ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဘုရားပေါ် စစ်ရှောင်စခန်းသို့ ယမန်နေ့ ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပစ်လိုက် သည့် လက်နက်ကြီးကျည်ကျ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး အပါအဝင် ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
မောင်အေးထွန်းနိုင်(၃နှစ်)၊ မောင်ကျော်မင်းစိုး( ၉ နှစ်)၊ မယုလှိုင်မိုး(၁၀နှစ်)၊ မအေးသန်းကြည်(၁၁နှစ်)၊ ဒေါ်စိန်ဝါနု (၅၀နှစ်)တို့ သေဆုံးကာ မဆန်းနွယ်(၃၀နှစ်)၊ ဒေါ်အကျော့မေ(၄၂နှစ်)တို့မှာ ဒဏ်ရာရခဲ့ကြောင်း မြို့ခံများက ပြောသည်။
မြောက်ဦးမြို့ခံတဦးက “သူတို့ စစ်ရှောင်စခန်းထဲမှာ အိပ်နေကြတဲ့အချိန် လက်နက်ကြီးလာကျတာ။ ကလေး ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကတော့ အဲဒီမှာ တခါတည်းဆုံးသွားတယ်။ နောက်ကလေး ၁ ယောက်က ဆေးရုံကိုပို့တဲ့လမ်းမှာ ဆုံးတယ်။ နောက် တယောက်ကတော့ ဒီနေ့ မနက်မှာပဲ ဆေးရုံမှာ ဆုံးသွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့ပေါ် ဘုရားပေါ် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၈၀ ၊ လူဦးရေ ၂၆၀ ကျော် ရှိပြီး လက်ရှိတွင် အဆိုပါ စစ်ရှောင်စခန်းမှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောက်ဦးမြို့ အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။
မြောက်ဦးမြို့မ ရဲစခန်းနှင့် ရဲစခန်းရှေ့ ငွေတောင်ပေါက်တံတားအနီးရှိ စစ်ကောင်စီစခန်းကုန်းကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ရက္ခိုင့် တပ်တော် ( AA ) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီစခန်းကုန်းကို AA က သိမ်းပိုက်ရရှိခဲ့သလို မြောက်ဦးမြို့မ ရဲစခန်းနှင့် ခရိုင် ရဲစခန်းတို့ကိုကိုလည်း ယမန်နေ့ ညပိုင်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့မှ သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ ၊ ခမရ ၃၇၇ ၊ ခမရ ၃၇၈ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များကို တောက်လျောက် ပစ်ခတ်ခဲ့သည့်အတွက် ဒီဇင်ဘာ ၂၄ ရက်မှ ယနေ့အထိ သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိလာပြီ ဖြစ်သည်။
မြောက်ဦးမြို့ခံတဦးက “ မြို့မရဲစခန်းနဲ့ ခရိုင်ရဲစခန်းက ကပ်ရပ်ရှိတာ။ မနေ့က ညနေပိုင်း ရဲစခန်းကို AA က တိုက်ခိုက်တဲ့ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ အနီးအနားက အဆောက်အဦတွေလည်း ပျက်စီးတယ်။ ရဲစခန်းမှာရှိတဲ့ အိမ်ထောင် သည် အမျိုးသမီးတွေကိုပါ စစ်ကောင်စီက သေနတ်ကိုင်ခိုင်းပြီးတော့ ခုခံခိုင်းတယ်လို့ ပြောတယ်။ ရဲစခန်းကို သိမ်းတဲ့ အချိန် အိမ်ထောင်သည် အမျိုးသမီးပါ တိုက်ပွဲမှာ ပါဝင်လို့ သေဆုံးတာတွေရှိတယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ အခုကတော့ အဲဒီအနီးမှာ အရပ်သားတွေလည်း မရှိကြတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဒီဇင်ဘာလ ၂၅ ရက်ကလည်း စစ်ကောင်စီသည် မြောက်ဦးမြို့ နန်းတော်ရာကုန်းပေါ်ရှိ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ပေါ်သို့ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့သည့်အတွက် ယဉ်ကျေးမှုပြတိုက် အပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ယင်းကဲ့သို့ ရခိုင်လူမျိုးများ၏ သမိုင်းဝင် အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုလက်ရာများကို ဖျက်ဆီး သော စစ်ကောင်စီတပ်အား မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
လက်ရှိအခြေအနေတွင် မြောက်ဦးမြို့ခံများသည် တိုက်ပွဲကြောင့် မြို့လုံးကျွတ် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကာ မြို့ပေါ်တွင် လူသူကင်းမဲ့ပြီး ခြောက်ကပ် တိတ်ဆိတ်နေကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲကြောင့် မြောက်ဦးမြို့လုံးကျွတ် ထွက်ပြေး
ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ
ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ
ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား