ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်တိုက်ပွဲတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးအား စစ်တရားရုံး၌ တရားစွဲဆိုရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း သိရသည်။
ဇန်နဝါရီလ ၅ ရက်တွင် လက်နက်ချခဲ့သော ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ရှိ ဒကစမှူး ဗိုလ်မှူးချုပ် မိုး ကျော်သူနှင့် ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ ဖြစ်ပြီး ယင်း ၆ ဦးကို လာရှိုး မြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်လာကာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် စစ်တရားရုံးမှ အရေးယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် သော်ဇင်ဦးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မ ၄၄ တွင် တပ်မမှူးအဖြစ် တာဝန်ယူစဉ်ကတည်းက အနီးကပ်နေခဲ့သူဖြစ်သည်။
အမည်မဖော်လိုသည့် CDM ဗိုလ်မှူးတဦးက “ဒီလူတွေကို အရေးမယူရင် နောက်ထပ် ထပ်ပြီး ဖြစ်မယ့် အကုန်လုံးက ဒီလို လက်နက်ချတာတွေ မီးခိုးကြွက်လျှောက် ထပ်ဖြစ်လာနိုင်တော့ ရှက်ရမ်းရမ်းပြီး လုပ်မှာ” ဟု ဆိုသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ စခန်းများအား ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ တပ်မှူးအချို့မှာ တာဝန်ကျစခန်းများမှ စွန့်ခွာ၍ ကျန်ရှိသည့် စစ်သည်အချို့ကို ခေါ်ဆောင်၍ လောက်ကိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ကြားဖြတ် တိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်မှ အသေအပျောက် များပြားခဲ့ကြောင်း သိရသည်။
အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူးသည် စစ်သည် ၁၀၀ ခန့်ဖြင့် ထွက်ပြေးရာ လမ်း၌ တိုက်ခိုက်ခံရသည့် အတွက် လောက်ကိုင်ရောက်သည့်အခါ စစ်သည်အင်အားမှာ ၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ထို့အတူ ရှမ်းမြောက်ဒေသသို့ စစ်ဆင်ရေး တာဝန်ယူထားရသော တပ်မမှူးများသည် တပ်ဆုတ်ရင်း ဒီဇင်ဘာလ ကုန်ပိုင်းတွင် တပ်မမှူး ၅ ဦး လောက်ကိုင်မြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် လောက်ကိုင်မြို့ နယ်တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သော ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သဖြင့် တရုတ်အစိုးမှ စစ်ကောင်စီအား နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည့်အတွက် လောက် ကိုင်ဒေသ၌ လေကြောင်းပစ်ကူ မသုံးရန် စစ်ခေါင်းဆောင်က အမိန့် ထုတ်ခဲ့သည်။
စစ်ခေါင်းဆောင်၏ အမိန့်ကြောင့် လေကြောင်း ပစ်ကူမသုံးပါက စစ်မတိုက်နိုင်သော စစ်ကောင်စီတပ်အတွက် အခက် အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“လောက်ကိုင် ရပ်တာက ဗိုလ်မှူးချုပ် ၆ ယောက်က အောက်က အခြေအနေမှန်ကို သိတယ်။ ဘယ်လိုမှ ခံချလို့လည်း မရဘူး။ ခံချရင် အကုန်သေမှာပဲဆိုတဲ့အခါ အဲဒီ ၆ ယောက်က တိုင်ပင်ပြီးတော့ MNDAA ဘက်ကို ညှိလိုက်တာ” ဟု ယင်းဒေသတွင် ရောက်ရှိနေသော စစ်တပ်ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦးက ဆိုသည်။
ထိုသို့ ကိုးကန့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း စစ်ရုံးချုပ်သို့ တင်ပြခဲ့ရာတွင် သဘော တူခဲ့သဖြင့် လက်နက်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒုချုပ် (ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း) ကတော့ အောက်ခြေ အခြေအနေမှန်ကို သိတော့ ဖောက်ထွက်လို့မရရင် ညှိလိုက်ကြ လို့ ပြောတယ်။ တပ်ချုပ်ကတော့ တပ်မိသားစုတွေကို လားရှိုးကို ပို့ပြီး ခံချဖို့ ပြောတယ်။ အဲဒီကိစ္စမှာ သဘောထား ကွဲလွဲကြတယ်” ဟု အမည်မဖော်လိုသည့် စစ်ရေးသတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။
လောက်ကိုင်ရှိ ကိုးကန့်တပ်ဖွဲ့ထံ လက်နက်ချခဲ့သည့် အရာရှိစစ်သည် ၂၃၉၅ ဦး ရှိပြီး ညီနောင်မဟာမိတ် အဖွဲ့က ၎င်းတို့အားလုံးကို သွားလိုသည့် နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ဗိုလ်မှူးချုပ် ၆ ဦးမှာမူ ဇန်နဝါရီ ၆ ရက်မှာ လားရှိုးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်သွား ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။
ယင်းသို့ လက်နက်ချသော ကိစ္စသည့်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိလာ၍ စစ်ခေါင်းဆောင်အနေဖြင့် ဗိုလ်မှူးချုပ် ၆ ဦးအား ဖမ်းဆီး စစ်ဆေးရန် အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ၆ ဦးအား နေပြည်တော်၌ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဘက်ဆိုင်ရာ ဥပဒေများဖြင့် တရား စွဲဆိုရန် ပြင်ဆင်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်အချို့က ဆိုသည်။
You may also like these stories:
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့