စစ်ကောင်စီ၏ နောက်ဆုံးအချိန် နီးကပ်လာပြီး စစ်အုပ်ချုပ်ရေး ဆန့်ကျင်တိုက်ခိုက်မှုများကို ၂၀၂၄ ခုနှစ်တခုလုံး ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များက ၎င်းတို့၏ နှစ်သစ်ကူး မိန့်ခွန်းများတွင် ကြေညာလိုက်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ချင်းပြည်ကောင်စီ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တသမ္မတ ဒူဝါလရှီးလတို့သည် တော်လှန်ရေး၏ တိုးတက်မှုနှင့် ရှေ့ဆက်သွားမည့်လမ်းကြောင်းများကို ရှင်းလင်းပြောကြားပြီး နှစ်သစ်ကို ကြိုဆိုကြသည်။
တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများက တနိုင်ငံလုံးတွင် ညှိနှိုင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်တပ်များ ပြိုလဲနေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေး အင်အားစုများ၏ အောင်မြင်မှုများသည် လွန်စွာထူးခြားကြောင်း ချီးကျူးပြီး အပြောင်းအလဲဖြစ်စေရန် ယခုနှစ်တွင် ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၂၀၂၄ ခုနှစ်အတွင်း စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားရေး ညီညွတ်စွာ အတူယှဉ်တွဲ ရပ်တည်ကြရန်လည်း ပြည်သူများကို တိုက်တွန်းသည်။
ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက ချင်းပြည်သူများသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး အပါအဝင် စိန်ခေါ်မှု လေးခုနှင့် ရင်ဆိုင်နေရသောကြောင့် ၂၀၂၄ ခုနှစ်သည် ချင်းပြည်သူများအတွက် အရေးကြီးသော နှစ်ဖြစ်ကြောင်း ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) သည် KIO, KNU နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နှင့် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေကြောင်းလည်း ပြောသည်။
ထိုတိုက်ခိုက်မှုများသည် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က အောက်တိုဘာလတွင် စတင်သည့် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးထိုးစစ်ကို အထောက်အကူပြုနေသည်။
ယခုအချိန်ကာလသည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန် အကြီးမားဆုံး အခွင့်အလမ်းဖြစ်ကြောင်း၊ တော်လှန်ရေး အင်အားစုများ အားလုံးသည် ထိုအခွင့်အလမ်းကို ဆုပ်ကိုင်ပြီး အတူတကွ တိုက်ခိုက်ရန် ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက တိုက်တွန်းသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မှ မြို့ပေါင်း အနည်းဆုံး ၁၂ မြို့နှင့် စစ်ကောင်စီ စခန်းပေါင်း ၄၀၀ ကို သိမ်းပိုက်ခဲ့သည်။
ခုခံတော်လှန်ရေးထိုးစစ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းသို့လည်း ပျံ့နှံ့သွားပြီး ထိုဒေသတွင် KIA, AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် မြို့ လေးမြို့ကို သိမ်းယူသည်။ အခြားဒေသတခုတွင် ကရင်နီ တော်လှန်ရေးတပ်များသည် နိုဝင်ဘာလတွင် ၁၁၁၁ စစ်ဆင်ရေးကို စတင်ပြီး အထက်ပါ ထိုးစစ်တွင် ပါဝင်လာကာ ကရင်နီ (ကယား) ပြည်နယ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သည်။ တချိန်တည်းတွင် ချင်းတော်လှန်ရေး အင်အားစုများသည် ချင်းပြည်နယ်မှ မြို့ သုံးမြို့ကို သိမ်းယူသည်။
ပြည်သူလူထု၏ ဆန္ဒကို ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီစခန်းများကို ယခုနှစ်တွင် ဆက်လက် တိုက်ခိုက်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ကြေညာသည်။
နှစ်သစ်သို့ ရောက်လာသောအခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဦးမည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။ စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများကို ပစ်မှတ်ထားနေသောကြောင့် အရပ်သားများအကြား ထိခိုက်သေဆုံးမှု ဆက်လက်ဖြစ်မည်ဟုလည်း ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။
ထိုးစစ်ကို အရှိန်မြှင့်တင်ရန်နှင့် စစ်ကောင်စီ ပြိုလဲစေရန် အရှိန်မြှင့် လုပ်ဆောင်ရေးအတွက် အားထုတ်နေကြောင်း၊ တောင်တန်းဒေသများမှ လွင်ပြင်များအထိ ပူးပေါင်းတော်လှန် တိုက်ခိုက်မှုသည် နယ်မြေများကို သိမ်းပိုက်လာနိုင်ကြောင်း NUG သမ္မတ ဒူဝါလရှီးလက ပြောသည်။
စစ်ကောင်စီ၏ နောက်ဆုံးအချိန် နီးကပ်လာပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
KNU ပြောခွင့်ရသူ ပဒိုစောတောနီးကလည်း ယခုနှစ် စစ်ကောင်စီဖြုတ်ချရေး တိုက်ပွဲတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်ရန် တိုက်တွန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ 2024 Will Be the Year Myanmar’s Junta Collapses: Ethnic Resistance Leaders ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနမူနာ ဖြစ်လာနိုင်သော ပထမဆုံး ချင်းဖွဲ့စည်းပုံအခြေခံဥပဒေ
မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ