စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၂၈ ဦးကို ၂ နှစ် နီးပါးကြာသည်အထိ ခြေကျင်းခတ်၍ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း ထောင်အာဏာပိုင်များနှင့် နိုင်ငံရေး အကျဉ်းသားများ ၂ ဖက် တင်းမာမှုဖြစ်ချိန် တွင် ထောင်အာဏာပိုင်များသည် အကျဉ်းသားများထောင်ဖောက်ရန် ကြိုးစားကြံစည်သည်ဟု ဆိုကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူ၍ အကျဉ်းသားများကို သေနတ် ပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်းများကို လုပ်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြိုခွင်းခံခဲ့ရမှုကြောင့် ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNDF) မှ ရဲဘော် ဆလိုင်းရှလွန်ရှန်းထန်းလျန် (ခ) ဗန်ဒိန်း အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈ ဦးနှင့် အခြားအကျဉ်းသား ၁ ဦး တို့ အသက် သေဆုံးခဲ့ပြီး ထောင် ဖောက်ရန်ကြံစည်မှု စွပ်စွဲချက်ဖြင့် နိုင်ငံရေး အကျဉ်းသား ၂၈ ဦးကို ထောင်အာဏာ ပိုင်များက နှိပ်စက်ညှဉ်းပန်းပြီး နောက် ခြေကျင်းခတ်၍ တိုက်ပိတ်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်မှ ဦးသိုက်ထွန်းဦးက ပြောသည်။
ထို့နောက်တွင် အဆိုပါ နိုင်ငံရေးအကျဉ်းသားများအား ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် စွဲချက်တင်ကာ ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့ပြီးနောက် ခြေကျင်းခတ်ကာ တိုက်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “အခုချိန်ထိတော့ တိုက်ပိတ် ထားတုန်း ပဲ။ ခြေချင်းတွေဖြုတ်လိုက်ပြီဆိုတော့ တော်တော်လေးတော့ သက်သာတယ်။ တိုက်ထဲမှာပဲရှိနေတုန်းပဲ။ ၂၀၂၂ ခုနှစ် ၃ လ ပိုင်းထဲကနေ စပိတ်တာဆိုတော့ အခုလာမယ့် ၃ လပိုင်းဆိုရင်တော့ ၂ နှစ်ရှိပြီ။ ရက်ပေါင်း ၆၀၀ ကျော် လောက်ရှိပြီ။ စဖြစ်တဲ့အချိန်မှာတော့ သူတို့မှာ ဒဏ်ရာအနာတရတွေရှိတယ်။ အရမ်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေကိုတော့ ဆေးဝါးကုသမှုပေးပေမယ့် လုံလောက်တဲ့ဆေးဝါးကုသမှုတော့ မရဘူး” ဟု ပြောသည်။
တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားအနေဖြင့် ခြေကျင်းဖြုတ်ပေးရန် ထောင်အာဏာပိုင်များထံ ၄ ကြိမ် တိုင် တင်ပြတောင်းဆိုခဲ့သော်လည်း ရက်ပေါင်း ၆၄၃ ရက်တိတိ ကြာမြင့်ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် ခြေကျင်းခတ်ထားသည်ကို ပြန်လည်ဖြုတ်ပေးခဲ့ကြောင်း သိရသည်။
ဦးသိုက်ထွန်းဦးက “ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ အာဏာပါဝါအသုံးပြုပြီးတော့ ရိုက်နှက်ဖိနှိပ်မှုပြုလုပ် တာတွေ ခြေချင်းတွေကို ၂ နှစ် နီးပါးကြာ ခတ်တာတွေက လူသားတယောက်ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက် တာလည်း ပါတယ်။ လူသားတယောက်ကို အချိန်ကြာမြင့်စွာ ခြေချင်းခတ်တာက သူတို့ခြေထောက်တွေမှာ သံချေးတွေ စားပြီး အနာတရတွေ ဖြစ်နေတယ်။ တချို့ခြေထောက်တွေဆို တော်တော်စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်တယ်” ဟု ပြောသည်။
အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတဦးအား ရက်ပေါင်း ၉၀ ထက်ပို၍ ခြေကျင်းခတ်ခံရပါက ထောင်အာဏာပိုင် များထံ တင်ပြတောင်းဆိုနိုင်ကြောင်း အကျဉ်းထောင်ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးမှာ ၂ နှစ်နီးပါးကြာသည်အထိ ခြေကျင်းခတ်ခံထားရသည်မှာအကျဉ်းထောင်ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ်သည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံရေးပုဒ်မများဖြင့် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်နှင့် အထက်ရှိ သူများဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များအနေဖြင့်လည်း စစ်ဘေးရှောင်နေကြရသူများ ဖြစ်သဖြင့် အကျဉ်းထောင် အတွင်းရှိ အခြေအနေများကို မသိရှိကြကြောင်း ဆိုသည်။
ကလေးထောင်မှ အကျဉ်းသားတဦး၏ မိသားစုဝင်တဦးက “မိသားစုတွေအနေနဲ့က ထောင်ဝင်စာတွေ့နိုင်တာတွေ ပို့နိုင်တာက နည်းတယ်။ စစ်ဘေးရှောင်နေကြရတာဆိုတော့ အသေးစိတ် သိရတာ မရှိဘူး။ သတင်းတွေပဲ နားစွင့်နေ ရတာပါပဲ” ဟု ပြောသည်။
၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံခဲ့ရသူ ၂၅,၇၆၂ ရှိပြီး ထိုအထဲ တွင် ၁၉,၉၂၄ မှာ လက်ရှိအချိန် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
You may also like these stories:
ဗန်ဒိန်း ထောင်ဖောက်ဖို့ အမှန်တကယ် ကြိုးစားခဲ့သလား
ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို
ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာများ နေရပ်အမြန် ပြန်ပို့ရန် ဆန္ဒပြ