နှစ်နိုင်ငံ သဘောတူညီမှု စာချုပ် (MoU) နှင့် ထိုင်းသို့ သွားရောက် အလုပ်လုပ်မည့် လုပ်သားများကို ဖေဖော် ဝါရီလ မှစ၍ ရန်ကုန်- ဒွန်မောင်း လေယာဉ်ခရီးစဉ်ဖြင့်သာ စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမား ဝန် ကြီး ဌာနက ထုတ်ပြန်ထားသည်။
MoU လုပ်သား ပုံမှန်စေလွှတ်နေကျ မြဝတီ- မဲဆောက်လမ်းကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက် က ယာယီ ရပ်ဆိုင်းလိုက်သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ အဓိက စေလွှတ်နေရပြီး စရိတ်ကြီးသဖြင့် ကုန်ကျစရိတ် ပိုမို သက်သာသည့် ယခုလမ်းကြောင်းမှ စေလွှတ်ခြင်းဖြစ်ကြောင်း ပြည်ပ အလုပ် ကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ဟိုးအရင် လက်ထက်တွေကတည်းက တောင်းဆိုခဲ့တာပေါ့။ အခုက မပေးလို့ မရတဲ့ အခြေအနေဖြစ်နေတော့ ဖွင့်ပေးရတာပေါ့။ မဟုတ်ရင် လုပ်ငန်းစဉ်ပျက်သွားနိုင်တာကို။ အရင် လုံးဝမရှိခဲ့ဘူး။ အခုကျမှ ရတာ။ အခုမှ ပထမဆုံး ရန်ကုန်- ဘန်ကောက်ခရီးစဉ်မှာ MoU အလုပ်သမားတွေ လေယာဉ်နဲ့ ပို့ဖို့ပေါ့” ဟု ပြောသည်။
၎င်းMoU လုပ်သားများအား ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်၊ ထိုမှတဆင့် လိုအပ်သည့် စစ်ဆေးမှု များပြုလုပ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ကုန်ကျစရိတ်က ကော့သောင်း- ရနောင်းထက် ဈေးနည်းတယ်။ သူက ၄ သိန်းခွဲကျော်နေပြီ။ ရန်ကုန်-ဘန်ကောက် ခရီးစဉ်က ပျမ်းမျှ ဒေါ်လာ ၇၅ နဲ့ ၁၀၀ ဆို ရနေပြီ။ ရန်ကုန်- ဘန်ကောက်ခရီးစဉ်က ပိုသက်သာသွားတယ်။ မဲဆောက်- မြဝတီ လမ်းစဉ်ထက် နည်းနည်းပဲ ပိုစိုက်ရမယ်” ဟု MOEAF မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခင် ပို့ဆောင်နေကျ မြဝတီ- မဲဆောက်ချစ်ကြည်ရေးတံတားမှ သွားရမည်ဆိုပါက ကုန်ကျစရိတ်မှာ ငွေကျပ် ၁ သိန်း ခွဲမှ ၂ သိန်းကြား ကုန်ကျကြောင်း သိရသည်။
လေကြောင်းမှတဆင့် လုပ်သား စေလွှတ်မည့် အေဂျင်စီများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ အနည်းဆုံး ၁၀ ရက် ကြိုတင်ပြရမည်ဖြစ်ပြီး ထိုသို့တင်ပြရာတွင် အလုပ်သမား အမည်စာရင်း၊ လေကြောင်းလိုင်းအမည်၊ လေယာဉ် အမှတ်၊ လေယာဉ်အချိန် စသည့်အချက်များကို ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ လေကြောင်းဖြင့် ပို့မည် ဆိုသော်လည်း MoU ဖြင့်လာကာ ထိုင်းနိုင်ငံတွင် အလုပ်မရှိ၍ ဒုက္ခ ရောက်နေသည့် မြန်မာလုပ်သားများစွာရှိနေကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်သူများက ထောက်ပြ ပြောဆိုသည်။
မြန်မာ အလုပ်သမား စောင့်ရှောက်ရေးအဖွဲ့ (WAG) မှ တာဝန်ခံ ကိုမုန်တိုင်းက “လေကြောင်းကပဲ ပို့ပို့ ကားနဲ့ပဲပို့ပို့ ထိုင်း နိုင်ငံထဲမှာ တကယ်ရော အလုပ် ရှိရဲ့လား။ တကယ်ရော မှန်မှန်ကန်ကန် ဖြစ်ရဲ့လားဆိုတာကို စိစစ်စေချင်တယ်။ ထိုင်းထဲရောက်ပြီးတော့မှ အလုပ်မရှိဘဲ ဒုက္ခရောက်နေတဲ့ MoU တွေ ဆိုရင်လည်း တပုံကြီးပဲ။ လက်ရှိ စစ်ကောင်စီ ကတော့ သူတို့ ဘတ်ဂျက်ရဖို့ အေဂျင်စီတွေကို ဖိအားပေးတာပဲ။ ဘယ်သူနဲ့ပဲလာလာ ထိုင်းထဲကို ရောက်လာတဲ့ အချိန် မှာ လုပ်ငန်းခွင် တိတိကျကျ ဖြစ်စေချင်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် MoU လုပ်သားများတွင် ၁၀ ရာခိုင်နှုန်းခန့်သာ လုပ်ငန်းခွင်အတည်တကျရကြပြီး ကျန်သည့် ၉၀ ရာခိုင်နှုန်းမှာ ဒုက္ခရောက်နေရကြောင်း မြန်မာအလုပ်သမားများ ကူညီပေးရေး မဟာမိတ်အဖွဲ့ (AAC) (လက်တွဲကူညီ) မှ ကိုနေလင်းသူက ဆိုသည်။
၎င်းက “တရားဝင်တက်လာပြီး ဒုက္ခရောက်နေတဲ့ MoU လုပ်သားတွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြည့် အဝ အလုပ်သမား ခံစားခွင့်မရဘူး။ ၁၀၀ ရာခိုင်နှုန်းမှာ အလုပ်သမားခံစားခွင့်ရတာဆိုရင် ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းလောက်က ပေါက်ကရတွေ ဖြစ်နေတာ။ တရားဝင်တွေလို့ ပြောပြီးသာ ပို့နေတာ။ တကယ် ရောက်ရင် အလုပ်သမားတွေက တောရောက်တောင်ရောက်နဲ့ ရင်ဆိုင်နေရတဲ့ အလုပ်သမားတွေ အများကြီးရှိတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ MoU အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေလမှ စတင်ကာ ပြန်လည်စေလွှတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေ မလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ် ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲ၌ MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
မြဝတီ-မဲဆောက်လမ်းမှ MoU လုပ်သားစေလွှတ်မှု ရပ်ဆိုင်း
၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ