စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မဲအိုးရွာခံ ၁၅ ဦးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ၅ ဦးကို သတ်ဖြတ်ခဲ့ကာ ကျန် ၁၀ ဦးကို ဓားစာခံအဖြစ် ဆက်လက် ဖမ်းထားကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံက သိရသည်။
ဘီးလူးစစ်ကြောင်းတပ်ဖွဲ့၌ ဖူးကြီးအခြေစိုက် အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၄)၏ တိုက်ကြီး အခြေစိုက် ခမရ ၇၀၈ နှင့် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၆၆) လက်အောက်ခံ ရွှေယားချောင်း အခြေ စိုက် ခလရ ၁၁ တို့မှ အင်အား ၈၅ ဦးခန့်ပါပြီး ဇန်နဝါရီ ၁၈ ရက်က မဲအိုးရွာကို ဝင်ကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူတို့အနက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ထမ်း အသက် ၂၈ နှစ်ခန့်ရှိ မခင်နှင်းဌေး၊ ကိုဇော်ဝင်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော် (ခ) ကိုကုလား၊ ကိုဇင်မင်းညွန့် (ခ) တာပုတို့ကို ရက်ရက်စက်စက် သတ်ဖြတ်၍ မဝေခင်၊ မခင်ဆန်းလွင်၊ မလေးတင်၊ ဒေါ်တင်တင်၊ အောင်မျိုး၊ ဇွဲထက်နိုင်၊ စိုးထွန်း၊ လင်းထင်၊ စိုးမင်းပိုင်၊ ရဲလင်းနိုင်တို့မှာ ဆက်လက်ဖမ်းဆီးထားရာ ယခုအထိ အခြေအနေ မသိရသေးကြောင်း ဒီပဲယင်းမြို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။
၎င်းက “မဲအိုးကျေးရွာကို ဝင်စီးပြီးတော့ ၆၀ လောက်ထိ အဖမ်းခံရတယ်။ မဲအိုးဘုန်းကြီးကျောင်းထဲမှာ စုပြီးမှ ၁၅ ယောက် ကို လက်ယက်ကုန်းရွာဘက်ကို ဖမ်းခေါ်သွားတာ။ ဖမ်းခေါ်သွားတဲ့အထဲက အမျိုးသား ၃ ဦး၊ အမျိုးသမီးတဦးကို သတ်ထားခဲ့တယ်။ ယောက်ျားလေးတွေကတော့ လည်ပင်း၊ ခေါင်း၊ လက်ခြေတွေကို ခုတ်ထစ်ဖြတ်တောက်ပြီး သတ်ဖြတ်ခဲ့တာ။ မိန်းကလေးကတော့ မီးရှို့ပြီးသတ်ခဲ့တာကြောင့် အိမ်တလုံးလည်း မီးလောင်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၁၉ ရက်တွင် လက်ယက်ကုန်းကျေးရွာ၌ ရက်ရက်စက်စက် ခြေ၊ လက်၊ ခေါင်း များ ဖြတ်တောက်ကာ သတ်ဖြတ်ခံ ထားရသည့် အမျိုးသမီးတဦး အပါအဝင် ၄ ဦးရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီခန့် တွင်လည်း လည်လှီးသတ်ဖြတ်ခံထားရသည့် ကိုဇင်မင်းညွန့် (ခ) တာပု၏အလောင်းကို ပိဋကတ်ကျကျေးရွာအနီး၌ တွေ့ရှိခဲ့ခြင်းဟု သိရသည်။
မခင်နှင်းဌေးကို လက်ယက်ကုန်းကျေးရွာရှိ နေအိမ်တလုံး၌ စစ်ဆေးမေးမြန်းပြီးနောက် ဒရွတ်တိုက် ဆွဲခေါ်ကာ အခြား နေအိမ်တလုံးအတွင်း ထည့်သွင်းမီးရှို့သတ်ဖြတ်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “မခင်နှင်းဌေးက နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့တဲ့သူဖြစ်တယ်၊ သူ့ကို လက်ယက်ကုန်းမှာ စစ်ဆေးမေးမြန်းပြီး အုပ်စုလိုက် အဓမ္မပြုကျင့်ခံရတယ်လို့ ယူဆတယ်၊ ဘာကြောင့်လဲဆိုတော့ အမျိုးသား ရုပ်အလောင်း တွေကို ဒီအတိုင်းတွေ့ရပြီး မိန်းကလေး ရုပ်အလောင်းတခုတည်းကိုပဲ မီးရှို့တာကြောင့်မို့ပါ။ Rape လုပ်ခံရတာကို ဆေးစစ်ချက် ယူလို့မရအောင် ဖျောက်ချင်လို့သာ မီးရှို့ပစ်ခဲ့ကြတာ၊ အကြမ်းဖက် စစ်ကောင်စီက ဒါမျိုးတွေ လုပ်တာဆိုတော့ အခုလိုမျိုး ယူဆရပါတယ်” ဟု ပြောဆိုသည်။
သတ်ဖြတ်ခံရသူများနှင့် ဖမ်းဆီးခံရသူများတွင် မြို့နယ်တရားရေး တာဝန်ခံ ဒေါ်ခင်နှင်းဌေးမှ လွဲ၍ ကျန်သူများမှာ သာမန် အရပ်သား ပြည်သူများသာ ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များနှင့် ဆက်စပ်မှုရှိကာ ထောက်ပံ့မှုများ ပြုလုပ်သည်ဆိုသော စွပ်စွဲချက်များဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းမျိုးဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
ဒီပဲယင်းညီနောင်အဖွဲ့မှ ကိုကြီးဖြိုးက “နှိပ်စက် ညှဉ်းပန်းခံထားရတဲ့ အိမ်အနီးမှာ မခင်နှင်းဌေး ဝတ်ဆင်ခဲ့တဲ့ အနွေးထည်နဲ့ လုံချည်ကို တွေ့ရတယ်။ ပြီးတော့ သူ့ကို နှိပ်စက်တဲ့အိမ်မှာလည်း သွေးကွက် တွေ့တယ်။ သူရဲ့ ပယင်းလည်ဆွဲပြတ်ပြီး ထွက်ကျနေတဲ့ ပယင်းပုတီးစေ့တွေကိုလည်း သွေးအိုင်ထဲမှာ တွေ့ရတယ်၊ အဲဒီလိုတွေ့ရတဲ့အတွက် မခင်နှင်းဌေး ဖြစ်တယ် ဆိုတာကို ဒေသခံတွေက ကောက်ချက်ချနိုင်ခဲ့တဲ့အပြင် မုဒိမ်းကျင့်ခံရတယ်လို့ပါ သုံးသပ်ကြတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် မဲအိုးရွာသို့ ဝင်ရောက်စီးနင်းချိန်တွင် ဒေသခံများထံမှ ရွှေ၊ငွေ၊ ဖုန်း တန်ဖိုးရှိ ပစ္စည်းများကိုလည်း သိမ်းဆည်း ယူဆောင်သွားကြသလို စစ်ကြောင်းထိုးမှုကြောင့် မဲအိုး၊ လက်ယက်ကုန်းကျေးရွာများအပါအဝင် အနီးရှိ ရွာ ၇ ရွာခန့်မှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဟု သိရသည်။
မဲအိုးကျေးရွာဖြစ်စဉ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇန်နဝါရီ ၁၈ ရက်က မဲအိုးကျေးရွာကို စီးနင်းချိန် ဒီပဲယင်းမြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်အမတ်၏ ကိုယ်စားလှယ်ဖြစ်သူ မခင်နှင်းဌေး အပါအဝင် PDF အဖွဲ့ဝင် ၂၀ ဦး ကို ဖမ်းဆီးထားကြောင်း ဓာတ်ပုံများနှင့်တကွ သတင်း ဖြန့်ဝေထားသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့တွင် လက်ယက်ကုန်းကျေးရွာနှင့် ၅ မိုင်ခန့် အကွာအဝေးတွင်ရှိသော ရေဦးမြို့နယ် ဇိမ့်ဇွန်း ကျေးရွာမှတဆင့် မုတ်စီကျေးရွာသို့ ဖမ်းဆီးခံထားရသူများနှင့်အတူ ရောက်ရှိနေကြောင်း သိရသည်။
You may also like these stories:
လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ
မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု
မန္တလေးတိုင်းရှိ ရှေးဟောင်းမြို့များကို စစ်မီးဘေးမှ ကာကွယ်ရန် NUG ကြိုးစား