မိမိတို့ကိုယ်တိုင် အုပ်ချုပ်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး မလျော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မိုင်းလားအဖွဲ့အဖြစ် လူသိများသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကပြောဆိုလိုက်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ရှိ မိုင်းလားမြို့၌ ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် မိုင်းလားအဖွဲ့၏ ၂၀၂၃ ခုနှစ် လုပ်ငန်းနှစ်ချုပ် အစည်းအဝေးတွင် NDAA ၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။
မိုင်းလားအဖွဲ့၏ ဦးဆာင်မှုအောက်တွင် ငြိမ်းချမ်း ရေးလမ်းစဥ်ကို ဆက်လက်လျှောက်လှမ်းကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင် (၃) ခုအား တစုတစည်းတည်းထားရှိပြီး ဒေသ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် မိမိကိုယ်ကို အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ကြိုးပမ်းသွားမည်ဟု အစည်အဝေးတွင် ပြောသည်။
ဦးကြည်မြင့် က “ဒေသက ကျနော်တို့ဒေသလေ။ သူတို့ရဲ့ဖွဲ့စည်းပုံအရဆိုရင် ၃ ပိုင်းခွဲပစ်လိုက်တယ်။ ကျနော်တို့က ၈၉ ငြိမ်းချမ်းရေးရပြီးနောက်မှာ မိုင်းလားဒေသတခုလုံးကို ဆီလူးတို့ နမ့်ပန်းတို့ မိုင်းလားတို့ကို အထူးဒေသသတ်မှတ်ပေးတယ်။ ဒါပေမယ့် ထွေအုပ်ဖွဲ့စည်းပုံမှာဆိုရင် ၃ ပိုင်းခွဲပြီးမှ မိုင်းလားခရိုင်တခုပဲ ကျနော်တို့ကို ပေးထားတာ။ အဲဒါမရဘူးလို့။ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းဆိုချက်ပေါ့။ နဂိုကတည်းက တောင်းဆိုချက်အတိုင်း ဆက်လက် တောင်းဆိုသွားမယ်။ အခြေခံဥပဒေပြင်သင့်တယ်ပေါ့။ ကျနော်တို့ အထူးဒေသ ၄ နေရာကို ပြည့်ပြည့်စုံစုံပေးဖို့ ကြိုးစားမယ်ဆိုတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
မိုင်းလားအဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့အမည်မှာ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ (PSC) ဖြစ်ပြီး လက်နက်ကိုင်တပ်မှာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ဖြစ်သည်။
NDAA အဖွဲ့ကို ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသမှ ခွဲထွက်လာသော ဦးစိုင်းလင်းက ဦးဆောင်ကာ အခြားတိုင်းရင်းသားများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁၉၈၉ ခုနှစ် ဇွန် ၃ဝ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။
မိုင်းလားအဖွဲ့၏ ဆီလူးခရိုင်သည် စစ်ကောင်စီ၏သတ်မှတ်ချက်တွင် မိုင်းယန်းမြို့နယ်အောက်၌ အကြုံးဝင်နေပြီး နမ့်ပန်းခရိုင်သည် စစ်ကောင်စီ၏ သတ်မှတ်ချက်တွင် မိုင်းယုနှင့် မိုင်းယောင်းမြို့နယ်ထဲ အကြုံးဝင်နေကြောင်း ဦးကြည်မြင့်က ရှင်းပြသည်။
မိုင်းလားအဖွဲ့၏ ဆီလူးခရိုင်နှင့် နမ့်ပန်းခရိုင်တို့သည် စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဌာန၏ မြို့နယ်သတ်မှတ်ချက်များအောက် ထည့်သွင်းထားသော်လည်း လက်တွေ့တွင်မူ မိုင်းလားအဖွဲ့ကသာ စိုးမိုးထိန်းချုပ်ထားသည့် ဒေသများဖြစ်သည်။
ဦးကြည်မြင့်က “မိုင်းလားက မြို့အကွက်ကလေးပဲ ကျန်နေတယ်။ ဒါက မသင့်တော်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား ညီအကို အချင်းချင်းမှာ တကယ်ဖြူစင်တဲ့စိတ်နဲ့ လုပ်ပေးရမှာပါ။ ဒါကြောင့် အခြေခံဥပဒေကို ပြင်သင့်တယ်လို့ ကျနော်တို့ ထပ်ခါထပ်ခါတောင်းဆိုနေတာပါ” ဟု ဆိုသည်။
မိုင်းလားအဖွဲ့သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီဥက္ကဌအပါအဝင် စစ်ကောင်စီ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများရှိသလို မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင်လည်း အဖွဲ့တဖွဲ့အဖြစ်ပါဝင်သည်။
မိုင်းလားအဖွဲ့ (NDAA) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး MNDAA အဖွဲ့တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနကို မိုင်းလားမြို့၌ ပြုလုပ်ခွင့်ပေးခဲ့ဖူးသည်။