မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် ရာဇဝတ်မှုလုပ်ငန်းများအား ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် အတူ ပူးတွဲတိုက်ဖျက်ရေးဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိ သူ ပဒိုစောတောနီးက ပြောသည်။
၎င်းအနေဖြင့် ယမန်နေ့က ပြောကြားသည့် နှစ်သစ်ကူး မိန့်ခွန်းတွင် အွန်လိုင်းငွေလိမ်မှုကဲ့သို့ ဆိုးရွားသည့် ရာဇဝတ်မှု လုပ်ငန်းများ၏ မြစ်ဖျားခံရာနှင့် အရင်းအမြစ်သည် စစ်ကောင်စီထံက လာခြင်းဖြစ်ပြီး ထိုလုပ်ငန်းများတိုက်ဖျက်ရေး ကြိုဆိုကြောင်းလည်း ပြောဆိုခဲ့သည်။
၎င်းက “ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး ဘာအဖြေမှ ထွက်မလာဘူးဆိုတာ ဒီနေရာကနေ ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ အထူးသဖြင့် တရုတ်နဲ့ထိုင်းတို့နဲ့ လက်တွဲပြီး တော့ မတရားတဲ့လုပ်ငန်းတွေ တိုက်ဖျက်ဖို့ဆိုတာ ကျနော်တို့ အရန်သင့်ဖြစ်နေတယ်ဆိုတာ သတင်းကောင်း ပေးချင် တယ်။ လုပ်ဆောင်ရမယ့်အပိုင်းတွေကို ကျနော်တို့နဲ့ ရင်းရင်းနှီးနှီး လက်တွဲ ဆွေးနွေးတိုင်ပင်ပြီး အဖြေကောင်းတခု ရလာနိုင်တယ်ဆိုတာ ဒီနေရာကပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
KNU တပ်မဟာ-၆ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်သည့် ထိုင်း- မြန်မာနယ်စပ်၊ မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်နှင့် KK Park ကဲ့သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားနှင့် လူကုန်ကူးမှုရာဇဝတ်မှုများဖြင့် နာမည်ဆိုး ကျော်ကြားသည်။
KK Park စီမံကိန်းတွင် KNU ခေါင်းဆောင်အချို့ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပြီး စီမံကိန်း လုံခြုံရေးနှင့် မြေနေရာငှား ရမ်းခကဲ့သို့ ငွေကြေးအကျိုးအမြတ်များပါ ရရှိနေသည့်အတွက် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်အရေးယူပေးရန် ကရင်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုမှုများနှင့် ပတ်သက်ပြီး KNU ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ သား စောဒို့စိုး၊ တပ်မဟာ-၄ မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး စောတင်စိုး (ခ) ပဒိုစောအယ်နာဒိုနှင့် ဗိုလ်မှူးကြီး စောဘချောတို့အား စုံစမ်းအရေးယူမည်ဖြစ် ကြောင်း ယမန်နှစ်ဧပြီလကတည်းက KNU ကထုတ်ဖော် ကြေညာခဲ့သော်လည်း ယနေ့အထိ ပွင့်လင်းမြင်သာစွာ အရေး ယူဖော်ထုတ်ခြင်း မရှိသေးပေ။
ထို့ကြောင့် KNU အနေဖြင့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများ တိုက်ဖျက်ရေး ထုတ်ဖော်ပြောဆိုမှုအပေါ် လက်ခံကြိုဆို သော်လည်း KNU ခေါင်းဆောင်အချို့ KK Park စီမံကိန်းတွင် ပါဝင်မှု ရှိမရှိအား ပွင့်လင်းစွာ ချပြအရေးယူရန် လိုအပ် ကြောင်း တပ်မဟာ-၆ နယ်မြေအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် တဦးက ထောက်ပြသည်။
၎င်းက “အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ KNU ခေါင်းဆောင်ပိုင်းတချို့ ပါဝင်ပတ်သက်ခဲ့ရင်လည်း အရပ်ဘက်အဖွဲ့ အစည်းတွေက လက်ခံမှာ မဟုတ်ပါဘူး။ ပတ်သက်မှုရှိခဲ့ရင် ဥပဒေအရ အပြစ်ပေး အရေးယူတာတွေလုပ်ဖို့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုခဲ့တာရှိတယ်၊ နောက်ဆက်တွဲလည်း ကျနော်တို့ဆက်ပြီး စောင့်ကြည့်နေပါ တယ်” ဟု ပြောသည်။
ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းသည် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် တရုတ်လုပ်ငန်းရှင် She Zhijang တို့ကြား အကျိုးတူ ပူးပေါင်းကာ တည်ထောင်သည့် စီမံကိန်း ဖြစ် သည်။
ထိုစီမံကိန်းသည် အွန်လိုင်း ငွေလိမ်လုပ်ငန်းများနှင့် အဓမ္မခိုင်းစေမှုများ၊ လူကုန်ကူးမှုများနှင့် ပတ်သက်နေသည် ဟု ဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်တွင် ဗိုလ်မှူးကြီး စောချစ်သူ၊ She Zhijang နှင့် စီမံကိန်းတာဝန်ရှိ စောမင်းမင်းဦး ဆိုသူတို့အား ဗြိတိန်နိုင်ငံက ပိတ်ဆို့ အရေးယူမှုစာရင်း ထည့်သွင်းခဲ့သည်။
ရွှေကုက္ကိုလ်စီမံကိန်း ရင်းနှီးမြှုပ်နှံသူ She Zhijang သည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဂျက်ကာပေါင် ဂျန် ပန်းပန်က စစ်ကောင်စီခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဒေသ မြဝတီမြို့နယ် အတွင်းရှိ အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် လာရောက် ဆွေးနွေးပြောဆိုခဲ့သည်။
စစ်ကောင်စီအနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသည့် နေရာများအား အသိပေး ပြောဆို ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောဆိုခဲ့ပြီး အကြမ်းဖက်အဖွဲ့ များအနေဖြင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများအား အမည်ခံသာ တိုက်ဖျက်ရေးလုပ်နေကာ ၎င်းတို့ ကိုယ်တိုင် ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။
ထို့ပြင် “ဒီအွန်လိုင်း လိမ်လည်မှုကိစ္စဟာ ကျနော်တို့ သိမြင်တာတွေထက် ထင်ထားတာထက်အများကြီး ရှုပ်ထွေးနက်နဲ တဲ့ကိစ္စဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။
အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းသာမကဘဲ မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသ လောက်ကိုင်နှင့် “ဝ” ၊ မိုင်းလားဒေသတို့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။
မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည်ပင် အွန် လိုင်းငွေလိမ်လုပ်ငန်းများ တိုက်ဖျက်ရေးအား ရည်မှန်ချက်တခုအနေဖြင့်သတ်မှတ်ထားပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ အခြေစိုက်ရာ လောက်ကိုင်မြို့အား ထိုးစစ်ဆင်လျက်ရှိသည်။
လောက်ကိုင်မြို့အခြေစိုက်လုပ်ကိုင်သည့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် စစ်တပ်သစ္စာခံ ကိုးကန့်ဒေသဦးစီးခေါင်းဆောင်များက ဦးဆောင်လုပ်ကိုင်နေ ကြောင်း တရုတ်အစိုးရက ဖော်ထုတ်ခဲ့ပြီး ဦးပယ်ဆောက်ချိန်နှင့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး(ငြိမ်း) ဝေဆန်း အပါအဝင် စစ်တပ်သစ္စာခံ ကိုးကန့်ခေါင်းဆောင်များအား တရုတ်အစိုးရ ဖမ်းဝရမ်း ထုတ်ထားသည်။
You may also like these stories:
‘မူးယစ်’ နှင့် ‘အွန်လိုင်းလိမ်လည်မှု နိုင်ငံများ’ မှ အာဏာရှင်များ အခြေအနေ မကောင်း
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား