ပြည်သူ့အုပ်ချုပ်ရေး စနစ် စတင်ဖော်ဆောင်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အနီးရှိ ဝန်းသိုမြို့မှ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေရာ သေဆုံးသူ ၁၀ ဦးကျော် ရှိလာပြီး လူနေအိမ်များလည်း များစွာပျက်စီးကြောင်း သိရသည်။
ကောလင်းမြိုကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ရက်က တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၅မိုင်ခန့်သာ ဝေးသည့် ဝန်းသိုမြို့ရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများက လက်နက်ကြီးများဖြင့် ယနေ့တိုင် နေ့စဉ် ပစ်နေသဖြင့် ယခုနှစ် ဇန်နဝါရီ ၂ရက်အထိ သေဆုံးသူ ၁၃ ဦးရှိလာကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် နေအိမ်များစွာလည်း ပျက်စီးမှုရှိကြောင်း သိရသည်။
ကောလင်းမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ ၂ ရက်က ဈေးတည့်တည့်ကို လက်နက်ကျတာ အမျိုးသား တဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးတယ်။ ပြည်သူတွေက ဈေးဖွင့်ပြီး ရောင်းဝယ်ဖောက် ကားနေကြတာက ပုံမှန်လိုမျိုး ဖြစ် နေပြီ။ အဲဒါကို ဈေးတည့်တည့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝန်းသိုဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ မြို့သိမ်းပြီးက တည်းက လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်နေတာ” ဟု ပြောသည်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းက ဝန်းသို ခမရ ၁၂၀ က လက်နက်ကြီးဖြင့် ၄ ချက်ပစ်သဖြင့် ထိခိုက်ပျက်စီး မှုများ ရှိသလို၊ ဇန်နဝါရီ ၂ ရက်တွင်လည်း ဟောင်ဝစ်ဇာအမြောက်ဖြင့် ၈ ကြိမ် ပစ်ရာ ၂ လုံးမှာ အရှေ့ဈေးကြီးအတွင်းကျပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရသလို ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄လုံး ထိခိုက်ပျက်စီး ခဲ့သည်။ သေဆုံးသူများတွင် အသက် ၁၇ နှစ်မှ အသက် ၅၅ နှစ် အရွယ်များပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိ ဘဲ စစ်ရေး ပစ်မှတ်မဟုတ်သော ပြည်သူများ စုဝေးရာနေရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဟု တော်လှန်ရေး အင်အားစု များက ဆိုသည်။
ကောလင်းမြို့ခံတဦးက “ကိုယ်မနိုင်လို့ သူများရသွားတဲ့ဟာကို ရှုံးမဲ မဲပြီး လုပ်နေသလိုမျိုးပဲဗျ၊ အခုက ကိုယ့်အိုးကိုယ့် အိမ်မှာ ကောင်းကောင်းမွန်မွန် မနေရဲတဲ့ဘဝမျိုး၊ ပိုဆိုးတာက လမ်းကြောင်းတွေ အကုန်ပိတ်တော့ ကုန်ဈေးနှုန်းကြီးတဲ့ ဒဏ်ကလည်း ခံရသေးတယ်။ ၂ ရက်နေ့က ဈေးမှာဖြစ်တဲ့ ဖြစ်စဉ်ကြောင့် အခုတော့ မြို့ထဲမှာ ခြောက်ကပ်နေတာပဲ” ဟု ပြောသည်။
သေဆုံးသူများကို လူမှုကူညီရေးအဖွဲ့များမှ ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရှိသူများကိုလည်း သက်ဆိုင်ရာ ဆေး အဖွဲ့များမှ ကုသမှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။
NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်တပ်က အရပ်သား ပစ် မှတ်တွေ စစ်ရေးပစ်မှတ်တွေ ဘာမှ ခွဲခြားမှုမရှိတော့ဘဲ ပြည်သူတွေရှိနေမှန်းသိသိနဲ့ ကျောင်း၊ ဈေး၊ ဆေးရုံလို နေရာမျိုး တွေကို တိုက်ခိုက်နေတာဖြစ်တယ်။ ပြည်သူကို ရန်သူလို သဘောထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်တဲ့အတွက် ကောလင်းမြို့မှာ ကျနော်တို့ အုပ်ချုပ်ရေးကို အကောင်းဆုံး ပြန်လည် ထူထောင်နေပေမယ့်လည်း အခက်အခဲအချို့ တော့ ရှိနေဆဲ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဝန်းသိုမြို့နှင့် ကောလင်းမြို့သည် ၅ မိုင်ခန့်သာ ကွာဝေးပြီး ကောလင်းမြို့ပေါ်သို့ ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်များမှ ဟောင်ဝစ်ဇာ အမြောက်နှင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေမှုကြောင့် လူနေအိမ်များလည်း ပျက်စီးမှုရှိနေသလို ဒေသခံ များမှာ စိုရိမ်စိတ်များဖြင့် နေထိုင်ကြရကြောင်း သိရသည်။
ဦးနေဘုန်းလတ်က “ဝန်းသိုမှာက လက်နက်ကြီးအထိုင်တပ်ရှိနေတော့ အဲဒီကနေ ပုံမှန်လိုမျိုး ပစ်နေတာ။ အချို့အရာတွေ ဆိုရင် ပစ်မှတ်တွေ ရသွားတာမျိုး ရှိနိုင်တယ်၊ ဈေးတွေ၊ ဘဏ်တွေနဲ့ နီးစပ်တဲ့နေရာအထိ လက်နက်ကြီးနဲ့ ပစ်တာ မျိုးပေါ့။ NUG အနေနဲ့ အုပ်ချုပ်ရေး မထူထောင်နိုင်အောင်ရယ်၊ ပြည်သူတွေ အေးအေးချမ်းချမ်းနေကြတဲ့ မြင်ကွင်းမျိုး တွေကို မမြင်ချင်တဲ့ အနေအထားနဲ့ လက်နက်ကြီးတွေနဲ့ ထုနေတာမျိုးပဲ” ဟု ပြောသည်။
လက်ရှိ ကောလင်းမြို့သည် စစ်ကိုင်းတိုင်းတွင် ပထမဦးဆုံးအနေဖြင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သော ခရိုင်မြို့ ဖြစ်ပြီး NUG ၏ အုပ်ချုပ်ရေးယန္တရား စတင်နိုင်သည့် ပထမဦးဆုံးမြို့ဖြစ်ကြောင်း ကြေညာထားသလို ကောလင်းရှိ ရပ်ကွက် ၈ ခု၌ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “ပြည်သူတွေက သူ့နည်းသူ့ဟန်နဲ့ တော်တော်များများက အခြေချ နေထိုင်နေပြီဖြစ်တယ်။ အချို့က ညဘက် မအိပ်ရဲသေးလို့ လုံခြုံတဲ့နေရာ သွားအိပ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုး ရှိနေတာကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးနဲ့ထုတာ၊ မြို့ပေါ်မှာ စည်ကားနေတာမျိုး မလိုချင်တာကြောင့် ပြည်သူတွေ မနေရဲ အောင်လို့ လုပ်နေတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၃ နိုဝင်ဘာ ၂၄ ရက်တွင် မင်းတဲကြီးရပ်ကွက်မှ သားအမိသားအဖ ၃ ဦး ထိမှန် သေဆုံး ခဲ့ရသလို အမျိုးသမီးတဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် အင်ဗုဒ်ကုန်းကျေးရွာ ဇီးခြံဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့သလို၊ ၁၉ ရက်တွင် အောင်သပြေ၊ မြို့ကုန်းရပ်ကွက်များပေါ် ကျရာက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၂ ဦး ထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်ပစ်ခတ်မှုတွင် ကောလင်း အရှေ့ခြမ်း ကြိုးကြာဥ ကျေးရွာမှ သံဃာတပါးနှင့် ဒေသခံ ၂ ဦး ဒဏ်ရာများရခဲ့ကြောင်း Kawkinn Info နှင့် ပကဖအဖွဲ့ များက ထုတ်ပြန်ထားသည်။
ဒေသခံတဦးက “လက်နက်ကြီးကတော့ ဆက်တိုက်ထုနေတာဆိုတာ့ လူထုကတော့ ဘေးကင်းအောင် နေရတာပေါ့၊ ၄ ရက်နေ့က ထုတာမှာလည်း လူတွေက ရှောင်နေကြလို့ မထိခဲ့တာ။ မြို့ခံတွေလည်း ညအိပ်သူက နည်းတယ်၊ မနက်ပိုင်းလာ ညပိုင်းကျ အနီးနားကရွာတွေ သွားအိပ်ကြတာ၊ ဈေးရောင်းဈေးဝယ်နဲ့ အလုပ်တွေကတော့ စားဝတ်နေရေးဆိုတော့ အရဲ စွန့်ပြီး လုပ်နေကြရတာပါပဲ” ဟု ပြောသည်။
ကောလင်းမြို့တွင် NUG အနေဖြင့် အိမ်တိုင်း၌ ဗုံးခိုကျင်းများ တူးထားကြရန်၊ သတိဖြင့် နေထိုင်ကြရန်အတွက် အသိပေးနှိုး ဆော်ခြင်းများနှင့်အတူ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်ဆောင်ရွက်နေသလို၊ လေကြောင်းရန်ကာကွယ်နိုင်သည့် လက်နက် များကိုလည်း တတ်နိုင်သမျှ ဖြည့်တင်း တပ်ဆင်ပေးနေကြောင်း NUG ထံက သိရသည်။
NUG ပြောရေဆိုးခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပထမအဆင့် မြေပြင်က စစ်ကြောင်းထိုးပြီး ဝင်မလာနိုင်အောင် စည်းတွေ ကာပြီးတော့ ပြင်ဆင်တယ်။ ကောလင်းက အဲဒီလို စည်းတွေကာပြီး ပြင်ဆင်ထားနိုင်တဲ့အခြေအနေ ရောက်တဲ့အတွက် ကြောင့်မို့ ပြည်သူ့အုပ်ချုပ်ရေး စတင်တယ်ဆိုပြီး ကြေညာလိုက်တာဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းရန်ကတော့ ကျနော်တို့ မြေပြင်မှာ ဘယ်လောက်ပဲ စည်းကာကာ ရှိနေဆဲ အခြေအနေ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူကို ဦးတည်ပြီး တိုက်ခိုက်လျက်ရှိနေခြင်းများသည် စစ်ရာဇဝတ်မှုများသာဖြစ်ပြီး ယင်းဖြစ် စဉ်များကို NUG အနေဖြင့် အသေးစိတ် စောင့်ကြည့်မှတ်တမ်းပြုစုထားပြီး သေဆုံး၊ ကျဆုံးခဲ့ရသူများ တရားမျှတမှုရရှိစေ ရေးအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
ဦးနေဘုန်းလတ်က “လက်ရှိမှာက အရပ်သားပြည်သူ ကလေးသူငယ် သက်ကြီးရွယ်အို အမျိုးသမီး ဘာမှ ခွဲခြားမနေတော့ ဘဲ သူ့ကို ဆန့်ကျင်သူမှန်သမျှ ရန်သူပဲ။ လက်ရှိ သူတို့ကို ဆန့်ကျင်နေတာကလည်း ပြည်သူလူထု တရပ်လုံးပဲဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်သူက သူ့ ရန်သူဖြစ်သွားတဲ့သဘောပဲ။ အဲဒီတော့ ငါ လက်လွှတ်လိုက်ရတဲ့မြို့ ဒီအတိုင်းတော့ လက် လွှတ်မခံဘူး စိစိညက်ညက်ကြေအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ မြို့တွေကို အခုလို ဖျက်ဆီးတာတွေ တောက် လျှောက် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
ကောလင်းမြို့ကို ပြန်လည် ရရှိနိုင်ရန်အတွက် စစ်ကောင်စီက ဝန်းသိုမြို့နယ်ဘက်တွင် လက်နက်ခဲယမ်း၊ လူအင်အားများ ဖြည့်တင်းနေမှုနှင့်အတူ ကောလင်းမြို့ဘက်နှင့် အနီးတဝိုက်သို့ စစ်ကြောင်းထိုးမှုများရှိနေသည်။
ထို့ပြင် ကောလင်းမြို့နယ်အား စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်သည့်အနေဖြင့် ဒီဇင်ဘာ ၂၄ ရက် မှ စတင်ကာ ကောလင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များနှင့် ကောလင်းမှတ်ပုံတင် ကိုင်ဆောင်ထား သူများကို အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ လှည့်ပြန်ခိုင်းခြင်းများ ပြုလုပ်နေသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း သပိတ် ကျင်းမြို့နယ်ကိုးပင်ရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံ များထံက သိရသည်။
You may also like these stories:
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား
ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော