ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က မိုးမိတ်တံတားနှင့် မြို့အဝင်အထွက်များကို ယနေ့ နံနက်မှ စတင်ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ ရက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
မိုးမိတ်မြို့ခံတဦးက “ဒီနေ့မနက်ပိုင်းကစပြီး မိုးမိတ်တံတားကနေ ပေးမဖြတ်တော့ဘဲ အဝင်အထွက်တွေကို ပိတ်ထား လိုက်ပြီ။ မြို့ထဲပိတ်မိနေသူတွေက ရသလိုဖောက်ထွက်နေကြတယ်။ မြို့ထဲထိ ပစ်တာခတ်တာတွေရောက်လာလို့ မနေ့က ဆိုရင်လည်း လူတွေပါ ထိတာရှိတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲချသွားသေးတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ တိုက်ပွဲကြားထဲကနေ မြို့ခံတွေက အရဲစွန့်ပြီး ဖောက်ထွက်နေကြတာ” ဟု ဧရာဝတီကို ပြောသည်။
မိုးမိတ်မြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၃၄၈) ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ၏ ဗျူဟာတခုနှင့် အမှတ် (၂၂၃) ခြေလျင်တပ်ရင်း၊ အမှတ် (၂၇၆) ခြေလျင်တပ်ရင်းတို့ အခြေစိုက်ထားသည်။
ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မိုးမိတ် အခြေချဗျူဟာကုန်း၊ တပ်စခန်းများနှင့် ရဲစခန်းကို အဓိက ဝင်ရောက်တိုက်ခိုက်နေ ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ တိုက်လေယာဉ် ပစ်ကူများဖြင့် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့ခံတဦးကလည်း “တော်တော်ဆိုးတယ်။ မြို့ထဲထိ တိုက်ပွဲက ရောက်လာပြီ။ မြို့ထဲ မြောက်ပိုင်းမှာ တိုက်နေကြတာ မနေ့ကထက်ဆိုးတယ်။ ရဲစခန်းအနီးတဝိုက်ကို လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အိတ်ချိန်းရုံးနဲ့ သဇင်စတိုးဘက်မှာ မီးခိုးတွေအူနေတာပဲ။ ရွှေကျောင်း ဘုန်းကြီးကျောင်းထဲကျပြီး ကားတွေလည်း ပျက်စီးတယ်။ မနက်က ကွမ်းထွက်ဝယ်တဲ့ ကြည်တော်စုရပ်ကွက်ကတယောက်ကို စစ်သားတွေ ဝိုင်းရိုက်လို့ ခေါင်းကွဲသွားသေးတယ်” ဟု ပြောသည်။
မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံများသည် ဆုတောင်းပြည့်လမ်းမှ ရွာတော်လေးကျေးရွာကို ဖြတ်ကာ အုန်းတုန်းဘက်နှင့် နမ့်မိတ်ချောင်းဘေးရှိ လက်ခုပ်ပင်ကျေးရွာများဘက် ဖောက်ထွက်ကြသလို အုန်းကြောဘက်မှတဆင့် မြို့ရှောင်လမ်း၊ ဒေါင့်ကြီး၊ သဲနီဘက်များသို့ ဖောက်ထွက်ပြီး အများဆုံးရှောင်နေကြကြောင်း သိရသည်။
ထိုသို့ ဖောက်ထွက်လာကြသူများအား ကိုယ်ပိုင်ကားရှိသူများက သွားလိုရာသို့ လိုက်ပါပို့ဆောင်ပေးလျက်ရှိသလို ရှောင်ရန် အဆင်မပြေကြသူများက ကျည်လွတ်ရာရှာပြီး နေကြရကြောင်း သိရသည်။
ကား အငှားလိုက်သူတဦးက “မြို့ကိုဝင်ဖို့ တော်တော်ခက်လို့ မြို့ပြင်ကိုထွက်လာမှ အဆင်ပြေမှာဗျ။ ဒိုးပင်ကျေးရွာ၊ ရေတံခွန်လမ်းခွဲမှာ ကားတွေစောင့်ပေးနေပါတယ်။ ကျနော်တို့က လိုင်းကားတွေ မဟုတ်ပါဘူး။ လိုက်ထရပ်တို့၊ ခွေးဘီလူးတို့ စတဲ့ အိမ်စီးကားတွေနဲ့ သွားလိုရာကို လိုက်ပို့ပေးဖို့ ကူညီတဲ့အနေနဲ့ လုပ်ပေးနေတာပါ။ ကားစင်းလုံးငှားမယ်ဆိုရင်တော့ မန္တလေးထိကို ၄ သိန်းခွဲနဲ့ လိုက်ပို့ပေးတာပါ။ တဦးချင်းဆိုရင်တော့ လူအနည်း အများပေါ်မှာ ကြည့်ပြီးယူတာပါ” ဟု ပြောသည်။
ဇန်နဝါရီ ၁၈ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့မှုကြောင့် မိုးမိတ်မြို့မှ ကလေးငယ်များ အပါအဝင် အရပ်သား ၆ ဦးခန့် ဒဏ်ရာရခဲ့ပြီး လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သလို ပုဗ္ဗာရုံကျောင်း ဘုရားကျောင်းဆောင် မျက်နှာကျက်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အရေးပါသော မိုးမိတ်မြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ဆင်ကင်ကျေးရွာ၌ ခြေလျင်တပ်ရင်း ခလရ -၂၂၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် ကျန်ကန် စစ်တပ်စခန်းကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။
မိုးမိတ်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပါဝင်သော်လည်း ရှမ်းပြည်အနောက်မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်တွင် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အရှေ့ဘက်တွင် မန်တုံ၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ တောင်ဘက်တွင် သီပေါ၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်များနှင့် နယ်နမိတ်ထိစပ်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသော နယ်မြေတခုလည်း ဖြစ်သလို စစ်ကောင်စီ၏ အခြေချဗျူဟာနှင့် တပ်ရင်း ၃ရင်း တို့ရှိသည်။
You may also like these stories:
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ
ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်