မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာခဲ့ပြီး ထိခိုက်သေဆုံးသူ ၁၃၀၀ ကျော်ရှိလာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသည့် လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ (Landmine & Cluster Munition Monitor) ၏ အစီရင်ခံစာအရ သိရသည်။
စစ်တပ် အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်မှစ၍ မိုင်းအရေး ညှိနှိုင်းဆောင်ရွက်မှု ယန္တရားများ ရပ်တန့်သွားခဲ့ရသော မြန်မာနိုင်ငံတွင် မိုင်းနှင့် စစ်အကြွင်းအကျန် ပေါက်ကွဲပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်တွင် ၁၀၈ဦး သေဆုံးပြီး၊ ၂၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သေဆုံးသူ ၃၈၄ ဦးနှင့် ၁၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန် စူဝမ်က “မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာမှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကနေ ရရှိထားတဲ့စာရင်းများအရ ဖြစ်ပါတယ်။ ဒါပေမယ့် ရရှိတဲ့သတင်းအချက်အလက်က မြေပြင်မှာရှိနေနိုင်တဲ့ ကိန်းဂဏန်းတွေနဲ့တော့ ကွာဟနေမှာဖြစ်ပါတယ်။ မြေပြင်မှာက ၂ဆ (သို့မဟုတ်) ၃ ဆလောက် ဖြစ်နိုင်တယ်လို့ ပြောရမှာပါ” ဟု ဒီဇင်ဘာ ၂၈ ရက်က ချင်းမိုင်မြို့၌ ပြုလုပ်သည့် မြေမြှုပ်မိုင်းအစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အစီရင်ခံစာပါ အချက်အလက်များသည် လက်ရှိမြေပြင်တွင်ဖြစ်ပွားနေသော အချက်အလက်များနှင့်နှိုင်းယှဉ်ပါ က နည်းပါးနိုင်ပြီး မြန်မာစစ်တပ်နှင့် စစ်တပ်ဆန့်ကျင်သော အင်အားစုများ၏ မိုင်းအသုံးပြုမှုကြောင့် ထိခိုက် သေ ဆုံးခြင်း၊ တိုက်ပွဲအတွင်း အသုံးပြုရာမှ ထိခိုက်သေဆုံးခြင်းအစရှိသည့် ကဏ္ဍလေးခုဖြင့် ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လူသတ်မြေမြှုပ်မိုင်း အသုံးပြုသည့် တခုတည်းသောနိုင်ငံအဖြစ် နိုင်ငံတကာတွင် ရပ်တည်နေခဲ့ပြီး ၂၀၂၂ ခုနှစ်၌ ရုရှားနိုင်ငံ ပါဝင်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံနေရပြီး အဆိုပါ အရေ အတွက်မှာ ပြီးခဲ့သည့် ၂၀၂၀ ထက် ၆၈ မြို့နယ် တိုးလာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြေမြှုပ်မိုင်းကြောင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း လူပေါင်း ၆၁၇၄ ဦး ထိခိုက် သေဆုံးခဲ့ရကြောင်းနှင့် ဒေသအနေဖြင့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
လက်ရှိတွင် မြေမြှုပ်မိုင်းများကို မြန်မာစစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့ အစည်းများကလည်း အသုံးပြုမှုရှိနေပြီး၊ စစ်တပ်အနေဖြင့် ၎င်းတို့အသုံးပြုမှုကို ထုတ်ဖော်ပြောခဲ့သလို၊ တော်လှန်ရေး အဖွဲ့များမှ စစ်တပ်သုံးသည့် မိုင်းများကို သိမ်းဆည်းရမိခြင်းများရှိကြောင်း Landmine & Cluster Munition Monitor အဖွဲ့က ဆိုသည်။
လက်နက်ကိုင်အဖွဲ့များ သိမ်းဆည်းရမိသည့် မိုင်းများထဲတွင် မြန်မာ့ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံ (ကပစ) က ထုတ်သည့် မြေမြှုပ်မိုင်းများဖြစ်သည့် MM1၊ MM2 ၊ MM3၊ MM5 နှင့် MM6 တို့ ပါဝင် ကြောင်း သိရသည်။
မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးသူများထဲတွင် အမျိုးသား ၅၉ ရာခိုင်နှုန်း ဖြင့် အများဆုံးဖြစ်ပြီး အသက် အရွယ် ခွဲခြား မရနိုင်သူ ၂၃ ရာခိုင်နှုန်း၊ ကလေးသူငယ် ၁၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ရာခိုင်နှုန်း ပါဝင်ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားသည့် စစ်ပွဲများအတွင်း လက်ကျန် မြေမြှုပ်မိုင်းများ မရှင်းလင်းနိုင်သေး၍ ထိခိုက်သေဆုံးမှုများရှိနေစဉ်ပင် ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖြစ်ပွားသောတိုက်ပွဲကြောင့် မြေမြှုပ်မိုင်း အန္တရာယ်မှာ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထိခိုက်သေဆုံးရသူများတွင် စစ်ရှောင် အရပ်သားများအပြင် တော်လှန်ရေး အင်အားစုများလည်း ပါဝင်နေပြီး ယခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမှ ဆေးမှူးတာဝန်ထမ်းဆောင်သည့် ၁၈ နှစ် အရွယ် မဇယ်ရာမီးနာသည် ဆေးကုရန်သွားပြီး ပြန်လာစဉ် စစ်ကောင်စီတပ်က ကျေးရွာအတွင်းထောင်ထားသည့် မိုင်းနင်းမိကာ သေဆုံးခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် ဦးလေးဖြစ်သူ ဦးပေါလူခွန်းမှာလည်း ဘယ်လက်နှင့် ခြေ ထောက်တို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၌ စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကလေး ၄ ဦး သေ ဆုံးခဲ့ရသလို၊ ဧပြီလတွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ မိုင်းနင်းမိ၍ ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက် နက်ပစ္စည်းတွေ (ERW) များကြောင့် သေဆုံးထိခိုက်သူ ၂၀၂၁ ခုနှစ်တွင် ၂၈၄ ဦးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃၉၀ ဦး ရှိခဲ့ ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတဝန်း ပဋိပက္ခအရှိန် မြင့်တက်လာသည့်အလျောက် မြေမြှုပ်မိုင်းများ ပိုပြီးချထားလာကြောင်း ၂၀၂၃ ခုနှစ် ၉ လတာ ကာလအတွင်း၌ပင် တနိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ ၁၅၃ ဦး ဒဏ်ရာရသူ ၇၀၃ ဦး စုစုပေါင်း ၈၅၈ ဦး ရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်ထက် နှစ်ဆကျော်မြင့်တက်လာကြောင်း UNICEF က ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
၁၉၉၇ ခုနှစ်က ဖော်ဆောင်ခဲ့ကြသည့် မြေမြှုပ်မိုင်း တားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သဘောတူစာချုပ်၌ ပါဝင် လက်မှတ်ထိုးထားခြင်း မရှိပေ။