စစ်ကောင်စီနှင့် တရုတ်အစိုးရပိုင်လုပ်ငန်း CITIC တို့သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရပ်တန့်နေသည့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကြိုးစားသည့်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး သဘောတူညီချက် နောက်ဆက်တွဲစာချုပ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးကြသည်။
ထိုလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာ အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရုံးဝန်ကြီး ဦးအောင်နိုင်ဦး အပါအဝင် စစ်ကောင်စီ ထိပ်တန်းအရာရှိများနှင့် တရုတ်သံရုံးမှ သံတမန်များ တက်ရောက်သည်။
CITIC ဥက္ကဋ္ဌ အပါအဝင် အမှုဆောင်များလည်း ထိုအခမ်းအနားသို့ တက်ရောက်သည်။
CITIC မြန်မာ ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုလီမိတက်နှင့် မြန်မာစစ်ကောင်စီ ကျောထောက်နောက်ခံပြု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်နေသည်။
ထို့နောက်ဆက်တွဲစာချုပ်ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ လျှောင် ချွမ်ရှင်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းတို့ လက်မှတ်ရေးထိုးသည်။
ထိုနောက်ဆက်တွဲစာချုပ်၏ အသေးစိတ်များကို လူသိရှင်ကြား ကြေညာခြင်း မရှိပေ။
စစ်ကောင်စီသည် တရုတ်ဘက်က ထိုလုပ်ငန်း ဆက်လက် လုပ်ကိုင်ရေးအတွက် နောက်ဆက်တွဲ စာချုပ်တွင် လိုက်လျောမှုများစွာ ပြုလုပ်ထားဖွယ်ရှိကြောင်း စီးပွားရေးသုတေသီများက ပြောသည်။
စီမံကိန်း၏ အစုရှယ်ယာပိုင်ဆိုင်မှု အပြောင်းအလဲ မရှိပေ။ အကြိမ်ကြိမ် ညှိနှိုင်းပြီး ၂၀၁၈ ခုနှစ်က သဘောတူထားသည့်အတိုင်း CITIC က ရင်းနှီးမြှုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် ယူနန်ပြည်နယ်၊ ကူမင်းနှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်သော ကီလိုမီတာ ၁,၇၀၀ ရှည်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ဘဏ္ဍာငွေခွဲဝေမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖြစ်ပြီး ဆိပ်ကမ်းအတွက် ဘဏ္ဍာငွေခွဲဝေမှုသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံဖြစ်သည်။ ထို အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မဒေးကျွန်းတွင် မြေ ၁၅၀ ဟက်တာနှင့် ရမ်းဗြဲကျွန်းတွင် မြေ ၉၆ ဟက်တာ အသုံးပြုသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလက ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်များ ဗဟိုကော်မတီ အစည်းအဝေးတခုတွင် ကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ထိုအထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်စတင်ရန် ပြောသည်။ ထိုအစည်းအဝေးတွင် လုပ်ငန်းလုပ်ကိုင်ခွင့်စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပိုမိုရှင်းလင်းစွာ ဖွင့်ဆိုရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောသည်။
“နှစ်ဘက်လုံး၏ လုပ်ပိုင်ခွင့်၊ တာဝန်များနှင့် ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုရှင်းလင်း တိကျစွာ နားလည်ရေးအတွက် ယခု နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးသည်” ဟု စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသော်လည်း အခြားအသေးစိတ်များ မပါပေ။
ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တွင် ညီနောင်မဟာမိတ်များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီ အထိနာနေချိန်တွင် ယခု နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ စစ်ကောင်စီသည် တရုတ်နှင့် နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် သြဇာကြီးမားသော တရုတ်ထံမှ အကူအညီ အကြီးအကျယ် လိုအပ်နေသည်။
ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှ တိုက်ပွဲများကြောင့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာမှ ရပ်ဝန်းနှင့်ပိုးလမ်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေသည်။ တရုတ်သည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များအကြား ဆွေးနွေးပွဲ နှစ်ကြိမ် ကြားဝင်ဆောင်ရွက်ပေးသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီသည် နှစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ ကျယ်ပြန့်သောဒေသများကို လျင်မြန်စွာ ဆုံးရှုံးသည်။
အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာကို တရုတ်က တိုက်ရိုက် အသုံးပြုနိုင်စေသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်း ဖြစ်ပြီး တရုတ်သည် တင်သွင်းသည့် ရေနံများ မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ ရရှိကာ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် တိုးတက်မှုကို တွန်းအားပေးသည်။
၂၀၁၅ ခုနှစ်တွင် CITIC သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် တင်ဒါ ရရှိပြီး မူဘောင်သဘောတူညီချက်ကို ယခုအခါ ဖြုတ်ချခံလိုက်ရပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ် ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်။
ရှယ်ယာပိုင်ဆိုင်မှုနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်များကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ထိုးသော်လည်း ထိုစီမံကိန်းသည် ကိုဗစ်နိုင်တင်းကြောင့် နှောင့်နှေးနေကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဦးအောင်နိုင်ဦးနှင့် မစ္စတာ လျှောင် ချွမ်ရှင်တို့ သတင်းစာ ရှင်းလင်းသည်။
စီမံကိန်းကို အလျင်အမြန် စတင်ရန် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းတို့က ပြောသည်။ ပြီးစီးပါက ထိုစီမံကိန်းသည် အာရှ၊ အာဖရိနှင့် ဥရောပမှ ဈေးကွက်များကို ဆက်သွယ်သည့် ကုန်သွယ်ရေး အချက်အချာ ဖြစ်လာပြီး မြန်မာနှင့် ဒေသတွင်း လူမှုစီးပွားတိုးတက်မှုကို တွန်းအားပေးကာ ကမ္ဘာသို့ ဆက်သွယ်သည့် လမ်းကြောင်းသစ် ဖြစ်လာမည်ဟု ၎င်းတို့က ပြောသည်။
ဦးအောင်နိုင်ဦး၏ ပြောဆိုချက်များရှိသော်လည်း ဒေသခံများက ထိုစီမံကိန်းသည် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေမည်ဟု ပြောဆိုပြီး လွန်ခဲ့သောနှစ်ကုန်အထိ ဆန့်ကျင်ကန့်ကွက်နေသည်။
ကျောက်ဖြူနှင့် နယ်နိမိတ်ထိစပ်နေသည့် ရမ်းဗြဲမှ တိုက်ပွဲများသည် ထိုစီမံကိန်းကြီး ဆက်လုပ်ရန် ခက်ခဲစေကြောင်း စီးပွားရေး သုတေသီများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta ‘Sweetens Deal’ For China in US$ 8 Billion SEZ And Port in Rakhine State ကို ဘာသာပြန်သည်။)
You may also like these stories:
ကျောက်ဖြူ- ကူမင်းရထားလမ်းစရန် ရဲအစောင့်အရှောက်ဖြင့် တရုတ် မြေတိုင်း
ကျောက်ဖြူတွင် တရုတ်က ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု ဒေသခံများ စိုးရိမ်
“တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားက မြစ်ဆုံ မဟုတ်၊ ကျောက်ဖြူ”
ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း တရုတ် ရှေ့ခြေတလှမ်းတိုး