်ဘဏ်ဖြစ်သော နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံးမြေပြင်ဘဏ်ခွဲကို ကောလင်းမြို့၌ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
မန္တလေးမြို့သို့ ရောက်ရှိနေသည့် ကောလင်းဒေသခံတဦးက “ကျနော်တို့က ကောလင်းကနေ မန္တလေးကို ရောက်နေကြတာ ကြာပြီ၊ ကောလင်းမှာက မိဘတွေနဲ့ ဆွေမျိုးတွေပဲ ကျန်ခဲ့တာ၊ ဒီရက်ပိုင်းထဲ ကောလင်းကို ဖုန်းဆက်ရင် ဖုန်းလိုင်းတွေက မမိတာ များတယ်၊ ပြီးခဲ့တဲ့ရက်က ကောလင်းကို ပြန်တဲ့သူတွေ ကောလင်း မရောက်ဘဲ အင်းတော်ကနေ လှည့်ပြန်လာ ခဲ့ရတာ ရှိတယ်၊ ကောလင်းနဲ့အဆက်အသွယ် မရတော့ အားလုံးအတွက် စိုးရိမ်နေရတယ်”ဟု ပြောသည်။
ကောလင်းမြို့ခံများနှင့် တော်လှန်ရေးအဖွဲ့များအား ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ကောလင်းမြို့နယ်တွင် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၂ ရွာ ရှိသလို အင်းတော် မြို့နယ်တွင် လည်း ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၄၀ အုပ်စု၊ ကျေးရွာပေါင်း ၁၄၈ ရွာရှိကာ လမ်းပန်းဆက်သွယ် ရေးအနေဖြင့် ရထားလမ်း၊ ကားလမ်းကို အသုံးပြုကြောင်း သိရသည်။
အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကောလင်းက မြို့သိမ်းလုပ်ထားပြီးသားဆိုတော့ NUG ရဲ့ စိုးမိုးနယ်မြေအားလုံးဖြစ်သွားပြီ၊ အဲဒီလိုရှိနေတာမို့ ကောလင်းနယ်က လူတွေအားလုံး သွားရေး လာရေး ခက်ခဲအောင် ဒုက္ခရောက်အောင် လုပ်တာမျိုးပဲ၊ လက်ရှိက စပါးပေါ်တဲ့ အချိန်ဖြစ်တော့ ကောလင်းဘက်က အင်းတော်နယ်ထဲက စပါးတွေကို ဝယ်တာရှိတယ်ဆိုတော့ ကသာခရိုင်နဲ့ ကောလင်းခရိုင်တွေကို ဒုက္ခရောက်အောင် လုပ်တာမျိုးပဲလို့ မြင်တယ်၊ သုံးသပ်ရသလောက်ကတော့ ကောလင်းဘက်ကို ဖြတ်လေးဖြတ် ပုံစံမျိုး လုပ်တာ၊ ကုန်စည်စီးဆင်းမှုနဲ့ ရိက္ခာ ဖြတ်တောက်ပစ်လိုက်ချင်တဲ့ သဘောပဲ”ဟု ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလာရာ အင်းတော်မြို့နယ်အတွင်းရှိ မော်လူးမြို့ကိုလည်း တော်လှန်ရေးအဖွဲ့များဘက်က သိမ်းပိုက် ထိန်းချုပ်ထားပြီး အင်းတော်မြို့နယ်တခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ကြောင်း၊ စစ်ကောင်စီဘက်က အင်းတော်မြို့ပေါ်အပါအဝင် နဘားတွင် အင်အား ၁၀၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားနိုင်သောကြောင့် အင်းတော်မြို့နှင့် အနီးတဝိုက်ကိုသာ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအနေဖြင့် စစ်ကြောင်းထိုးနိုင်တော့ကြောင်း သိရသည်။
အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှ တာဝန်ရှိသူ တဦးက “အင်းတော်နဲ့ နဘားဆိုရင် ၄ မိုင်လောက်ပဲ ဝေးတယ်၊ နဘားဘက်ကို သူတို့ဘက်က စစ်ကြောင်းထိုးလိုက် ကျနော်တို့အဖွဲ့တွေက ဝင်လိုက်နဲ့ အင်းတော်တောင် ဘက်ခြမ်း ရွှေဘိုဘက်အထွက် ၂ မိုင်လောက်ပဲဝေးတဲ့ လယ်ပြင်ရွာထိပဲ နယ်မြေ စိုးမိုးထားနိုင်တော့တယ်၊ အင်းတော်-ဗန်းမောက်ကားလမ်းမှာတော့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ နံ့သာမှာ အင်အား ၄၀ လောက်နဲ့ တပ်ထိုင်ထားတာရှိတယ်၊ အားလုံးကို ချုပ်ပြောရမယ်ဆိုရင် အင်းတော်တမြို့နယ်အနေနဲ့ ကျနော်တို့အဖွဲ့တွေက ၈၀ ရာခိုင်နှုန်းလောက်ထိ နယ်မြေစိုးမိုးထားနိုင်ပါတယ်”ဟု ပြောသည်။
ယခုအခါ ကချင်ပြည်နယ်ဘက်မှတဆင့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို အင်းတော်မြို့ နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့နယ်အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
You may also like these stories:
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော
ကသာတွင် ပကဖ သတင်းတာဝန်ခံအပါအဝင် ၃ ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း မော်လူးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ