ရှမ်းပြည်မြောက်ပိုင်း၌ အရေးနိမ့်နေသော စစ်ကောင်စီသည် ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဝတ်စုံဝတ်ထားသူတဦးမှ စေတီတဆူကို ဖျက်ဆီးနေသည့် ရုပ်သံကို အကြောင်းပြု၍ ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဘာသာရေးအကြမ်းဖက်မှု လုပ်နေကြောင်း “ကမ္ဘာသူ ကမ္ဘာသားများ” အစချီ ကာ ဘာသာရေးပဋိပက္ခပုံစံ ဖန်းတီးလှုံ့ဆော်နေသည်ကို တွေ့ရသည်။
အဆိုပါစေတီသည် လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာမြောက်ဘက်ရှိ ပွိုင့်-၂၂၀၂ တောင်ကုန်းပေါ်တွင် ၂၀၁၅ ခုနှစ် လောက်ကိုင်စစ်ပွဲအပြီးတွင် တည်ထားသော စေတီဖြစ်ကြောင်း သိရသည်။
ထိုဖြစ်ရပ်အပေါ် MNDAA ကလည်း လက်အောက်ငယ်သားတဦး၏ ပုဂ္ဂိုလ်ရေးအရ ညံ့ဖျင်း သော လုပ်ရပ်အတွက် လွန်စွာ တောင်းပန်ကြောင်းနှင့် ကျူးလွန်သူအား အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဇန်နဝါရီ ၉ ရက်က ကြေညာချက် ထုတ်ပြန်အသိပေးခဲ့သလို လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆန့်ကျင်ခြင်းနှင့် ဘာသာရေး အဆောက်အအုံ ဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံးဝမရှိခဲ့ကြောင်းနှင့် အကာအကွယ်ပေးရန်သာ ညွှန်ကြားထားကြောင်းလည်း ဆိုသည်။
သို့သော် ထိုဖြစ်ရပ်အပေါ် အခြေခံကာ ဗုဒ္ဓဘာသာဝင်များအပေါ် စော်ကားတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လှုံ့ဆော်ပြောဆိုသည့်အပြင် စစ်တပ်ထောက်ခံသူများကလည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စေတီအားထုရိုက်သည့်လုပ်ရပ်အပေါ် ဆန့်ကျင်ကြရန် ဆန္ဒပြခဲ့ကြသည်။
ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို သာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရာ ရှမ်းပြည်နယ်နဲ့နီးစပ်တဲ့ တိဘက်ဒေသ၊ ယူနန်ဒေသစတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်များ အားလုံးကို စော်ကားလိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲလုပ်ကာ ၎င်းတို့၏ မီဒီယာများမှတဆင့် ပြောဆိုပြန်သည်။

ထို့ပြင် မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်းရှိ ဘုန်းကြီးကျောင်းအား ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မောင်းသူမဲ့ လေယာဉ် Drone များ အသုံးပြု၍ ညီနောင်မဟာမိတ်အဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားသည်။
သို့သော် မြန်မာသံဃာတော်တချို့က စစ်ကောင်စီအနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ကြောင့် မြို့များနှင့် တပ်စခန်းများ ရာချီဆုံးရှုံး အထိနာနေချိန် ယခုလို ဘာသာရေးပဋိပက္ခဖြစ်စေရန် ပုံဖော်လှုံ့ဆော်လာမှုအပေါ် စစ်တပ်အနေဖြင့် စစ်ရှုံးနေချိန် ထွက်ပေါက်ရရန် ဘာသာရေး အသုံးချခြင်းဖြစ်ကြောင်း သုံးသပ်သည်။
၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဃောသိတသာရ(မှော်ဘီ)က “ အာဏာရှင် စစ်တပ်က ဒီစစ်ပွဲမှာ အမျိုးမျိုးရှုံးနိမ့်နေတယ်၊ ရှုံးနိမ့်နေတော့ နောက်ဆုံး ထွက်ပေါက်အနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချတာ။ အရင်တုန်းကလည်း ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချခဲ့ပြီးပြီ၊ အဲဒါတွေမအောင်မြင်တော့ ဆက်ပြီးတော့အသုံးချနေတာပဲ၊ ဘယ်လောက်ပဲ သူတို့အသုံးချချ ပြည်သူတွေက နားလည်ကုန်ပြီ”ဟု ပြောသည်။
၁၉၈၈ခုနှစ်နောက်ပိုင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော် အသုံးချလေ့ရှိသည့် စစ်တပ်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) နှင့် စင်ပြိုင်ဖြစ်လာသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး (မဘသ) ဟူသော အဖွဲ့အား ထောက်ပံ့အား ပေးခဲ့ပြီး ဘာသာရေးပဋိပက္ခဖြစ်စေရန် ဖန်တီးအသုံးချ လုပ်ဆောင်ခဲ့မှုများ သာဓကရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က ဘာသာ၊ သာသနာ ဆုတ်ယုတ်ခဲ့ရကြောင်း စစ်ခေါင်းဆောင် ကိုယ်တိုင် အာဏာသိမ်း တနှစ်ပြည့်တွင် ပုတ်ခတ်ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင်လည်း မဘသ ဘုန်းကြီးတပါးဖြစ်သူ ဦးဝါသဝအား ကန့်ဘလူဒေသတွင် စစ်တပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးနှင့် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးဆောင်ခွင့်ပေးထားသည်။
ထိုလုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကိုယ်တိုင်က တာဝန်ယူ သတိပေးဖြေရှင်းခြင်းများ မပြုလုပ် ဘဲ လျစ်လျူရှုထားကြောင်း ဘုန်းကြီးတပါးအနေဖြင့် လူသတ်လက်နက်များကိုင်ဆောင် စစ်သင်တန်းပေးနေသော လုပ်ရပ်သည်သာ သာသနာကိုအမှန်တကယ် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဆရာတော်မင်းသုညက ထောက်ပြသည်။
ဆရာတော်မင်းသုညက “ ရဟန်းဝတ်တပါးအနေနဲ့ လက်နက်ကိုင်ခွင့်ရှိနေတယ်ဆိုတဲ့ဟာက ပိုပြီးတော့ သာသနာကို ဖျက်ရာရောက်ပါတယ်။ မြန်မာနိုင်ငံက ဘုန်းကြီးတွေဟာ လက်နက်ကိုင် အကြမ်းဖက်တွေဖြစ်နေကြပြီလား၊ ဒါတွေကို တားဆီး၊ပိတ်ပင်ဟန့်တားခြင်းတွေ ဘာမှမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ကမ္ဘာ့မီဒီယာတွေမှာတောင် တွေ့နေရတယ်”ဟု မိန့်ကြားသည်။
ယခုဖြစ်ရပ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေဖြင့် စေတီကို ဖျက်ဆီးသည့် ၎င်းတို့တပ်ဖွဲ့ဝင်ကို အရေးယူအပြစ်ပေးမည်ဟု တာဝန်ခံကြေညာထားကြောင်း၊ ထိုသို့လုပ်ရပ်များအား အဖွဲ့အစည်း အနေဖြင့် လက်ခံသဘောတူခြင်း မရှိသည်ကို တွေ့ရကြောင်းလည်း ဆရာတော်က သုံးသပ်ပြောဆိုသည်။
“ဒီကျူးလွန်မှုကို အဖွဲ့အစည်းကနေ တာဝန်ယူဖြေရှင်းမှု မရှိဘူးဆိုရင်တော့ ဒါဟာတဖွဲ့လုံးမှာတာဝန်ရှိတယ်” ဟုလည်း ဆရာတော်က ပြောသည်။
နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အဖွဲ့ဝင် ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာမှ ဖာသာ ဒေါမနစ်က စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ကမ္ဘာနဲ့ချီတိုင်တည်ကာ ဘာသာရေးခုတုံးလုပ် လှုံ့ဆော်နေခြင်းသည် နိုင်ငံတကာ အမြင် တွင် ၎င်းတို့၏ အကြမ်းဖက်ဖျက်ဆီးနေမှုများအား ဖုံးကွယ်ကာ ၎င်းတို့သာလျှင် ဘာသာရေးကို ကာကွယ်နေသယောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းက “စစ်အာဏာရှင်တွေအတွက် ဘာသာရေးက တန်ဖိုးထားတဲ့အရာမဟုတ်ပါဘူး။ ဘာသာရေးကို လက်ကိုင်တုတ်လို သုံးနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘာသာရေးက သူတို့ရဲ့ အာဏာ၊ သူတို့ရဲ့ကိုးကွယ်တာ သူတို့အကျိုးစီးပွားပါ”ဟု ပြော သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအပါအဝင် ခရစ်ယာန်နှင့် မွတ်စလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက်ဖျက်ဆီးခံရကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ)က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်က အစီရင်ခံစာ ထုတ်ပြန်အသိပေးခဲ့သည်။
ထို့ပြင် ဘာသာရေးဝတ်ပြုရာနေရာများအပေါ် တိုက်ခိုက်စီးနင်းမှုများ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသည့်အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် ဘာသာရေးဖိနှိပ်မှုများအား ပစ်မှတ်ထားလုပ်ဆောင်မှုရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကောက်ယူရရှိထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်း သည့် နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတခုတည်းကြောင့် ဘာသာရေး အဆောက်အအုံ ၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ရေဦး၊ ခင်ဦးစသည့် မြို့နယ်များရှိ ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားကျောင်းများ မီးရှို့ ဖျက်ဆီးခံရမှုများ အများအပြားရှိခဲ့သည်။
You may also like these stories:
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့