အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည် မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့ ခုနစ်မြို့အား စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် အမွေအနှစ်နေရာများအဖြစ် ကြေညာခဲ့သည်။
NUG ၏ အမွေအနှစ် စီမံခန့်ခွဲရေး ယာယီဘုတ်အဖွဲ့ (IBFHA) မှ ဇန်နဝါရီ ၁၅ ရက်တွင် ကျောက်ဆည်မြို့နယ် မိုင်းမောနှင့် မြင်စိုင်း၊ စဉ့်ကိုင်မြို့နယ် မက္ခရာ၊ နထိုးကြီးမြို့နယ်မှ ဝတီး၊ တံတားဦးမြို့နယ်မှ ပင်းယနှင့် အင်းဝ၊ သပိတ်ကျင်းမြို့နယ်မှ တကောင်းမြို့များကို ကာကွယ်ထိန်းသိမ်းရမည့် နယ်မြေများအဖြစ် သတ်မှတ်သည်။
သက်တမ်း နှစ် ၆၀၀ မှ ၂၀၀၀ ကြားရှိ ထို ရှေးဟောင်းမြို့များသည် မြန်မာနိုင်ငံတွင် ထင်ရှားသော သမိုင်းဝင်နေရာများဖြစ်သည်။
မန္တလေးတိုင်းသည် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ ထိစပ်နေသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ခုခံတိုက်ခိုက်မှုကလည်း ပြင်းထန်နေသလို စစ်ကောင်စီတပ်များက အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ တချိန်တည်းတွင် တရုတ်၏ ဖိအားကြောင့် အပစ်ရပ်ကြောင်း သဘောတူထားသည့် ရှမ်းပြည်မြောက်ပိုင်း မြို့များလည်း လေကြောင်းမှ တိုက်ခိုက် ပစ်ခတ်မှုများ ဆက်လက်ကြုံတွေ့နေရသည်။
မန္တလေးတိုင်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် နယ်မြေခံ PDF ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တို့သည် စစ်ကောင်စီအခြေစိုက်ရာ မန္တလေးမြို့ကို ပစ်မှတ်ထားလာသောကြောင့် တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေခဲ့သည်။
သတ်မှတ်ထားသော နေရာများတွင် တိုက်ပွဲဖော်ခြင်း၊ စစ်စခန်းချခြင်း၊ လက်နက်ကြီးများ အသုံးပြုခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် အမွေအနှစ်နေရာများ၏ ပုံသဏ္ဍာန်ကို ပြောင်းလဲရန် ရည်ရွယ်ခြင်းတို့အား တားမြစ်ကြောင်း IBFHA မှ ကြေညာသည်။
“မန္တလေးတိုင်းမှာ စစ်ရေးတင်းမာမှုတွေ တိုးလာနိုင်တယ်။ ဒေသတွင်းမှာ ရှေးဟောင်းအမွေအနှစ်နေရာတွေ အများကြီးရှိလို့ ကြေညာချက် ထုတ်တာပါ” ဟု IBFHA အတွင်းရေးမှူး ဒေါ်နေရီလင်းက ပြောသည်။
IBFHA စိုးရိမ်စရာ အကြောင်းကလည်း ရှိနေသည်။
မကြာသေးမီကပင် စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်ရှိ ရှေးခေတ် ရခိုင်နိုင်ငံတော်၏ မြို့တော် မြောက်ဦးတွင် ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်ရာ အမွေအနှစ်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
မြောက်ဦးကို ယူနက်စကို အမွေအနှစ် စာရင်း ၂၀၁၇ ခုနှစ်တွင် တင်သွင်းခဲ့သည်။
ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက မြောက်ဦးယဉ်ကျေးမှုပြတိုက်ကို စစ်တပ်က ပစ်ခတ် ဖျက်ဆီးခဲ့သည်။
ရက္ခိုင့်သမိုင်းဝင် အမွေအနှစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ထိရောက်စွာ အရေးယူမည်ဟု AA က တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကြွယ်ဝသော သမိုင်းကြောင်းများဖြင့် စံနမူနာပြထားသော လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှု ကွဲပြားသော နိုင်ငံတနိုင်ငံဖြစ်သည်။
NUG သည် စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အမွေအနှစ်စာရင်းသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း IBFHA က ဧရာဝတီသို့ ပြောသည်။ အဆိုပါ အဖွဲ့သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် စစ်ကိုင်းတိုင်း ဟန်လင်းမြို့ရှိ ပျူရှေးဟောင်းမြို့များကို စာရင်းသွင်းထားပြီး ဖြစ်သည်။
“စာရင်းတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို အမွေအနှစ်နေရာတွေကို သတိပြုမိစေတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းရဲ့ နေရာတွေကို စာရင်းပြုစုပြီးတဲ့ နောက်မှာတော့ စစ်တပ်က ဟန်လင်းမြို့ဟောင်းရဲ့ တစိတ်တပိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ဒေါ်နေရီလင်းက ပြောသည်။
ရှေးဟောင်းအမွေအနှစ်များအား ဖျက်ဆီးသူများသည် အမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း ဥပဒေ၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကာကွယ်ခြင်းဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု တန်ပြန်ရေးဥပဒေနှင့် ဆက်စပ်နိုင်ငံတကာဥပဒေများအောက်တွင် တရားစွဲခံရမည်ဖြစ်ကြောင်း IBFHA က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s NUG Fights to Shield Mandalay’s Ancient Cities From Junta Firestorm ကို ဘာသာပြန်သည်။)
You may also like these stories:
မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု
ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ
မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ပြော
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ
ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ