မြောက်ပိုင်း ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ထိုးထားသော်လည်း ယနေ့ထိ ရှမ်းမြောက်ဒေသတချို့၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီတပ် ကိုယ်စားလှယ် တို့ကြား ဇန်နဝါရီ ၁၀ ရက်မှ စတင်ကာ တတိယအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဖက်မှ ချက်ချင်း အပစ်အခတ် ရပ်စဲရေး၊ တပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသည့် တွေ့ဆုံ ဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်နိုင်ငံသားများ၏ အသက်အန္တရာယ်များ အကာအကွယ်ပေးရန် ကတိကဝတ်ပြုကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
သဘောတူညီချက်များအရ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ တပ်များနှင့် စစ်ကောင်စီတပ်များသည် ရောက်ရာအရပ်တွင် ရပ် တန့်ကာ ရှေ့မတိုးဘဲ အပစ်ရပ်ကြရန်၊ စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှု ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်ကလည်း စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများ ရပ်တန့်ရမည်ဖြစ် သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ညှိနှိုင်းမှုဆွေးနွေးရေးအဖွဲ့တို့ ကူမင်းမြို့မှာ တွေ့ဆုံပြီးနောက်မှာ ယာယီပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ထုတ်ဖော် ပြောဆိုထားသည်။
ထို့ပြင် နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းဆွေးနွေးပွဲကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ (NSPNC) မှ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဘက်မှ အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံဘက်ကမူ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျင်းက ဆွေးနွေးပွဲကို တက်ရောက်သည်။
ထိုသို့ အပစ်ရပ်ရန် သဘောတူညီချက် လက်မှတ်ထိုးသော်လည်း ဇန်နဝါရီ ၁၁ ရက်နှင့် ယနေ့အထိ ရှမ်းမြောက်ဒေသ လားရှိုး၊ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
ယနေ့တွင် မိုးမိတ်မြို့နယ် ကင်းချောင်းရွာအနီး TNLA တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လားရှိုးမြို့ခံ တဦးက “မြို့ခံတွေက အရင်နေ့တွေကတည်းက တိမ်းရှောင်နေကြလို့ အခု မြို့ပေါ်မှာ ကျန်ခဲ့သူက နည်းနည်းပဲ ကျန်တော့တယ်။ မြို့မှာ ကျန်တဲ့သူကိုလည်း စကစက အထွက် တင်းကျပ်ထားတယ်။ အဝင်ပဲရတယ်၊ အထွက်က ခက် တယ်။ ဒီနေ့ကတော့ မြို့ပေါ်မှာ ပစ်ခတ်သံ မကြားပေမယ့် အနီးနားက ရွာတွေမှာတော့ ပစ်ခတ်သံတွေကြားနေရတုန်းပဲ” ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၁၁ ရက်တွင်လည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာအား စစ်ကောင်စီက လေကြာင်းဖြင့် ဗုံးကြဲခဲ့သလို၊ ယင်းနေ့မှာပင် နမ္မတူ- လားရှိုးသို့ ဆက်သွယ်ထားသည့် နားကွမ်းလုံရွာ အီနိုင်းတံတားကွင်းလမ်းမှ တံတားတစင်း ဖျက်ဆီးခဲ့သည်။
ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့ ပေးပို့ သည့် သဝဏ်လွှာတွင် ပြည်သူလူထုတရပ်လုံး အားကိုးအားထားရသည့် အဖွဲ့အစည်းများဖြစ်ရေး ယခုထက်ပိုမို ကြိုးစားရန် လိုအပ်နေသေးကြောင်းနှင့် ပြည်သူလူထုတရပ်လုံး၏ ဘုံရည်မှန်းချက် ဆန္ဒဖြစ်သော စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ပြည်သူများနှင့် တသွေးတသားတည်း ရှိနေမည်ဖြစ်ကြောင်း ရေးသားထားသည်။
၂၀၂၃ အောက်တိုဘာ ၁၇ တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ရှမ်းမြောက် ဒေသရှိ စစ်ကောင်စီ စခန်းပေါင်း ၅၀၀ နီးပါးနှင့် မြို့ပေါင်း ၁၇ မြို့နယ်အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။