ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ပိုမိုအသေအပျောက်များသော လေကြောင်းတိုက်ခိုက်မှု လုပ်မည်ကို စိုးရိမ်ပြီး နေရပ်မပြန်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ထိုမြို့မှ အဓိက စစ်စခန်း ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် TNLA လက်သို့ ကျရောက်ပြီး ခြောက်ရက်အကြာတွင် နမ့်ဆန်သည် TNLA သိမ်းပိုက်သည့် ဒုတိယမြို့ ဖြစ်လာသည်။ ထိုမြို့တွင် လူဦးရေ ၄,၀၀၀ ကျော် နေထိုင်သည်။
TNLA သည် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မြို့ ၁၀ မြို့နှင့် စစ်ကောင်စီစခန်း ရာချီ သိမ်းပိုက်ထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင်ဖြစ်သည်။
ဒီဇင်ဘာလကုန်မှ အိမ်ပြန်ရန် မျှော်လင့်ထားသော်လည်း နမ့်ဆန်မှ ၈၇ ကီလိုမီတာအကွာ နမ္မတူမှ တိုက်ပွဲများကြောင့် ထိုအစီအစဉ် နှောင့်နှေးနေကြောင်း နမ့်ဆန်မှ တောင်ကြီးသို့ ထွက်ပြေးလာသည့် ဇနီးမောင်နှံက ပြောသည်။
“နမ့်ဆန်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက တည်ငြိမ်နေပေမယ့် နမ္မတူမှာ တိုက်ပွဲဖြစ်နေသေးတော့ စစ်ကောင်စီ လေယာဉ်တွေက မြို့ပေါ်မှာ ပျံနေတယ်လို့ ကြားတယ်” ဟု တောင်ကြီးသို့ ထွက်ပြေးလာသည့် နမ့်ဆန် ဒေသခံတဦးက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် နမ့်ဆန်ဒေသခံများသည် ထိုမြို့နယ်အနီး ကျေးလက်ဒေသများသို့ ထွက်ပြေးကြကြောင်း စေတနာ့ဝန်ထမ်းများက ပြောသည်။
“အခု ဒေသခံ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာကြပေမယ့် မြို့လယ် လူနေရပ်ကွက် နှစ်ခုမှာ လူနည်းနည်းပဲ တွေ့တယ်။ ကျန်နေရာတွေမှာ လူသူကင်းမဲ့ တိတ်ဆိတ်နေတယ်” ဟု ထိုမြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လာသည့် ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီက အမြောက်ဖြင့်ပစ်သောကြောင့် နေအိမ်ပျက်စီးပြီး အိမ်တွင် မနေနိုင်သေးကြောင်း ၎င်းကပြောသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စေတနာ့ဝန်ထမ်း အနည်းငယ်သည် နမ့်ဆန်လူနေရပ်ကွက်များတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖြစ်လာသည့် အပျက်အစီးများကို ရှင်းလင်းနေပြီး ရေပိုက်များနှင့် ဓာတ်အားလိုင်းများကို ပြုပြင်နေသည်။
နမ့်ဆန် ဒေသခံများသည် လားရှိုး၊ ကျောက်မဲ၊ ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးနှင် မန္တလေးတိုင်းတို့တွင် သောင်တင်နေကြောင်း စေတနာ့ဝန်ထမ်းများက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီက နမ့်ဆန်ကို ဗုံးကြဲတိုက်ခိုက်သောကြောင့် လူအနည်းဆုံး ခြောက်ဦးသေပြီး အခြားသူ ခြောက်ဦး ဒဏ်ရာရကြောင်း တအာင်းအမျိုးသမီးများအဖွဲ့ချုပ် (TWO) က ပြောသည်။
နမ့်ဆန် ဒေသခံ ၂၀၀ နီးပါးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး လားရှိုးရှိ အောင်မင်္ဂလာ နမ့်ဆန် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည်။ အမျိုးသမီးများနှင့် ကလေးများ အများစုပါသည့် ထိုအဖွဲ့သည် အိမ်မပြန်နိုင်သေးသောကြောင့် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေကြောင်း ထိုဘုန်းကြီးကျောင်းမှ ဆရာတော်က ဧရာဝတီ သတင်းဌာနသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က မိန့်သည်။
“လူ ၂၃၀ ထဲက ၅၀ လောက်တော့ အိမ်ပြန်သွားပေမယ့် ကျန်တဲ့သူတွေက ပြန်ရင် အန္တရာယ် ရှိတယ်ထင်လို့ ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်ခိုလှုံနေတယ်။ (ဗုံးကြဲခံရလို့) တချို့သူတွေက အိမ်မရှိတော့ဘူး” ဟုလည်း ဆရာတော်က မိန့်သည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများကြောင့် နမ့်ဆန်တွင် အိမ်၊ ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်း ၆၀ ကျော် ပျက်စီးကြောင်း စေတနာ့ဝန်ထမ်းများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Specter of Junta Warplanes Turns Myanmar’s Namhsan Into Ghost Town ကို ဘာသာပြန်သည်။)
You may also like these stories:
နမ့်ဆန်မြို့ကို TNLA သိမ်းပိုက်
နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ
နမ့်ဆန်တွင် စစ်ကောင်စီတပ်ကို TNLA ဝိုင်းပတ်ပိတ်ဆို့ထား