ထိုင်းအတိုက်အခံ ရှေ့သို့ချီ Moving Forward ပါတီခေါင်းဆောင်ဟောင်း ဖိထာ လင်ဂျာရွန်ရတ်သည် မီဒီယာ ရှယ်ယာပိုင်ဆိုင်မှုအတွက် သူ့ကံကြမ္မာကို စီရင်ဆုံးဖြတ်ရန် ချိန်းဆိုထားသည့် ဗုဒ္ဓဟူးနေ့တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ လွန်ခဲ့သောနှစ်က ထိုအမှုအတွက် သူ ပါလီမန်မှ ဆိုင်းငံ့ခံရသည်။ တပြိုင်နက်တည်းတွင် ထိုအမှုသည် သူ၏ ပါတီ အစိုးရဖွဲ့စည်းရေးအားထုတ်မှုများကိုလည်း ထိထိရောက်ရောက် ကျဆုံးစေသည်။ သို့သော် ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတွင် ပျော်ရွှင်ခဲ့သော်လည်း အောင်ပွဲမခံဘဲ တိတ်ဆိတ်နေသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စီစဉ်ထားသည့် အမှုဆုံးဖြတ်ချက်သည် သူ၏ပါတီ အနာဂတ်ဆက်လက်ရပ်တည်ရေးကို အဆုံးအဖြတ်ပေးနိုင်သည်။
ဗုဒ္ဓဟူးနေ့က လွန်စွာ အရေးပါသည့် ဆုံးဖြတ်ချက်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရှေ့သို့ချီ ပါတီခေါင်းဆောင်ဟောင်း ဖိထာ လင်ဂျာရွန်ရတ်သည် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မချိုးဖေါက်ကြောင်း ကြေညာလိုက်သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပါလီမန် အမတ်များ မီဒီယာ ရှယ်ယာပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည်။ လက်တွေ့တွင် တရားရုံးက ဖိထာ၏ ရှေ့သို့ချီ ပါတီစာရင်းဝင် ပါလီမန်အမတ်အဆင့်အတန်းကို အတည်ပြုပေးလိုက်ခြင်းပင်။
ဖိထာရှယ်ပိုင်ဆိုင်ထားသည့် iTV Plc သည် ၂၀၀၇ ခုနှစ်တွင် မီဒီယာအဖွဲ့အစည်းအဖြစ်မှ ရပ်ဆိုင်းသွားကြောင်း ဆုံးဖြတ်သည်။
အဖွဲ့ဝင် ၉ ဦးပါ အဖွဲ့တွင် မဲခွဲသောအခါ နာခါရင် မက်ထရိုင်ရက်ကသာ သဘောမတူဘဲ ၈ မဲ ၁ မဲဖြင့်နိုင်သည်။ နာခါရင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သည်။ ယခင်က ထိုအဖွဲ့သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ များတွင် အာဏာသိမ်းစစ်ကောင်စီ အောက်မှ အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် စစ်တပ်နှင့် ဗျူရိုကရက်အသိုင်းအဝိုင်းက ထိန်းချုပ်ထားသည့် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို လမ်းဖွင့်ပေးခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခံရအပြီး ဖိထာသည် ပါလီမန် ကိုယ်စားလှယ် အဖြစ်မှ ဖယ်ရှားခံရသည်။ ထိုတိုင်ကြားစာတွင် ဖိထာသည် ရွေးကောက်ပွဲစည်းမျဉ်းများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခံရသည်။
ဖိထာသည် ကွယ်လွန်သူဖခင်၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းသူအဖြစ် iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်သည်။ ထိုနောက် သူသည် ထိုရှယ်ယာများကို ဆွေမျိုးတဦးသို့ လွန်ခဲ့သောနှစ်တွင် လွှဲပြောင်းပေးအပ်လိုက်သည်။
ဖိထာသည် ထိုရှယ်ယာတခုသာ ပိုင်ဆိုင်လျင်ပင် ချိုးဖေါက်မှုမြောက်ကြောင်း တရားရုံးက အလေးထားပြောသည်။ သို့သော် iTV သည် မီဒီယာ လုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေမှသာ ချိုးဖေါက်ရာရောက်သည်။
တရားရုံးသည် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ (၃) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုရပါက ထိုပုဒ်မသည် ပါလီမန်ကိုယ်စားလှယ်များကို သတင်းစာ သို့မဟုတ် မီဒီယာ ပိုင်ရှင်ဖြစ်ခြင်းမှ တားမြစ်သည်။
ဗုဒ္ဓဟူးနေ့က ထိုဆုံးဖြတ်ချက်အတွက် ဖိထာက Facebook တွင် ကျေးဇူးတင်ကြောင်း ရေးသားသည်။
နိုင်ငံတွင် လူကြိုက်အများဆုံး ပါလီမန်ကိုယ်စားလှယ် ဖိထာသည် ရှေ့သို့မျှော်တွေးနေပြီဖြစ်သည်။ “ရှေ့သို့ ဆက်လက် ချီတက် အလုပ်ဆက်လုပ်” နေရန် သူကတိပြုသည်။
တချိန်တည်းတွင် သူသည် ပါတီခေါင်းဆောင်မှုကို ပြန်လည်စတင်ထမ်းဆောင်မည် ဆိုသည့် လျင်မြန်သော ခန်မှန်းချက်များလည်း ထွက်လာသည်။ ဖိထာက လတ်တလောတွင် မည်သည့် ခေါင်းဆောင်မှု အပြောင်းအလဲမျှ လုပ်မည်မဟုတ်ဟု ပြောသည်။
တရားရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးတွင် ဝမ်းသာပျော်ရွှင်နေသည့် ကြီးမားသည့် လူအုပ်အကြား ချမှတ်ခြင်းဖြစ်သည်။ အချို့က တေးသီချင်းများ တီးမှုတ်ကြသည်။ အများစုက လူငယ် နိုင်ငံရေးခေါင်းဆောင် ဖိထာကို ထောက်ခံမှု ဖေါ်ပြကြသည်။
ထိုင်းနိုင်ငံသည် ဖိထာကဲ့သို့ ပိုမိုခေတ်မီသည့် ဝန်ကြီးချုပ်တဦးလွန်စွာလိုအပ်နေကြောင်း အသက် ၆၀ အရွယ် အမျိုးသမီးတဦးက သတင်းထောက်များကို ပြောသည်။
တရားရုံးက ၎င်း၏ အများစု ဆုံးဖြတ်ချက်တွင် iTV သည် မီဒီယာ အဖွဲ့အစည်း အဆင့်အတန်းကို ၂၀၀၇ ခုနှစ်က ဆုံးရှုံးခဲ့ကြောင်း အလေးထားပြောသည်။
အတိအကျဆိုရပါက ထိုအချိန်သည် အစိုးရက ရုပ်သံလွှင့်ခွင့်လိုင်စင် ရုတ်သိမ်းလိုက်သည့် အချိန်ဖြစ်သည်။ အစိုးရကို မပေးဆောင်ရသေးသည့် အခကြေးငွေများနှင့်ပတ်သက်သည့် iTV ၏ ဥပဒေအရ အငြင်းပွားမှုသည် မီဒီယာလုပ်ငန်း မဟုတ်ကြောင်း တရားသူကြီးများ ရှင်းပြသည်။
လွန်ခဲ့သောနှစ်တွင် iTV ရှယ်ယာရှင်များအစည်းအဝေးမှ ပေါက်ကြားလာသော ဗီဒီယိုတခုသည် စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ နောက်တွင် စုံစမ်းစစ်ဆေးမှုများအရ မည်သည့် မီဒီယာ လှုပ်ရှားမှု သို့မဟုတ် ဝင်ငွေမျှ မရှိတော့ကြောင်း သိရသည်။
ထိုနောက် ရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုစွဲချက်ကို ပယ်ချရန် အကြံပြုသော်လည်း အမှုကို ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ဖိထာကို ပါလီမန်ကိုယ်စားလှယ်အဖြစ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဆိုင်းငံ့သည်။ အမှုကို လက်ခံရန် သဘောတူခဲ့သည်။
ထိုသို့ဆိုင်းငံ့သည့် ဇူလိုင်လ ၁၉ ရက်နေ့သည် ဖိထာ ဝန်ကြီးချုပ်အဖြစ် မဲခွဲရန် ထပ်မံ ကြိုးစားမှုကို ပါလီမန်က ပယ်ချသောနေ့ ဖြစ်သည်။
ထိုင်းအထက်လွှတ်တော်က အပြင်းအထန် ဆန့်ကျင်သောကြောင့် ထပ်မံမဲခွဲရန် မဖြစ်နိုင်တော့ပေ။
ထိုနောက် ထိုဖြစ်ရပ်သည် ရှေ့သို့ချီ ပါတီ အစိုးရဖွဲ့ရန် အားထုတ်မှုများ၏ နိဂုံးဖြစ်သည်။ ရှေ့သို့ချီ ပါတီသည် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းသည့် ဖွေထိုင်းပါတီနှင့် ရည်မှန်းချက် ကြီးမားသော မဟာမိတ်တခုကိုလည်း ဖန်တီးခဲ့သည်။
သို့သော် ဖွေ့ထိုင်းပါတီက ရှေ့သို့ချီပါတီနှင့် လမ်းခွဲထွက်ပြီး စစ်တပ်ယိမ်းပါတီများနှင့် ပူးပေါင်းအစိုးရဖွဲ့သောအခါ ၂၀၂၃ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း ရှေ့သို့ချီပါတီ နောက်ဆုံးတွင် အစိုးရ မဖွဲ့ နိုင်တော့ပေ။
ဖိထာကို ပါလီမန်မှ ဆိုင်းငံ့ခြင်းနှင့် ဝန်ကြီးချုပ် အဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ပယ်ချခြင်းတို့သည် ထိုအချိန်က အန္တရာယ်များသည့် နိုင်ငံရေး ရုတ်ရုတ်သဲသဲ အခြေအနေကို ဖြစ်စေခဲ့သည်။ ယခုအခါ အားလုံး ရှင်းလင်းသွားပြီဖြစ်သောကြောင့် ဖိထာပြန်လာခြင်းသည် နိုင်ငံရေး ရှုခင်းအပေါ် သက်ရောက်မှု ရှိနိုင်သည်။
မည်သို့ဆိုစေ လမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ဖိထာအောင်ပွဲခံသော်လည်း ရှေ့သို့ချီပါတီသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နောက်ထပ် စိန်ခေါ်မှု တခုကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
ပုဒ်မ ၁၁၂ သို့မဟုတ် ဘုရင်စနစ်ကို အကာအကွယ်ပေးသည့် ဥပဒေကို ပြင်ဆင်မည့် ပါတီ၏ အစီအစဉ်သည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးစားမှု မြောက် မမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ နိုင်ငံ၏ အကြီးမားဆုံးပါတီကို ဆန့်ကျင်သည့် တွေ့ရှိချက်သည် ပါတီ ဖျက်သိမ်းခြင်းသို့ ဦးတည်သွားစေနိုင်ခြင်းဖြစ်သည်။
တချိန်တည်းတွင် ဖိထာ၏ အမှုသည် နိုင်ငံရေးသမားများ မီဒီယာပိုင်ဆိုင်မှုအတွက် စံနှုန်းမှတ်ကျောက်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။ iTV လုပ်ငန်းမလည်ပတ်တော့သည့် အဆင့်အဖြစ် တရားရုံး၏ ဆုံးဖြတ်ချက်သည် ကိုးကားစရာ စီရင်ထုံးဖြစ်လာနိုင်သည်။
ဝေဖန်သူများသည် သန်နာထုံ ဂျရောင်ရွန် ဂရူအန်ကစ် နှင့်ပတ်သက်သည့် အလားတူအမှုတခုကို ဗုဒ္ဓဟူး နေ့တွင် ကိုးကားကြသည်။ အနာဂတ်အမှုများအတွက် ဥပဒေကြောင်းအရ သက်ရောက်မှု ရှိနိုင်သည်ဟု ၎င်းတို့ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဥပဒေအပေါ် မေးခွန်းများရှိနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ အထူးသဖြင့် တရားမဝင် မီဒီယာရှယ်ယာပိုင်ဆိုင်မှုဖြစ်ရန် မည်သည်တို့ လိုအပ်သနည်းဆိုသည့် မေးခွန်း ဖြစ်သည်။ အဓိက ပြဿနာမှ ထိုင်းကုမ္ပဏီအများစုကို မီဒီယာ လုပ်ငန်းများအဖြစ် လုပ်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလက ယခင်တရားစီရင်မှုတခုတွင် ယခင် Future Forward ပါတီခေါင်းဆောင် သန်နာထုံကို ပါလီမန် ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားလိုက်သည်။
နောက်ဆုံးတွင် တရားရုံးက သူသည် ဖျက်သိမ်းထားသည့် ထုတ်ဝေရေး လုပ်ငန်းတခုတွင် ရှယ်ယာ ပိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုအမှုသည် ယခု ဗုဒ္ဓဟူးနေ့ဆုံးဖြတ်ချက် မည်သည့်အတွက် မတူသည်ကို ထိုစဉ်က ရှင်းလင်းစွာ မသိရပေ။
တဘက်တွင် ထိုထုတ်ဝေရေးလုပ်ငန်း V Luck Media Co., သည် မီဒီယာ လုပ်ငန်းဆက်လက် လုပ်ကိုင်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ အခြားတဘက်တွင် သန်နာထုံသည် ထိုရှယ်ယာများ သူ၏မိခင်ကို ယခင်ကတည်းက ရောင်းခဲ့ခြင်း ရှိ မရှိဆိုသည့် အချက်အပေါ် အမှု တည်ဆောက်ထားသည်။
အထက်လွှတ်တော် ကိုယ်စားလှယ် ဆွမ်ချိုင်း ဆာဝန်ဝန်က ထိုပြဿနာကို ဗုဒ္ဓဟူးနေ့တွင် သွယ်ဝိုက် ကိုင်တွယ်သည်။ တချိန်တည်းတွင် တရားရုံး၏ ဆုံးဖြတ်ချက်ကို သူချီးကျူပြီး ရလဒ်ကို လေးစား လိုက်နာရန် သူတိုက်တွန်းသည်။
ထိုအထက်လွှတ်တော်ကိုယ်စားလှယ်သည် ၂၀၂၃ ဇူလိုင်လက ရှေ့သို့ချီပါတီ၏ အဆိုပြု အစိုးရကို အပြင်းအထန် ဆန့်ကျင်ဝေဖန်သူဖြစ်သည်။
ဗုဒ္ဓဟူး နေ့တွင် သူသည် ပိုမိုနှစ်လိုဖွယ် အသံဖြင့် တုံ့ပြန်သည်။ “တရားရုံးက ဆုံးဖြတ်ရင် ဒီကိစ္စက ပြီးသွားပြီ။ အနာဂတ် အချက်အလက်တွေလည်း အလားတူပဲ။ ဒီကိစ္စမှာ ဆုံးဖြတ်တာကို ကျနော် ဝင်ရောက်စွက်ဖက်မှု မလုပ်ဘူး” ဟု သူပြောသည်။
” ဒီအမှုပြီးသွားတဲ့အခါ လာမယ့် အပတ် ရှေ့သို့ချီ ပါတီအမှုကို ကျနော်စောင့်မျှော်နေမယ်။ ဖိထာနဲ့ ပတ်သက်ပြီး ဘာရန်ညှိုးမှထားဖို့ မရည်ရွယ်ဘူးလို့ ကျနော်အတည်ပြုတယ်။ ပါလီမန်မှာ ပြန်လည် ထမ်းဆောင်ဖို့ပြန်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်” ဟု ဆွမ်ချိုင်းပြောသည်။
ရှေ့သို့ချီ ပါတီနှင့်ပတ်သက်သည့် အမှုကို ရှေ့နေ သီရာယွတ် ဆူဝန်နာဂါဆွန်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် တိုင်ကြားသည်။
ထိုအမှုကို ရှင်းလင်းပြီးသွားသောအခါ ဖိထာလင်ဂျာရွန်ရတ်သည် ပါတီ၏ ခေါင်းဆောင်မှုကို ပြန်လည်စတင်မည့် လက္ခဏာများရှိနေသည်။ ဖိထာ၏ ဗုဒ္ဓဟူးနေ့က စကားများရှိသော်လည်း လက်ရှိ ခေါင်းဆောင် ချိုင်တာဝတ် တူလာသွန်သည် ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အဆင်မပြေဟု လူသိများသည်။
ပါတီဖျက်သိမ်းခံရမည်ဆိုသည့် စိုးရိမ်မှုများလည်း အမှန်တကယ် ရှိနေသည်။ ရှေ့သို့ချီ ပါတီဖျက်သိမ်း ခံရမည်ဆိုပါက နောက်ထပ်နိုင်ငံရေး အဖွဲ့အစည်းတခု ဖန်တီးရန် နောက်ထောက်ထွက်ပေါက် အစီအစဉ်တခု လုပ်နေသည် ဆိုသည့် သတင်းများလည်း တချိန်တည်းတွင် ထွက်နေသည်။
အလားတူစွာပင် ရှေ့သို့ချီပါတီသည် ၂၀၂၀ ခုနှစ်တွင် Future Forward ပါတီ ဖျက်သိမ်းခံရရာမှ ထွက်ပေါ်လာသည့် ပါတီဖြစ်သည်။
မည်သို့ဆိုစေ ထိုင်းလူထုအကြား မကြုံစဖူး ထောက်ခံမှုရသည့် ဖိထာလင်ဂျာရွန်ရတ် ကံကြမ္မာနှင့် ပတ်သက်သည့် အဓိကမေးခွန်းများ ကျန်ရှိနေဆဲဖြစ်သည်။ Future Forward ပါတီကို ဖျက်သိမ်းစဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးသည် ထိုပါတီ ခေါင်းဆောင်ပိုင်းကို ရှေ့ထွက် နိုင်ငံရေးမှလည်း ပိတ်ပင်ခဲ့သည်။
ခရစ်စမတ်မတိုင်မီက တိုးတက်မှု စီမံခန့်ခွဲရေး အမျိုးသား အင်စတီကျု (NIDA) ၏ လူထု သဘောထား စစ်တမ်းတွင် သူ့ကို ဝန်ကြီးချုပ်အဖြစ်ထောက်ခံသူ ၃၉.၄ ရာခိုင်နှုန်းရှိသည်။ ထိုအပြင် ထိုလူထုသဘောထား စစ်တမ်းအရ လက်ရှိဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်ကို ထောက်ခံသူမှာ ၂၂.၂၅ ရာခိုင်နှုန်းသာရှိသည်။
ကိုးကား။ ။ Thai Examiner.com မှ Pita lives to fight another day. Next week, the court decides the future of the Move Forward Party
You may also like these stories:
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ
ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ
သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်