အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာလက်နက်ပွဲစား ကျော်မင်းဦးသည် စင်္ကာပူဒေါ်လာ ၅ သိန်းကျော်ကို သတင်းမပို့ဘဲ စင်ကာပူနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းမှုဖြင့် အရေးယူခံရကြောင်း သိရသည်။
Sky Aviator Co. Ltd. တည်ထောင်သူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ (အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်) ကို ငွေသားအဖြစ် မကြေငြာဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးစားခဲ့သည်။
အခြား မြန်မာ ၂ ဦးဖြစ်သော ဝေဆာထွန်းနှင့် ဝင်းမြင့်တို့ နှစ်ဦးသည် ကျော်မင်းဦး၏ ငွေသားများကို ခွဲဝေကိုင်ဆောင်ကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စင်ကာပူရဲဌာနက ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝေဆာထွန်းသည် ကျော်မင်းဦးပိုင်သည့် ဒေါ်လာ ၂ သိန်းခွဲကို ခရီးဆောင် အိတ်အတွင်း သယ်ဆောင်လာပြီး ဝင်းမြင့်သည်လည်း ကျော်မင်းဦး ပိုင်သည့် ဒေါ်လာ ၂၄၉၀၀၀ ကို သူ၏ ခရီးဆောင်အိတ်အတွင် သယ်ဆောင်လာသည်။ ကျော်မင်းဦးသည် သူနှင့်အတူ ဒေါ်လာ ၉၉၂၅ ယူဆောင်လာသည်။
၎င်းတို့ သုံးဦးသည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာသည့် ပမာဏသည် သတ်မှတ်ထားသည့် ကန့်သတ်ချက် စင်ကာပူဒေါ်လာ ၂၀,၀၀၀ ကျော်လွန်နေသည်ကို သိရှိသော်လည်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အရာရှိထံ သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
အဆိုပါ ပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်နှင့်/သို့မဟုတ် ငွေဒဏ် စင်ကာပူဒေါ်လာ ၅၀,၀၀၀ အထိ ချမှတ်နိုင်သည်။
ကျော်မင်းဦး ဒေါ်လာ တသောင်း ဒဏ်ရိုက်ခံရပြီး ဝေဆာထွန်းနှင့် ဝင်းမြင့်တို့ ဒေါ်လာ ၅၀၀၀ စီ ဒဏ်ရိုက်ခံရသည်။
“သူ (ကျော်မင်းဦး) က စစ်တပ်ကို နှစ်ပေါင်းများစွာ ထောက်ပံ့နေခဲ့တဲ့ ဦးတေဇရဲ့ စီးပွားရေး မိတ်ဖက်တဦးလို့ လူတိုင်းသိပါတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးပိုင်က ပြောသည်။
ကျော်မင်းဦးသည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် သို့မဟုတ် တရားမဝင် ရောင်းဝယ်မှုများ ပြုလုပ်ရန် ငွေခိုးသယ်ခြင်း ဖြစ်နိုင်ကြောင်း ဦးပိုင်က ပြောသည်။
“တရားမဝင် အရောင်းအဝယ်တွေ ဒါမှမဟုတ် ကုန်သွယ်မှုတွေမှာ တိုက်ရိုက်လက်ပြောင်းလက်လွှဲလုပ်ရတဲ့ ငွေပေးချေသူတွေသာ ဒီလိုငွေအမြောက်အများ လက်ထဲမှာ သယ်ဆောင်လာတာပါ” ဟု ၎င်းက ဆိုသည်။
ယခင်က ခရိုနီသူဌေးကြီး ဦးတေဇတွင် လုပ်ကိုင်ခဲ့ဖူးသည့် ကျော်မင်းဦးသည် နှင့် ၎င်း၏ကုမ္ပဏီ Sky Aviator မှတဆင့် ရုရှားနှင့် ယူကရိန်းတို့မှ မြန်မာစစ်တပ် ဝယ်ယူထားသော ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအတွက် စက်ပစ္စည်းကိရိယာများ ဝယ်ယူ ထောက်ပံ့ပေးခဲ့သည်။
သူသည် စင်ကာပူတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကုမ္ပဏီငါးခု မှတ်ပုံတင်ခဲ့ပြီး Justice for Myanmar အဖွဲ့က ၂၀၁၉ ခုနှစ် သြဂုတ်လတွင် လေတပ်ဦးစီးချုပ်ထံ သူ ပေးပို့ခဲ့သည့် စာတစောင်ကို ဖွင့်ချ ဖော်ထုတ် ပေါက်ကြားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ထိုကုမ္ပဏီအားလုံးမှ နုတ်ထွက်ခဲ့သည်။
ကျော်မင်းဦးနှင့် သူ့ကုမ္ပဏီကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌ အမေရိကန်က နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။
You may also like these stories:
စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း
တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် NUG ကတိပြု
နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို
ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်