မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့အကြား ဆွေးနွေးပွဲများတွင် တရုတ်က မကြာသေးမီက ကြားဝင်ဆောင်ရွက်လာခြင်းသည် မြန်မာမှ ရှည်ကြာသော အကျပ်အတည်းကို ဖြေရှင်းရာ၌ ဂျပန်၏ ဦးဆောင်မှု ပျက်ကွက်သည်ဆိုသည့် အယူအဆကို မီးမောင်းထိုးပြနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ အကျပ်အတည်းသည် မကြာသေးမီက အပြောင်းအလဲအမှတ်သို့ ရောက်လာသည်ဟု လေ့လာသူများ ယူဆကြသည်။
နိုင်ငံအရှေ့မြောက်ပိုင်းတွင် ယာယီ အပစ်အခတ်ရပ်စဲရေး ဖြစ်စေသည်ဟု တရုတ်က ပြောသည့် ထိုကြားဝင်ဆောင်ရွက်မှုသည် အရပ်သားခေါင်းဆောင်သည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ တိုင်းရင်းသား မဟာမိတ်များနှင့် ဆက်ဆံရေးကို အားမပေးဘဲ စစ်ကောင်စီနှင့်သာ အခြေခံအားဖြင့် ဆက်ဆံသည့် ဂျပန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါကို မေးခွန်းထုတ်စရာဖြစ်လာသည်ဟု သုတေသီများက ပြောသည်။
ထိုအပစ်အခတ်ရပ်စဲရေး မည်မျှကြာမည်နှင့် ပဋိပက္ခတခုလုံးကို မည်သို့သက်ရောက်မည် စသည့် သဘောတူညီချက်၏ အသေးစိတ်များကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အရေးပါသော လမ်းဆုံလမ်းခွတွင် တရုတ်က ကြားဝင်ခြင်းဖြစ်ပြီး အထက်ပါ တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့က အောက်တိုဘာလ နှောင်းပိုင်းတွင် ညှိနှိုင်းထိုးစစ် အောင်မြင်ကာ တနိုင်ငံလုံးမှ ဒီမိုကရေစီအင်အားစုများ ပိုမိုရဲတင်းလာပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှု ရင်ဆိုင်ရချိန်နှင့် တိုက်ဆိုင်နေသည်။
“မြန်မာပြည်သူအများစုကြီးက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်လို့ ဂျပန်အစိုးရက စစ်ကောင်စီတခုတည်းနဲ့ ဆက်ဆံတာဟာ ဂျပန်ရဲ့ အကျိုးစီးပွားကို အကျိုးမပြုဘူး” ဟု ဟီတိုဆူဘာရှီတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ မိုင်ကို အီချီဟာရာက ပြောပြီး ဂျပန်အစိုးရအနေဖြင့် NUG, အခြား စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံရန် တိုက်တွန်းသည်။
“တရားဥပဒေစိုးမိုးမှုကို ရှေ့တန်းတင်ပြီး လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ရည်မှန်းချက်အောက်မှာ လူ့အခွင့်အရေးနဲ့ အခြားအကြွင်းမဲ့တန်ဖိုးတွေကို လေးစားတဲ့နိုင်ငံတခုအနေနဲ့ ဂျပန်ဟာ အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနဲ့ပတ်သက်ပြီး ပိုမိုအကွက်ကျတဲ့ သံတမန်ရေး ပြုလုပ်စေချင်တယ်” ဟု တွေ့ဆုံးမေးမြန်းမှုတခုတွင် ၎င်းကပြောသည်။
ဂျပန်သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချသော်လည်း ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း၊ NUG နှင့် ဆက်ဆံရေး ထူထောင်ခြင်းစသည့် နည်းလမ်းများဖြင့် ဆန့်ကျင်ခြင်းသည် မြန်မာဗိုလ်ချုပ်များကို တရုတ်ဘက် တွန်းပို့သလိုဖြစ်မည်ကို စိုးရိမ်ပြီး စစ်တပ်နှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသည်။
“ဂျပန်အနေနဲ့ ဒီမိုကရေစီအင်အားစုနဲ့ ဆက်ဆံရေး မတည်ဆောက်ရင် စစ်တပ်အပေါ် သြဇာဘယ်တော့မှ မတည်ဆောက်နိုင်ဘူး” ဟု ပါမောက္ခ အီချီဟာရာက ပြောသည်။ “အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားဗိုလ်ချုပ်တွေက ဂျပန်ဟာ သူတို့ပြောသမျှ နားထောင်တယ်လို့ ထင်နေလိမ့်မယ်” ဟုလည်း ပြောသည်။
မြန်မာပြည်သူများ၏ ယေဘုယျအားဖြင့် တရုတ်ဆန့်ကျင်သည့် စိတ်ဓာတ်ကိုလည်း သူကထောက်ပြသည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ဆွေးနွေးပွဲများကို တရုတ်က ကြားဝင် မဆောင်ရွက်မီ ဂျပန်၏ မူဝါဒ အပြောင်းအလဲဖြစ်နိုင်သည့် လက္ခဏာတခု တွေ့ရသည်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် နိုဝင်ဘာလနှောင်းပိုင်းက ဂျပန်သို့ ရောက်ရှိစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနှင့် အလွတ်သဘော တွေ့ဆုံသည်။
ဂျပန်သို့ ပထမဆုံးရောက်လာသည့် NUG အဆင့်မြင့်အရာရှိဖြစ်သော ဒေါ်ဇင်မာအောင်က မည်သူတို့နှင့် တွေ့ဆုံခဲ့သည်ကို ပြောကြားခြင်း မရှိသလို ဂျပန်ဝန်ကြီးဌာနကလည်း ထိုအစည်းအဝေးများနှင့် ပတ်သက်ပြီး မည်သည့် ကြေညာချက်မှ ထုတ်ပြန်ခြင်း မရှိပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများနှင့်မတူဘဲ ဂျပန်သည် NUG နှင့် တရားဝင် ဆက်ဆံရေး မရှိပေ။
“အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာတဲ့အချိန်အထိ ကျမတို့ကို ချေမှုန်းလို့မရဘူးဆိုတာနဲ့ ကျမတို့ဟာ စစ်တပ်ကို နယ်မြေအများအပြားကနေ မောင်းထုတ်နေတယ်ဆိုတာ ပြောပြဖို့ ကျမ ဒီကိုရောက်လာတာဖြစ်တယ်” ဟု ဒေါ်ဇင်မာအောင်က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် တိုကျိုမှ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ဂျပန်အစိုးရအရာရှိတွေအနေနဲ့ မြေပြင်မှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်၊ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်က ဘာလဲ ဆိုတာတွေကို သိဖို့လိုတယ်” ဟု ဒေါ်ဇင်မာအောင်က ဆက်လက် ပြောကြားပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များကို ရည်ညွှန်း ပြောကြားသည်။
စတင်သည့် ရက်စွဲကို အစွဲပြုအမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးဟု ခေါ်သော ညှိနှိုင်းထိုးစစ်နောက်ပိုင်းတွင် စစ်တပ်သည် မြေပြင်တွင် ဆုံးရှုံးနေသည်။ တိုက်ပွဲများသည် နိုင်ငံ၏ ၃ ပုံ ၂ ပုံ သို့ ပျံ့နှံ့လာသောကြောင့် စစ်တပ်သည် နိုင်ငံ၏ ၂၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တော့သည်ဟု ခန့်မှန်းချက်တခုတွင် ဖော်ပြသည်။
စစ်တပ်မှ ဘက်ပြောင်းလာသူ များပြားလာနေပြီး ယူကရိန်းစစ်အတွင်း ရုရှားထံမှ လက်နက် အထောက်အပံ့ လျော့ကျလာသောကြောင့် ပြဿနာများကို “နိုင်ငံရေးအရ” ဖြေရှင်းရန် မင်းအောင်လှိုင်က စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် တောင်းဆိုသည်။
အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုသည် ၎င်းတို့အကျိုးစီးပွားကို ကာကွယ်မပေးနိုင်ကြောင်း စစ်ကောင်စီ အရာရှိ အများအပြား သဘောပေါက်လာသည်ဟု ဒေါ်ဇင်မာအောင်က စစ်တပ်အတွင်း ကျယ်ပြန့်သည့် အဂတိလိုက်စားမှုများကို ကိုးကားပြောဆိုသည်။
“သူတို့တွေက မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်နေကြပြီ” ဟု ဒေါ်ဇင်မာအောင် ပြောပြီး စစ်သားနှင့်ရဲ ၁၄,၀၀၀ ခန့်သည် NUG နှင့် NUG ၏ လက်နက်ကိုင်တပ်ဖွဲ့ ပြည်သူကာကွယ်ရေးတပ်များ (PDF) ထံ လက်နက်ချကြောင်း ဆက်လက် ပြောကြားသည်။
တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာသော်လည်း NUG နှင့် PDF တို့နှင့် ပူးပေါင်းစစ်ဆင်သည့် အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း သုံးခုက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန် ကတိပြုပြီး “မိမိတို့၏ ရည်မှန်းချက်သည် မြန်မာပြည်သူတရပ်လုံးနှင့်အတူ ခိုင်မာနေဆဲ ဖြစ်သည်” ဟု ပြောသောကြောင့် အခြေအနေသည် ဆက်လက် မတည်မငြိမ် ဖြစ်နေပုံရသည်။
“အောက်တိုဘာလ ၂၇ က စတင်ပြီး မြန်မာပဋိပက္ခဟာ ကျမတို့ပြောတဲ့အတိုင်း အပြောင်းအလဲအမှတ် ရောက်နေပြီ” ဟု အမေရိကန်စစ်တပ် ဒုဗိုလ်မှူးကြီးဟောင်း၊ ယခု ဟိုနိုလူလူရှိ Daniel K. Inouye Asia-Pacific Center for Security Studies မှ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောသည်။ “စစ်တပ်က ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ” ဟု သူကပြောသည်။
ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဒေါက်တာ မီမီဝင်းဘတ်က “စေ့စပ်ညှိနှိုင်းမယ်လို့ သူပြောတာ ရိုးသားမှုရှိရဲ့လား။ အရင်ကလည်း အချိန်ဆွဲပြီး စစ်တပ်ကို အင်အားဖြည့်တင်းတဲ့ နည်းတွေကို သုံးခဲ့လို့ ဒီကိစ္စက မေးခွန်း ထုတ်စရာဖြစ်နေတယ်” ဟု ဆက်လက်ပြောကြားသည်။
စစ်ကောင်စီက သဘောတူထားသည့် မည့်သည့် သဘောတူညီချက်ကိုမှ မချိုးဖောက်နိုင်အောင် ညီနောင်မဟာမိတ် သုံးဖွဲ့၊ NUG နှင့် အခြား စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအနေဖြင့် လိုက်နာ အကောင်အထည်ဖော်ရေး ယန္တရားတခု လိုသည်ဟု ၎င်းက အကြံပေးသည်။
ယူကရိန်းစစ်ပွဲနှင့် ဂါဇာအကျပ်အတည်းသည် ဂျပန် သံတမန်ရေး အစီအစဉ်အတွက် အဓိကကျကြောင်း သဘောပေါက်သောကြောင့် ပါမောက္ခ အီချီဟာရာက ဂျပန်ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့နှင့် ညှိနှိုင်းကာ မြန်မာ့ငြိမ်းချမ်းရေတွင် တရုတ်ကို ဦးဆောင်အခန်းကဏ္ဍ မပေးဘဲ ဂျပန်က ထိုအခန်းကဏ္ဍကို ယူသင့်ကြောင်း ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး အရာရှိတွေက ဒေါ်ဇင်မာအောင်ကို အလွတ်သဘောဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးတာ ထူးခြားတယ်၊ ဂျပန်က NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေး တိုးတက်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ဒေသတွင်း အင်အားကြီးနိုင်ငံတွေက အနီးကပ် စောင့်ကြည့်နေမယ်လို့ ထင်တယ်” ဟု လည်း ၎င်းကပြောသည်။
(Japan Today ပါ Ko Hirano ၏ Japan urged to proactively engage with Myanmar as China steps in ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားစည်းရုံး
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ
စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား