သိက္ခာကျဆင်းစရာ စစ်ရေးရှုံးနိမ့်မှု အများအပြားအတွက် တာဝန်ခံသည့် အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုပြီးနောက် စစ်ကောင်စီလိုလားသော ပြည်သူ့စစ်များ ထူထောင်ခဲ့သည့် အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတပါး သောကြာနေ့အစောပိုင်းတွင် ခဏ ခေါ်ယူစစ်ဆေးခံရသည်။
အရှင်အရိယာဝံသ ခေါ် ပေါက်ကိုယ်တော်ကို မေးခွန်းအနည်းငယ်မျှ စစ်မေးပြီး ပြန်လွှတ်ပေးသည်။
မင်းအောင်လှိုင်သည် စစ်တပ်အကြီးအကဲရာထူးမှ နုတ်ထွက်ပြီး ထိုရာထူးကို စစ်တပ် ဒုခေါင်းဆောင် စိုးဝင်းကို လွှဲပေးသင့်ကြောင်း မန္တလေးတိုင်း ပြင်ဦးလွင်တွင် အင်္ဂါနေ့က ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် သူ တောင်းဆိုသည်။ ထိုဘုန်းကြီးသည် ထိုဗီဒီယိုကို သူ၏ Facebook စာမျက်နှာတွင်ပင် တင်လိုက်သေးသည်။
အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများနှင့် စစ်တပ်ထောက်ခံသူများ စီစဉ်သည့် ထိုထောက်ခံပွဲသည် စစ်ကောင်စီက အမျိုးသားရေး လှုံ့ဆော်နေချိန်တွင် တနိုင်ငံလုံးတွင် ပြုလုပ်နေသည့် စစ်တပ်ထောက်ခံပွဲများအနက် တပွဲ ဖြစ်သည်။ ထိုထောက်ခံပွဲများသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က (MNDAA) က လောက်ကိုင်မြို့ကို ယခုလအစောပိုင်းတွင် သိမ်းပိုက်ပြီးနောက် ထိုအဖွဲ့မှ စစ်သားတဦးက ထိုမြို့မှ ဘုရားတဆူကို ဖျက်ဆီးနေသည့် ဗီဒီယိုကို အသုံးချသည်။
၎င်းတို့၏ ညီနောင်မဟာမိတ်အဖွဲ့ ၂ ခုဖြစ်သည့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)၊ စစ်ကောင်စီ ဆန့်ကျင်ရေး အခြားအင်အားစုများနှင့်အတူ MNDAA သည် လောက်ကိုင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှ ကျယ်ပြန့်သော ဒေသများကို သိမ်းပိုက်ထားသည်။ ထိုသို့သော နယ်မြေများဆုံးရှုံးမှုသည် မြန်မာစစ်တပ်သမိုင်းတွင် အကြီးမားဆုံး နယ်မြေဆုံးရှုံးမှုဖြစ်သည်ဟု လူအများအပြားပြောပြီး စစ်ကောင်စီကို အကြီးအကျယ် ထောက်ခံသူများကပင် ထိုဆုံးရှုံးမှုသည် စစ်ကောင်စီနှင့် စစ်တပ်အတွက် အကြီးအကျယ် သိက္ခာကျသည်ဟု ပြောကြသည်။
အင်္ဂါနေ့က ဆန္ဒပြပွဲတွင် အရှင် အရိယာဝံသသည် တရားဟော စင်မြင့်ပေါ်တက်ပြီး မင်းအောင်လှိုင် နုတ်ထွက်ပြီး သူ၏စစ်တပ်ခေါင်းဆောင်ရာထူးကို သူ၏လက်ထောက်ကို လွှဲပေးရန်ပြောသည်။
“အရပ်ဘက် ဝန်ကြီးရာထူးတခုက သူ့ (မင်းအောင်လှိုင်) အတွက် မကောင်းဘူးလား” ဟု အသက် ၃၈ နှစ်အရွယ် အစွန်းရောက်ဘုန်းကြီးက ပရိသတ်ကိုပြောသည်။
“ကောင်းတယ်” ဟု ပရိသတ်က တုံ့ပြန်သည်။
အရှင် အရိယာဝံသကို စစ်ကောင်စီအာဏာပိုင်များက ဖမ်းသည့် သတင်းကို ပထမဆုံး သူ့ကို ထောက်ခံသူများက Facebook တွင် သောကြာနေ့နံနက်က တင်သည်။
သို့သော် မွန်းလွဲပိုင်းတွင် ထိုဘုန်းကြီးသည် အွန်လိုင်းသို့ ပြန်တက်လာပြီး သူ၏ Facebook တွင် တိုက်ရိုက်လွှင့်ကာ သူ့ကို စစ်မေးရန် ခေါ်ယူပြီးနောက် အန္တရာယ်ကင်းကြောင်းပြောသည်။
“အေးအေးဆေးဆေး စကားပြောတာပါ။ အခု ကျောင်းကို ပြန်နေတယ်” ဟု သူပြောသည်။ “သူတို့က မေးစရာရှိလို့ ဘုန်းကြီးကို ခေါ်တာပါ” ဟု သူပြောသည်။
သို့သော် အရှင်အရိယာဝံသသည် နောင်တမရဘဲ “(ဆန္ဒပြပွဲမှာ) ကျုပ်ပြောခဲ့တာတွေ မှားတယ်လို့ မထင်ပါဘူး။ ကျုပ်က စစ်သားတွေအတွက်၊ နိုင်ငံအတွက်၊ ဘာသာအတွက်ပြောတာသာဖြစ်တယ်” ဟု သူပြောသည်။
အရှင် အရိယာဝံသကို ဖမ်းဆီးခြင်းဖြင့် လျော့နည်းလာသည့် ထောက်ခံသူများကို ဒေါသထွက်အောင် မင်းအောင်လှိုင် မလုပ်ရဲကြောင်း ထိုဘုန်းကြီးကို အလျင်အမြန် ပြန်လွှတ်လိုက်ခြင်းက ပြသနေသည်။
မင်းအောင်လှိုင်ကို ထောက်ခံသူ အချို့ကပင် သူ နုတ်ထွက်ပေးရန် မကြာသေးမီက တောင်းဆိုခဲ့အပြီး ထိုအမျိုးသားရေး အစွန်းရောက်ဘုန်းကြီးက အလားတူ တောင်းဆိုခြင်းဖြစ်သည်။ စစ်ကောင်စီ၏ သိက္ခာကျသော စစ်ရေးရှုံးနိမ့်မှုများကြောင့် စစ်ကောင်စီကို အကြီးအကျယ်ထောက်ခံသူများက မင်းအောင်လှိုင်၏ ဦးဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ကြသည်။
မင်းအောင်လှိုင်သည် အရည်အချင်းမရှိ အတ္တကြီးပြီး ကျောရိုးမဲ့ကြောင်း ထိုသူများက ပြောပြီး တခါက ချေမှုန်းမရဟု ယူဆထားသည့် စစ်တပ်ကို မဖြေသိမ့်နိုင်လောက်သည်ထိ အရှက်ကွဲ အကျိုးနည်းအောင် မင်းအောင်လှိုင်လုပ်သည်ဟု စွပ်စွဲသည်။
၎င်းတို့သည် YouTube နှင့် Facebook တွင် မင်းအောင်လှိုင်အပေါ် လူသိရှင်ကြားဒေါသပေါက်ကွဲကြသည်။ “သုံးနှစ်ဆိုရင် တော်လောက်ပါပြီ ဦးမင်းအောင်လှိုင်” ဆိုသည့်စကားသည် ၎င်းတို့၏ လက်သုံးစကားဖြစ်သည်။ သုံးနှစ်ဆိုသည့်အချိန်မှာ ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင် အာဏာသိမ်းပြီး ကြာချိန်ကာလကို ဆိုလိုသည်။
အရှင်အရိယာဝံသ ကဲ့သို့သော အမျိုးသားရေးဘုန်းကြီးများသည် မင်းအောင်လှိုင်နုတ်ထွက်ရန် တောင်းဆိုသည့် နောက်ဆုံးသူများဖြစ်သည်။ သူသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အသင်း (မဘသ) အဖွဲ့ဝင်ဖြစ်သည်။ ထိုအဖွဲ့သည် စစ်တပ်ကျောထောက်နောက်ခံပြု ဦးသိန်းစိန် အစိုးရခေတ်တွင် အင်အားကြီးမားလာသည့် မွတ်ဆလင်ဆန့်ကျင်ရေးအဖွဲ့ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် ပိတ်ပင်ခံရသည်။
မြန်မာစစ်တပ်က ၎င်းတို့သည် မြန်မာတွင် အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်သူဖြစ်သည် ဆိုသည့် လုပ်ဇာတ်ကို ဖက်တွယ်ထားပြီး ၎င်းတို့ကို စိန်ခေါ်သူ မည်သူမဆိုသည် အမျိုးဘာသာကို ဖျက်ဆီးသူဟု တံဆိပ်ကပ်လေ့ရှိသည်။ ထို့အပြင် စစ်တပ်သည် ထိုအမျိုးသားရေးအစွန်းရောက် မဘသအုပ်စုကို အကြီးအကျယ် ထောက်ခံပြီး ထိုအဖွဲ့လိုအပ်သည်ဟုဆိုကာ ထိုအဖွဲ့ကို ဗုဒ္ဓ ဘာသာဝင်များက ထောက်ခံသင့်သည်ဟု ပြောသည်။ ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင် အာဏာသိမ်းသောအခါ မဘသက ထောက်ခံသည်။
အရှင် အရိယာဝံသသည် စစ်ကောင်စီလိုလားသော ထောက်ခံပွဲများတွင် အမြဲလိုလိုတွေ့ရသူ ဖြစ်သည်။ သူသည် အထက်မြန်မာနိုင်ငံမှ တော်လှန်ရေး အင်အားစုများကို တိုက်ရန် စစ်ကောင်စီ လိုလားသော ပြည်သူ့စစ် ပျူစောထီးအဖွဲ့ကို ကူညီ ဖွဲ့စည်းသူ ဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီစစ်သားများ အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် စစ်ကောင်စီက ပြည်သူလူထုထောက်ခံမှု တောင်းဆိုသောအခါ ထိုဘုန်းကြီးကလည်း အလားတူတောင်းဆိုပြီး စစ်တပ်အတွက် အလှူငွေကောက်ခံပွဲများ ချက်ခြင်း ပြုလုပ်ကာ အခြားသူများလည်း အလားတူ လုပ်ရန် တောင်းဆိုသည်။
သို့သော် မင်းအောင်လှိုင်သည် စိတ်ပျက်စရာတခုဖြစ်လာသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ပြင်ဦးလွင်တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် ထိုဘုန်းကြီးက မင်းအောင်လှိုင်၏ လက်ထောက် စိုးဝင်းကို ချီးကျူးပြောဆိုသည်။
” သူ့မျက်နှာထားနဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်လိုက်။ စစ်သားပီသတယ် မဟုတ်ဘူးလား” ဟု ပရိသတ်ကို သူပြောသည်။
“ဟုတ်တယ်” ဟု ပရိသတ်ကလည်း အော်ကြသည်။
ထိုနောက် Facebook တွင် ထိုဘုန်းကြီးက သူ အမှန်အတိုင်းပြောကြောင်း ပြောပြီး ထိုပြောဆိုမှု၏ အကျိုးဆက်များကို ခံယူမည်ဖြစ်ကြောင်းပြောသည်။
စစ်ကောင်စီ အာဘော် မီဒီယာများက နောက်တနေ့တွင် ထိုထောက်ခံပွဲအကြောင်း ဖေါ်ပြသောအခါ အရှင် အရိယာဝံသက မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုသည့်အကြောင်းကို မည်သည့် နေရာတွင်မျှ မဖေါ်ပြပေ။
You may also like these stories:
ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်
ရှမ်းမြောက်၌ အရေးနိမ့်နေချိန် စစ်တပ် ဘာသာရေးပဋိပက္ခ လှုံ့ဆော်
အကျအဆုံးများနေသည့် စစ်တပ် ဘာသာရေးဖြင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်လာ
မေတ္တာတရား၊ စစ်နှင့် ဖရီးဘားမားရိန်းဂျားများ
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ