အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ယခုလအတွင်း လာအိုနိုင်ငံ၊ လောင်ပရာဘန်တွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ဝါရင့်သံတမန်တဦးကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလီယမ်ဆေး ကွမ်မာဆစ်သ်က နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း မစ္စတာ အလောင်ကီယို ကစ်တီခွန်းကို အထူးသံတမန်အဖြစ် ခန့်လိုက်ကြောင်း အဆက်အသွယ်ကောင်းသည့် သံတမန် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်း PBS သတင်းဌာနက ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။ မစ္စတာ အလောင်ကီယိုကို ခန့်အပ်ကြောင်း လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနက အဖွဲ့ဝင်နိုင်ငံများကို အကြောင်းကြားထားသည်။ သူသည် ထိုတာဝန်ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တာဝန်ယူသည်။
လာအိုနိုင်ငံသည် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ပထမဆုံး အရေးပါသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လောင်ပရာဘန်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့၌ ကျင်းပရန် ပြင်ဆင်နေချိန် မစ္စတာ အလောင်ကီယိုကို ခန့်အပ်ခြင်းဖြစ်သည်။
မစ္စတာ အလောင်ကီယိုသည် အထူးသံတမန်အဖြစ် ထမ်းဆောင်ရန် အတွေ့အကြုံများစွာ ရှိသည်။ သူသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ လာအို အမြဲတမ်းကိုယ်စားလှယ်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၁၆ ခုနှစ်တွင် လာအိုက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ် လာအို၏ အာဆီယံရေးရာ ထိပ်တန်းတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
သူသည် မဲခေါင်မြစ်ဝှမ်း ကော်မရှင် (MRC) အမှုဆောင်အရာရှိ သူ၏သား အနိုလက်နှင့်အတူ “နိုင်ငံငယ်များနှင့် မဟာသံတမန်ရေး – ကုလသမဂ္ဂ၊ အာဆီယံနှင့် မဲခေါင်မြစ်ဝှမ်းကော်မရှင်မှ လာအို” (Small Countries, Big Diplomacy: Laos in the UN, ASEAN and MRC) ကို ၂၀၂၁ ခုနှစ်တွင် ပူးတွဲရေးသားသည်။
သို့သော် အထူးသံတမန်အဖြစ် မစ္စတာ အလောင်ကီယိုသည် အရေးပါပြီး မအောင်မြင်နိုင်သည့် စိန်ခေါ်မှုဖြစ်သော အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးအတွက် တာဝန်ပေးအပ်ခံရသည်။ မြန်မာစစ်တပ် အာဏာသိမ်းပြီး သုံးလအကြာတွင် သဘောတူခဲ့သည့် ထိုဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေး၊ နိုင်ငံ၏ ပဋိပက္ခတွင် ပါဝင်သူအားလုံးပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနှင့် လိုအပ်နေသည့် ပြည်သူများကို လူသားချင်းစာနာမှု အကူအညီပေးရေးတို့ကို တောင်းဆိုထားသည်။
ပထမ ရည်မှန်းချက် နှစ်ခု အောင်မြင်နိုင်ခြေကို ထိုစဉ်ကပင် မေးခွန်းထုတ်ခဲ့ကြပြီး မြန်မာရှိ မြေပြင်ပကတိ အခြေအနေမှ ဖယ်ထုတ်ထားကြသည်။ မြန်မာတွင် စစ်ကောင်စီနှင့် ကျယ်ကျယ်ပြန့်ပြန့် အခြေခံထားသည့် တော်လှန်ရေးလှုပ်ရှားမှုသည် နိုင်ငံအနာဂတ်အတွက် သူသေကိုယ်သေ တိုက်ခိုက်နေကြသည်။
ထိုသို့သော အခြေအနေတွင် စစ်တပ်နှင့် ကျယ်ပြန့်သော အတိုက်အခံ တပ်ပေါင်းစုအကြား ညှိနှိုင်းပြီး နိုင်ငံရေးအရ ဖြေရှင်းခြင်းသည် လက်တွေ့မကျဘဲ စစ်ကောင်စီကို တိုက်ခိုက်နေသူများ၏ တော်လှန်ရေး ရည်မှန်းချက်ကို အလေးမထားရာ ရောက်သည်။
တနည်းအားဖြင့်ဆိုပါက ထိုဘုံသဘောတူညီချက်၏ ဝေဝါးမှုသည် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖရိုဖရဲအကျိုးဆက်ကို မည်သို့ တုံ့ပြန်မည်နှင့် ပတ်သက်ပြီး အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို ထင်ဟပ်နေသည်။ ထိုသဘောထားကွဲလွဲမှုများသည် သုံးနှစ်နီးပါးအတွင်း ပိုမိုနက်ရှိုင်းလာခြင်း မရှိဟု ဆိုလျှင်ပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
လွန်ခဲ့သောနှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် မလေးရှားနှင့် ဖိလစ်ပိုင်တို့နှင့်အတူ ပိုမိုတက်ကြွသည့် အာဆီယံ၏ အခန်းကဏ္ဍကို တွန်းအားပေးပြီး စစ်ကောင်စီက ဆန့်ကျင်သည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာမှ အတိုက်အခံများနှင့် တိုက်ရိုက်ဆွေးနွေးပွဲများ ကျင်းပသည်။
သို့သော် ထိုပဋိပက္ခတွင် ပိုမိုတက်ကြွစွာ ပါဝင်ခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ချိုးဖောက်သည်ဟု မြင်သည့်အုပ်စုတွင် လာအိုသည် အခိုင်အမာ ပါဝင်နေသည်။ ထို့ကြောင့် အထူးသံတမန်အနေဖြင့် သူ၏ အခန်းကဏ္ဍတွင် လုပ်ဆောင်နိုင်သည်များကို အလိုအလျောက် အကန့်အသတ် ဖြစ်စေသည်။
မြန်မာစစ်တပ်၏ ခေါင်းမာမှုကို သိမြင်နားလည်ပြီး မြန်မာနှင့်ပတ်သက်သည့် နည်းလမ်းချမှတ်ရာတွင် ယခင်နှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် လာမည့်နှစ် ဥက္ကဋ္ဌ မလေးရှားတို့၏ ထောက်ခံမှုကို ရယူရမည် ဖြစ်သော်လည်း မြန်မာပြဿနာသည် သတိထား လုပ်ကိုင်သည့် သဘောသဘာဝရှိသော အာဆီယံသာမက မည်သည့် ပြင်ပ အင်အားကြီးနိုင်ငံမှ မထိန်းချုပ်နိုင်လောက်အောင် အရှိန်ရနေပြီဖြစ်သည်။
“အလောင်ကီယိုက အရည်အချင်းနဲ့ အတွေ့အကြုံရှိ သံတမန်ဖြစ်ပေမယ့် မြန်မာမှာ နောက် ဘာဆက်ဖြစ်မယ် ဆိုတာကို ပုံဖော်ဖို့ စစ်မှန်တဲ့ အာဆီယံ သံတမန်ရေး အလားအလာ မရှိဘူး” ဟု အမေရိကန် သံတမန်ဟောင်း မစ္စတာ စကော့ မာစီရယ်က ယခင် Twitter ဟု ခေါ်သည့် X လူမှုကွန်ရက်တွင် ရေးသည်။ “အဖွဲ့က သဘောထားကွဲလွဲနေပြီး မြန်မာနိုင်ငံ ပကတိအခြေအနေကို မထင်ဟပ်တဲ့ အဖြေကို ရှာနေတယ်” ဟုလည်း ၎င်းကရေးသည်။
မြန်မာ စစ်မြေပြင်မှ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရ လာအိုသည် မြန်မာစစ်ကောင်စီ အလုံးစုံ ပြိုလဲမှုအား မည်သို့တုံ့ပြန်မည်ကို စဉ်းစားရန် အချိန်ပိုပေးရနိုင်သည်။
ကိုးကား ။ ။ The Diplomat သတင်း ASEAN Chair Laos Appoints Special Envoy on Myanmar
You may also like these stories:
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း