မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အခြေချ စစ်ဗျူဟာရှိရာ ရှမ်းပြည် မြောက်ပိုင်းမိုးမိတ်မြို့ နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာသဖြင့် ဒေသခံအများစုမှာ မြို့ကို စွန့်ခွာတိမ်းရှောင်လျှက်ရှိသည်။
ဇန်နဝါရီ ၅ရက်က မိုးမိတ်မြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ ဆင်ကင်ကျေးရွာ ကျန်ကန်တပ်စခန်းကို တအာင်း တပ်မတော် (TNLA) နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ တိုက် ခိုက်နေသလို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေရာ တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဘေးလွတ်လာရာသို့ ရှောင်နေရခြင်းဖြစ်သည်။
မြို့ခံတဦးက “တိုက်ပွဲတွေကြားမှာ မြေဇာပင်တွေ ဖြစ်ကုန်မှာ ကြောက်လို့ ရှောင်ကြတာ၊ ကျနော့် တသက်မှာ အခုလို မြို့ကို စွန့်ခွာရတာ ပထမဆုံးပဲ၊ မိုးမိတ်က အေးအေးချမ်းချမ်းနဲ့ နေလာတာ အတော် ကြာပြီဗျ။ နီးစပ်ရာတော တောင်တွေ ရွာတွေ မြို့တွေဘက်ကို တိမ်းကြရတာပေါ့” ဟု ပြောသည်။
မိုးမိတ်မြို့သည် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ထိစပ်နေပြီး ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မိုးမိတ်မြို့ အခြေစိုက် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင်တပ်ရင်းနှင့် အမှတ် ၃၄၈ ခြေမြန်တပ်ရင်းတို့ ရှိသည်။
“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ နေ့တိုင်းပဲ၊ ပြည်သူတွေကို စာနာပေးပါလို့ တောင်းဆိုချင်ပါတယ်၊ အခုဆိုရင် မြို့ကြီးက မြို့ပျက်ကြီးလိုပဲ တိတ်ဆိတ်ခြောက်ကပ်နေပြီ၊ အိမ်စောင့်လောက်ပဲ ထားခဲ့ပြီးတော့ တော်တော်များများက မြို့က ထွက်နေကြပြီ” ဟု မိုးမိတ်မြို့ခံတဦးက ပြောသည်။
အဆိုပါ တပ်စခန်းသည် တအောင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသတွင် တည်ရှိပြီး TNLA ၊ ABSDF အမှတ် ၂ စစ် ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းများက ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းမှ စတင် ကာ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဝင်ရောက် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဟု TNLA က ဓာတ် ပုံများနှင့်တကွ သတင်း ထုတ်ပြန်ထားသည်။
မိုးမိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အဲဒီ စခန်းက ခလရ ၂၂၃ ရဲ့ ရှေ့တန်းစခန်းပါ၊ ၃ ရက်နဲ့ သိမ်း ပိုက်နိုင်ခဲ့တာပေါ့၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်၊ စစ်သုံ့ပန်းတော့ မရဘူး၊ စခန်းသိမ်းပြီးတော့လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်၊ စကစက လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေလည်း ရှိတယ်” ဟု ပြော သည်။
အဆိုပါ တိုက်ပွဲအတွင်း ခလရ ၂၂၃ အပြင် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၆၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၈ စသည့် မိုးမိတ်မြို့အခြေစိုက်တပ်ရင်းစခန်းများကလည်း ပစ်ကူပေးခဲ့ရာ လက်နက်ကြီး ၁၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းတွင်းလည်း မိုးမိတ်မြို့နယ် မြစ်ဆုံ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဆင်ကင် (ကျန်ကန်) ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် ၃၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မိုးမိတ်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပါဝင်သော်လည်း ရှမ်းပြည် အနောက်မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်တွင် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အရှေ့ဘက်တွင် မန်တုံ၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့ နယ်ခွဲ၊ တောင်ဘက်တွင် သီပေါ၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသော နယ်မြေတခုလည်း ဖြစ်သည်။
မိုးမိတ်မြို့နယ်သည် ရွှေလီမြစ်ဘေးတွင် တည်ရှိသလို၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိစာရင်းများအရ မြို့တမြို့၊ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာ ၉၇ ရွာ၊ လူဦးရေ ၆ သောင်းခွဲကျော်နေထိုင်ပြီး လမ်းပန်း ဆက် သွယ်ရေးအနေဖြင့် ကားလမ်းသာရှိကာ မိုးကုတ်မြို့နှင့် ၂၈ မိုင်ခန့်သာ ကွာဝေးသည်။
TNLA အနေဖြင့် ဇန်နဝါရီ ၅ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (အကြီး/အသေး) ၇၆ ခုကို သိမ်းပိုက်ခဲ့သလို နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့ စသည့် မြို့ ၆ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထား ပြီး TNLA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၇၃ ရက် အတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီမြို့အပါအဝင် မြို့ပေါင်း ၁၆ မြို့၊ နယ်စပ်ဂိတ် ၅ ဂိတ်၊ တပ်စခန်း ကြီး ငယ်ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ