ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေ့ခါနှင့် နမ့်တိန်ရွာတို့၌ တိုက်ပွဲဖြစ်နေ၍ မြို့အဝင်အထွက်ရှိ ကာမိုင်း၊ နန့်ယား၊ လယ်ပြင် ရွာ စစ်တပ်ဂိတ်များမှ အတက်အဆင်း လမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် ၁၅ ရက် နေ့မှစ၍ ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ အင်းတော်ကြီး၊ ဆယ်ဇင်းရွာဘက်မှ လမ်းကိုသာ ဖွင့်ပေးထားပြီး စစ်ရေးအခြေအနေများအရ ဂိတ်ပိတ်ခြင်းမှာ ကြာမြင့်နိုင်သောကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နိုင်သဖြင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၆ ရက်မှ စ၍ ဖားကန့်မြို့နယ်ထဲရှိ စစ်ကောင်စီ၏ ဝှေခါတပ်စခန်း၊ ရဲစခန်းနှင့် နမ်တိန်ရွာရှိ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတိုင် တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားနေရကြောင်း ဖားကန့်ဒေသခံများထံက သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖားကန့်၊ ဝှေခါတို့၊ နမ်တိန်တို့မှာ စခန်းသိမ်းနိုင်တဲ့ အနေအထား မရှိသေးဘူး။ သွားရေး လာရေး ကိစ္စတွေကလည်း ပြည်သူလူထုအတွက် အခက်အခဲရှိ တယ်လို့ သိရတယ်။ စစ်ကောင်စီတပ်ကလည်း သွားရေး လာရေး၊ လမ်းခရီးတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က သူတို့လုံခြုံရေးအတွက် ပိတ်ထားတယ်ကြားတယ်။ KIA ဘက်က ပိတ်ထားတယ်လို့တော့ မကြားရ ဘူး။ စစ်မြေပြင်က အသေးစိတ်ကိုတော့ ကျနော်တို့ မသိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဂိတ်များပိတ်ထားခြင်းကြောင့် ဖားကန့်လမ်းတလျှောက်ရှိ နန့်ယား၊ ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင် စသော ကျေးရွာများမှာ သွားလာရေး အခက်ခဲဖြစ်ပေါ်နေပြီး အချိန်မည်မျှကြာမည်ကို မခန့်မှန်းနိုင်ကြောင်း၊ စားသောက်ကုန်၊ ဆေးဝါးတို့ ဈေးတက်နေပြီး ဆန်ကြမ်း တအိတ်လျှင် ကျပ် ၁ သိန်းကျော်၊ စက်သုံးဆီ ၁ လီတာလျှင် ကျပ် ၂၅,၀၀၀ ဖြစ် ကာ လိုအပ်သည့်ပမာဏကို ဝယ်ယူ၍ မရကြောင်း ဒေသခံများထံက သိရသည်။
ဖားကန့်ဒေသခံတဦးက “ ဒီလကုန်ထိပိတ်မယ်လို့ သတင်းထွက်နေတယ်။ ကုန်ကားရော၊ အိမ်စီးကားရော ပိတ်တာပေါ့။ ဆိုင်ကယ်တောင် သွားလို့မရဘူးဗျ။ မနေ့ညကတောင် ဆင်းလာတဲ့ ဆိုင်ကယ်သမား ၃ ယောက်ကို အခု စစ်ဖြစ်နေတဲ့ နမ်တိန်ရွာ အရောက်မှာ ပစ်လိုက်တယ်။ လူတော့ မမှန်ဘူး။ ဆိုင်ကယ်လက်ကိုင်ကို မှန်သွားတယ်။ အခုမနက် နန့်ယား မှာဆိုရင် ကားအစီးရေ ၂၀ နဲ့ ၃၀ ကျော် ပိတ်မိနေတယ်။ ကုန်ကားတွေကတော့ စပိတ်တဲ့နေ့က ပြန်လှည့်သွားရတာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ကုန်စည်ဈေးနှုန်းများမှာ ဧည့်မထဆန် တပြည်လျှင် ၂,၈၀၀ ကျပ်၊ ပေါ်ဆန်း တပြည်လျှင် ၆,၅၀၀ ကျပ်၊ ကြက်သားတပိဿာလျှင် ၁၂,၀၀၀ ကျပ်၊ စားအုန်းဆီ တပိဿာလျှင် ၅,၈၀၀ ကျပ် နှင့် ဒီဇယ်တလီတာလျှင် ၂,၅၀၀ ကျပ်ကျော် ရှိကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ ဖော်ပြထားသော်လည်း မြေပြင်၌ ထို့ထက် အဆမတန် မြင့်တက်နေကြောင်း ဒေသခံများက ဆိုသည်။
ဖားကန့်မြို့ခံတဦးက “မြို့ထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးနဲ့ ဝှေခါရွာဘက်ကို ထုနေတာတော့ ရှိတယ်။ တိုက်ပွဲတွေဖြစ်တယ်။ အဲဒီဘက်က ဒေသခံတွေလည်း ထွက်ပြေးနေရတယ်။ ကုန်ဈေးနှုန်းတော့ တက်တာပေါ့။ အသားငါးတွေလည်း ဈေးတက်တာပေါ့။ ဥပမာ ကြက်သား ၁ ပိဿာ ၂၅,၀၀၀ ကနေ အခု ၂၈,၀၀၀၊ ၃၅,၀၀၀ ကျပ် အစားစား တက်တာပေါ့။ ခုန်တက်ကုန်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဝှေခါကျေးရွာတိုက်ပွဲကြောင့် ဝှေခါ၊ မကားပင်၊ မော်လကင်၊ ဆိုင်းတောင်တို့မှ သူများမှာ မှော်ရှန်ဘုန်းကြီးကျောင်း၊ ဆိုင်းတောင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများ၊ မှော်စီစာ ဘုန်းကြီးကျောင်းတို့၌ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ဖားကန့်ဒေသခံ နောက်တဦးကလည်း “စစ်ကောင်စီတပ်စခန်း ထွက်လို့ မရအောင် အားလုံးက ပိတ်ထားတဲ့သဘောမျိုး လည်း ဖြစ်နေတယ်။ ဝှေခါလမ်းလည်း ပိတ်ထားတယ်။ ကာမိုင်းလမ်းကတော့ ဖွင့်လိုက်၊ ပိတ်လိုက်ပဲ ။ နှစ်ဖက်က စစ်ရေးက တင်းမာနေတဲ့ အနေအထားဖြစ်တယ်။ မနေ့ကလည်း တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ အဓိကတော့ ကုန်ကားတွေ ပိတ်တာပေါ့။ ပိတ်တာ ၃ ရက်၊ ၄ ရက်ရှိပြီ”ဟု ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စက်သုံးဆီ၊ ဆေးဝါး၊ စားနပ်ရိက္ခာ အစရှိသည်တို့ကို ပိတ်ပင်တားဆီးခြင်း၊ အကန့်အသတ်နှင့် ရောင်းချခြင်းများကို ပြုလုပ်လျက်ရှိသည်။
You may also like these stories:
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်
နမ့်ဖတ်ကာတွင် စစ်တပ်တိုက်လေယာဉ်တစင်း KIA ပစ်ချ
ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်
ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်