အိမ်နီးချင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေစဉ် အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်စနစ် (FMR) သဘောတူစာချုပ်ကို ဖျက်သိမ်းရန် ကြိုးပမ်းနေသည်။
ရခိုင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က အိန္ဒိယနယ်စပ်ရှိ မြို့တခုကို သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက မိုင်တထောင်ရှည်သောနယ်စပ်ကို ခြံစည်းရိုး ခတ်ရန် ကြေညာလိုက်ခြင်း ဖြစ်သည်။
၎င်းက “နာရန်ဒရာမိုဒီ အစိုးရက ဘင်္ဂလားဒေ့ရှ် နယ်စပ်လို မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတဲ့အကြောင်း အာသံက မိတ်ဆွေတွေကို ပြောချင်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက အစိုးရအနေဖြင့် မြန်မာနှင့် သဘောတူထားသည့် FMR စာချုပ်ကို ပြန်လည်စဉ်းစားသုံးသပ်နေပြီး မကြာမီ အိန္ဒိယသို့ လွတ်လပ်စွာသွားလာခွင့် အဆုံးသတ်မည်ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များဖြစ်သော မဏိပူ၊ မီဇိုရမ်၊ နာဂလန်း၊ အာရန်နာချယ် ပရာဒက် ပြည်နယ်များနှင့် ရှည်လျားစွာထိစပ်နေပြီး FMR စာချုပ်အရ နှစ်နိုင်ငံနယ်စပ်မှ ပြည်သူများအနေဖြင့် ပြည်ဝင်ခွင့်မလိုဘဲ နယ်စပ်မှ ၁၀ မိုင်အထိ သွားလာနိုင်သည်။
၂၀၁၈ တွင် အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် မြန်မာပြည်သူများသည် ပြည်တွင်း လက်နက်ကိုင်ပဋိက္ခများမှ လွတ်မြောက်ရေး အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ၌ ခိုလှုံရန် ထွက်ပြေးခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ လူပေါင်း ၃ သောင်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ခိုလှုံခဲ့ကြသည်။

တိုင်းရင်းသားမဟာမိတ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ၂၀၂၃ အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ စစ်တပ်ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြန်မာစစ်သား အနည်းဆုံး ၄၁၆ ဦး အိန္ဒိယသို့ ထွက်ပြေးလာသည်။
အိန္ဒိယ အာဏာပိုင်များသည် ထိုမြန်မာစစ်သားများကို ရက်ပိုင်းအတွင်း မြန်မာသို့ ပြန်ပို့နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
မစ္စတာရှားက ပြီးခဲ့သည့် ၂၀၂၃ မေလ၌ လူပေါင်း အနည်းဆုံး ၁၈၀ သေဆုံးခဲ့ရသော အိန္ဒိယနိုင်ငံ မဏိပူမှ လူနည်းစု ကူကီးနှင့် လူများစု မဏိပူများကြား ပဋိပက္ခအတွက် မြန်မာပြည်တွင်း မတည်ငြိမ်မှုကို အပြစ်တင်သည်။
ထို့ပြင် ၎င်းက မြန်မာပြည်၏ နိုင်ငံရေးမတည်ငြိမ်မှုသည် အတားအဆီးမရှိသည့် နယ်စပ်မှတဆင့် ဒုက္ခသည်ထောင်ချီ ဝင်ရောက်စေကြောင်းလည်း အိန္ဒိယပါလ်ီမန်သို့ ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ ပြောခဲ့သည်။
ထိုသို့ မြန်မာဒုက္ခသည် အလုံးအရင်း ဝင်ရောက်ခြင်းသည် မဏိပူများကြား မလုံခြုံမှု ဖြစ်စေသည်ဟုလည်း မစ္စတာရှားက ဆိုသည်။
တချိန်တည်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီကြား ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူထားသည်။
ကိုးကား ။ ။ Independent
You may also like these stories:
မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်
အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်
အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်