ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်း ဇန်နဝါရီ ၂၀ ရက်က ဖြစ်ခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် စစ်ကောင်စီ ဦးဆောင်သည့် ဦးအောင်ခမ်းထီး၏ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA)တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ဖမ်းသွားသည့် PNLO/PNLA တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်း ပါ ၃ ဦး ယနေ့ပြန် လွတ်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၃ ဦးမှာ ဗိုလ်မှူး ခွန်မင်းသိမ်း၊ ဗိုလ်ကြီး ဗိုလ်ကြီး ခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်းတို့ဖြစ်ပြီး အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် တောင်ကြီးမြို့ အခြေစိုက် စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ) သို့ ခေါ်ဆောင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PNLO မှ တာဝန်ရှိသူတဦးက “ပြဿနာဖြစ်တာကို ဖြေရှင်းမယ်ဆိုပြီး မနေ့က စရဖရုံးကို ခေါ်သွားတာ။ ဒီနေ့တော့ ဗိုလ်မှူး ခွန်မင်းသိမ်းနဲ့လည်း အဆက်အသွယ်တော့ ပြန်ရပြီ။ ပြန်လွတ်လာကြပြီ” ဟု ပြောသည်။
ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းကဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် PNLO တပ်ဖွဲ့ဝင် များ၏ ကား ၅ စီးပါ ယာဉ်တန်းအား စစ်ကောင်စီနှင့် ဦးအောင်ခမ်းထီး လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာမှ စတင်ကာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုယာဉ်တန်းသည် PNLO တပ်ဖွဲ့၏ လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တားဆီးပိတ်ဆို့ကာ လက်နက်များအပ်ရန် ဖိအားပေးခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်းလည်း PNLO တပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ရှေ့လည်း သွားမရ၊ နောက်ဆုတ်လည်းမရ ပိတ်ဆို့ပြီး အကျပ်ကိုင်လို့ အခုလို တိုက်ပွဲဖြစ်ရတာပါ” ဟု ပြောသည်။
ထိုလက်နက်များသည် မဟာမိတ်များထံမှ သင်တန်းဆင်းပြန်လာသည့် PNLO တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ ဖြစ်ကြောင်း သိရသည်။
၎င်းက “လက်နက်တွေကို ပေးဖို့ တောင်းတာ၊ ကျနော်တို့ဘက်ကလည်း မပေးနိုင်တော့ တိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့ လက်နက်ကို သူတို့ဆီ အပ်ရမယ်ဆိုတဲ့ ပုံစံကတော့ ဆိုးတာပေါ့။ ညှိနှိုင်းမရတဲ့အဆုံး လက်နက်တွေ မီးရှို့ပစ်လိုက်တာ” ဟု ပြောသည်။
PNLO အဖွဲ့သည် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားချိန်တွင်လည်း PNLO အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပါဝင် တက်ရောက်လျက်ရှိသည်။

စစ်ကောင်စီဘက်ကမူ PNLO တပ်ဖွဲ့ဝင်များနှင့် NCA သဘောတူညီချက်များ လေးစားလိုက်နာရေး ဆွေးနွေးညှိနှိုင်းခဲ့သည့် အတွက် ပစ်ခတ်မှု ရပ်တန့်သွားသော်လည်း PNLO တပ်ဖွဲ့ဝင်များအနေဖြင့် ကားများအား မီးရှို့ကာ ထွက်ပြေးသွားခဲ့ပြီး ကား ပေါ်ရှိ ခဲယမ်းများ ပေါက်ကွဲကာ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း ယနေ့ သတင်း ထုတ်ပြန်ထား သည်။
မီးလောင်ကျွမ်းနေသည့် ကားများပေါ်မှလည်း ပျက်စီးနေသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG 10 လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
ထိုပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခဲယမ်း များပေါက်ကွဲမှုကြောင့် စံဖူးကျေးရွာမှ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း စစ်ကောင်စီက ဖော်ပြ ထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က စံဖူးကျေးရွာလမ်းပိုင်းအား ဖြတ်သန်း သွားလာခွင့်မပေးဘဲ ပိတ်ဆို့ထား သည့်အတွက် ဒေသခံများနှင့် မဲနယ်တောင်သို့ လာရောက်သည့် ခရီးသွားအချို့ ပိတ်မိနေကြောင်းလည်း ဒေသခံများက သတင်းမီဒီယာများထံ ပြောထားသည်။
လက်ရှိတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လမ်းကြောင်း ဆက်လက်ပိတ်ဆို့ထား ပါက ထိတွေ့တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်းလည်း PNLO တပ်ဖွဲ့ဝင်တဦးက ပြောသည်။
You may also like these stories:
ဒီပဲယင်း ဒေသခံ ၁၅ဦး စစ်ကြောင်းက ဖမ်းဆီး၊ ၅ ဦး သတ်ဖြတ်ခံရ
မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့ ထိန်းချုပ်