ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း မြန်မာစစ်ကောင်စီက တနင်္လာနေ့တွင် ထပ်လောင်း ပြောကြားပြီး ၎င်းတို့သည် တရုတ် တနိုင်ငံတည်းမူကိုသာ အမြဲတမ်း ထောက်ခံကြောင်း ပြောသည်။
တိုးတက်သော ဒီမိုကရက်တစ်ပါတီ၏ လိုင်ချင်းတယ် စနေနေ့ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် စစ်ကောင်စီက ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာသည် တရုတ်တနိုင်ငံတည်းမူကိုသာ အပြည့်အဝထောက်ခံပြီး ထိုင်ဝမ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ခွဲထုတ်မရသော အစိတ်အပိုင်းဖြစ်ကြောင်း ထပ်မံအတည်ပြုသည်ဟု ဖေါ်ပြသည်။
တိုးတက်သော ဒီမိုကရက်တစ်ပါတီသည် ထိုင်ဝမ်သမိုင်းတွင် မရှိဖူးသည့် သက်တမ်း ၃ ကြိမ်မြောက် အနိုင်ရသည်။ ထိုပါတီသည် ထိုင်ဝမ်အား ဘေ့ဂျင်းက ပိုင်သည်ဆိုသည့် အချက်ကို ပယ်ချသောပါတီဖြစ်သည်။ ဘေ့ဂျင်းသည် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို ပုန်ကန်နေသည့် ပြည်နယ်အဖြစ်သာ သတ်မှတ်သည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာသည် တရုတ်နှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးရှိပြီး ထိုင်ဝမ်လွတ်လပ်ရေးသို့ ဦးတည်သည့် မည်သည့် လှုပ်ရှားမှုမဆိုကို ဆန့်ကျင်ကြောင်းပြောသည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ပြည်ပစွက်ဖက်မှုကိုလည်း ဆန့်ကျင်ကြောင်း ထိုကြေညာချက်တွင် ဖေါ်ပြထားပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး တရုတ်၏ အားထုတ်မှုများကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ဖေါ်ပြထားသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ကို ထိုင်ဝမ်ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်သော မြန်မာ့ အမြင်ဟု ခေါင်းစဉ်တပ်ထားပြီး မြန်မာရှိ တရုတ်သံရုံးကလည်း ထိုထုတ်ပြန်ချက်ကို ၎င်းတို အင်တာနက် စာမျက်နှာတွင် တင်ထားသည်။
မြန်မာစစ်အုပ်စု အဆက်ဆက်သည် မြောက်ပိုင်းမှ သြဇာကြီးမားသည့် အိမ်နီးချင်း ကျေနပ်အောင် လုပ်နေရသောကြောင့် ဘေ့ဂျင်း၏ တရုတ်တနိုင်ငံတည်းမူကိုသာ အခိုင်အမာ ထောက်ခံသလို တရုတ်ကလည်း ၎င်းတို့ကို အမြဲထောက်ခံခဲ့သည်။
ယခင်စစ်အုပ်စုကာလ (၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ)အတွင်း ပြည်တွင်း မီဒီယာများသည် ထိုင်ဝမ် ဆိုသည့် စကားလုံးကို သုံးခွင့်မရပေ။ ထိုအစား ထိုကိုယ်ပိုင်အုပ်ချုပ်နေသည့် ကျွန်းကို တရုတ်(တိုင်ပေ) ဟုသာ သုံးရသည်။
လက်ရှိမင်းအောင်လှိုင် စစ်အုပ်စုသည်လည်း ထူးမခြားနားပင်ဖြစ်သည်။ ဘေ့ဂျင်းသည်လည်း စစ်ကောင်စီဘက်က ရပ်တည်သည့် နိုင်ငံအနည်းငယ်အနက်တခုဖြစ်သည်။
အမေရိကန် အောက်လွှတ်တော် ထိုစဉ်က ဥက္ကဌ နန်စီ ပလိုစီ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်စဉ်ကလည်း ထိုခရီးစဉ်သည် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှု မြင့်မားစေသည်ဟု စစ်ကောင်စီက ပြောသည်။
ဒီဇင်ဘာလမှစတင်ပြီး ဘေ့ဂျင်းသည် စစ်ကောင်စီကို ကူညီပြီး အောက်တိုဘာလနှောင်းပိုင်းမှ စတင်ပြီး စစ်ကောင်စီကို အကြီးအကျယ် ချေမှုန်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ခုအကြား ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်နေသည်။
လွန်ခဲ့သောအပတ်တွင် ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ထိုသဘောတူညီချက် လက်မှတ်ထိုးခဲ့သည့် အဖွဲ့တခုဖြစ်သော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က စစ်ကောင်စီသည် သဘောတူညီချက်ကို ချိုးဖေါက်သည်ဟု ပြောသည်။
မြန်မာတွင် တရုတ်တနိုင်ငံတည်းမူကို ထောက်ခံသည်မှာ စစ်ကောင်စီတခုတည်း မဟုတ်ပေ။ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည်လည်း ဒေသတွင်း အင်အားအကြီးဆုံးဖြစ်သော တရုတ်၏ ထိုမူကို ထောက်ခံသည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင် NUG သည် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် သဘောထားကို ထုတ်ပြန်သည်။ ထိုအချက် ၁၀ ချက်ပါ ကြေညာချက်သည် နှစ်နိုင်ငံအကြား စစ်မှန်သော “ပေါက်ဖေါ်ဆက်ဆံရေး”ကို အားပေးပြီး တရုတ် တနိုင်ငံတည်းမူကို ထောက်ခံမည်ဟု ကတိပြုသည်။
မြန်မာစစ်ကောင်စီ၏ ဝါဒဖြန့်မှုများကို တုံ့ပြန်သည့်အနေဖြင့် NUG က တရုတ်အပေါ်သဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောသည်။
You may also like these stories:
မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ
တရုတ်နဲ့ နီးစပ်သွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်
မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း
ဟိုပန်နှင့်ပန်လုံကို သိမ်းပိုက်အပြီး “ဝ” ပိုင်နက် ကျယ်ပြန့်လာ