စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၌ အထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး တရုတ်နှင့် အရှိန်မြှင့်လုပ်ဆောင်ချိန်တွင် စစ်ကောင်စီက ထိုမြို့ကို ပိတ်ဆို့လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရပ်ဆိုင်းနေသည့် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ရေးအတွက် လုပ်ကိုင်ခွင့် နောက်ဆက်တွဲ သဘောတူစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်နိုင်ငံပိုင်လုပ်ငန်း CITIC တို့ နေပြည်တော်တွင် ဒီဇင်ဘာ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
CITIC Myanmar Port Investment Ltd နှင့် စစ်ကောင်စီ ကျောထောက်နောက်ခံပြု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိ တက်က ထိုစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအခါ စစ်ကောင်စီတပ်များသည် ကျောက်ဖြူသို့ သွားသည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားပြီး ကျေးလက် ဒေသတွင် နေထိုင်သူများ အသက်မွေးဝမ်းကျောင်းအတွက်၊ ကုန်ဝယ်ရန်အတွက်သာမက အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုရရန်အတွက်ပင် မြို့သို့ ဝင်ရောက်ခြင်းကို ပိတ်ဆို့ထားသည်ဟု ဒေသခံများက ပြောသည်။
ဝမ်းလျောရောဂါခံစားနေရသည့် ကျောင်းသားတဦးသည် ဆေးကုသမှုခံယူရေးအတွက် သူနှင့်သူ့မိသားစုအား မြို့တွင်း မဝင် ရန် စစ်ကောင်စီတပ်၏ ပိတ်ပင်ခံရပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်သွားကြောင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဒေသခံများက ပြောသည်။
ထိုကျောင်းသား၏ မိဘများသည် ၎င်းအား အင်းကြီးနားကျေးရွာမှ ကျောက်ဖြူ ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ပို့ဆောင်သည်။ သို့သော် စစ်ဆေးရေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့မြို့တွင်း ဝင်ရောက်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက်အထိ တားမြစ်ထားခဲ့သည်။
ကျောက်ဖြူ ဒေသခံတဦးက “သူတို့ခွင့်ပြုတဲ့ အချိန်ရောက်တော့ ကောင်လေးက သေလုမြောပါးဖြစ်နေပြီ။ ဆေးရုံရောက် တော့ သူက လမ်းခရီးဒဏ် နှစ်ည ခံစားရပြီး သေဆုံးသွားပြီ” ဟု ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီတပ်က ထုတ်ပြန်သည့်အမိန့်အရ ကျေးလက်များမှ ဒေသခံများ ကျောက်ဖြူမြို့တွင်း ဝင် ရောက်ခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်အထိ ပိတ်ပင်ထားသည်။
ဒီဇင်ဘာ ၂၆ ရက်တွင် ရဲနှင့် အမှတ် ၃၄ ခြေလျင်တပ်မှ စစ်သားများသည် မြစ်နားတန်းရပ်ကွက်မှ မြစ်ကမ်းတွင် တံငါသည် ၁၅ ဦးကို ဖမ်းဆီးသည်ဟု AA က ထုတ်ပြန်သည်။ ထိုသူများကို စွဲချက်မတင်ဘဲ ကျောက်ဖြူမြို့မ ရဲစခန်းတွင် ဖမ်းဆီးထား ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူ ဒေသခံတဦးက “စစ်ကောင်စီက တရုတ် ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်နေတဲ့ ကျောက်ဖြူမှာ AA က တိုက်ခိုက်ခံရမှာ စိုးရိမ်နေတယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် ပဋိပက္ခအတွင်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အရပ်သား တွေကို အသက်အန္တရာယ် ကျရောက်စေတယ်” ဟု ပြောသည်။
ဒေသခံများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ခံစားရရန် မျှော်လင့်ချက်မရှိသလောက် ဖြစ်နေပြီး ထိုစီမံကိန်းမှာ ပင်လယ်ပြင် ငါးဖမ်းခြင်း အပါအဝင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများအား ဖျက်ဆီးမည်ကိုပင် စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် AA အပါအဝင်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်များနှင့် တိုက်ခိုက်ရာတွင် တရုတ်၏ ထောက်ခံမှုရရန် နည်းလမ်းရှာနေခြင်းသာဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အနီးကပ် စောင့်ကြည့်လေ့လာနေသည့် ရခိုင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။
“စစ်ကောင်စီက ဒီစီမံကိန်းကို တွန်းလုပ်နေပေမယ့် ခြေလှမ်းတိုင်းမှာ AA ရဲ့ သဘောတူညီချက် လိုတယ်။ အဲဒီလို မဟုတ်ရင် အချိန်မရွေး ရပ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များမှ အရပ်သားများကိုလည်း ပစ်မှတ်ထားလျက်ရှိသည်။ ဘူးသီး တောင်မြို့နယ်၊ နွားရုန်းတောင်ကျေးရွာမှ တပ်များသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီ ခန့်တွင် အမြောက်ဖြင့် ၇ ကြိမ်ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတဦး သေဆုံးပြီး ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် အမှတ် ၅၅၀ ခြေလျင်တပ်ရင်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ၎င်းတို့စစ်စခန်းအနီး လယ်ကွင်းများတွင် မြေမြှုပ်မိုင်းထောင်ထားသည်ဟုဆိုကာ လယ်သမားများ စပါးရိတ်ခွင့် ပိတ်ပင်ခဲ့သည်။ ထိုတားမြစ်ဇုန်တွင် စပါးခင်း ဧက အနည်းဆုံး ၂၀ ရှိသောကြောင့် ယင်းလုပ်ရပ်မှာ ဒေသတွင်း ရိက္ခာပြတ်လပ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ် ကဇူခိုင်ကျေးရွာမှ စစ်ကောင်စီ အမြောက်တပ်သည် အထက်ရွာ ဟောင်းသို့ ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များစွာ ပျက်စီးခဲ့ရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Troops Blockade Kyaukphyu as China Hits Accelerator on Rakhine SEZ ကို ဘာသာပြန်သည်။)
You may also like these stories:
ကျောက်ဖြူ- ကူမင်းရထားလမ်းစရန် ရဲအစောင့်အရှောက်ဖြင့် တရုတ် မြေတိုင်း
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်တန့်ရေး ဒေသခံများ ဆန္ဒပြ