စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ယူနိုက်တက် ရုရှား (United Russia) ပါတီက ကျင်းပသည့် ကမ္ဘာ့တရားမျှတမှုကို ဖန်တီးရန် ရုရှားနှင့် အရှေ့တောင်အာရှတို့ မည်သို့ပူးပေါင်းနိုင်သည်ကို ဆွေးနွေးသည့် အွန်လိုင်းဆွေးနွေးပွဲတွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပါဝင်ခဲ့သည်။
USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် ဒေသတွင်းမှ အခြားနိုင်ငံရေးပါတီ ခေါင်းဆောာင်များ ထိုဗီဒီယိုဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ထိုဆွေးနွေးပွဲ၏ အမည်ကို “တရားမျှတသော ကမ္ဘာ့စနစ်သစ်ကို ပုံဖော်ရာတွင် ရုရှားနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ တာဝန်သိသော နိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍ” ဟု အမည်ပေးထားသည်။
တက်ရောက်သူများတွင် ယူနိုက်တက် ရုရှားပါတီ ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်၊ လာအို သမ္မတ သောင်လောင် စီဆိုလစ်သ်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန်၊ ထိုင်းနိုင်ငံမှ ဖွေထိုင်းပါတီခေါင်းဆောင် ပေထောင်တန် ရှင်နာဝပ်၊ မလေးရှားမှ ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အစီရက်ဖ် ဝါဂျ်ဒီ ဒူဆူကီ၊ အင်ဒိုနီးရှားမှ ဂိုလ်ကာပါတီ ဒုဥက္ကဋ္ဌ ဒေ့ဖ် လက်ဆိုနိုနှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနမှူး လီဟွိုင်ထရန်တို့ ပါဝင်သည်။
ဦးခင်ရီက ဝင်ရိုးစုံကမ္ဘာ့စနစ်တခု ဖန်တီးရေးအတွက် စိတ်တူကိုယ်တူ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရန် ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း ခင်ရီသည် USDP ဥက္ကဋ္ဌ ရာထူးအဖြစ် ရာထူးမတက်မီက မင်းအောင်လှိုင် အစိုးရတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဖြစ်သည်။ ဗိုလ်ချုပ်ဟောင်းများက ဖန်တီးခဲ့သည့် USDP သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတခုသာ နိုင်ခဲ့ပြီး အဓိကအားဖြင့် မဲလိမ်ခြင်းနှင့် ထိုရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်သောကြောင့်သာ နိုင်ခြင်းဖြစ်သည်။
ထို့နောက် ၂၁၀၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် USDP သည် NLD ၏ ချေမှုန်းခြင်းခံရသည်။
ယူနိုက်တက် ရုရှားပါတီ၏ ကျေးဇူးကြောင့် USDP သည် Facebook ဝါဒဖြန့်ရန် ဓာတ်ပုံသစ်အချို့ ရရှိသွားသည်။
သို့သော် ဦးခင်ရီသည် ကမ္ဘာ့တိုင်းပြည်ခေါင်းဆောင်များတွင် ထုံးစံအားဖြင့် တွေ့ရတတ်သည့် သမိုင်းနောက်ခံမျိုး မရှိကြောင်းကို ယူနိုက်တက် ရုရှားပါတီ မသိပေ။ သူသည် အာဏာရှင်ဟောင်း သန်းရွှေ ခေတ်တွင် ရဲချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အရပ်သားအစိုးရအတုတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဖြစ်သည်။ သူသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် နောက်ပိုင်းတွင် စစ်တပ်ထောက်ခံပွဲများ လုပ်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲနိုင်သော NLD ကို ပြစ်တင်ရှုတ်ချသူ ဖြစ်သည်။
ထို့နောက်တွင် မင်းအောင်လှိုင် စစ်ကောင်စီက သူ့ကို လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးခန့်ပြီး စစ်ကောင်စီသည် အဆိုပြုထားသည့် ရွေးကောက်အတွက် ပြင်ဆင်ရန် အလုပ်များနေသောကြောင့် ၂၀၂၂ ခုနှစ် ကုန်ခါနီးတွင် USDP ဥက္ကဋ္ဌ ဖြစ်လာသည်။
စစ်ကောင်စီနှင့် မော်စကိုအကြား ဆက်ဆံရေး ခိုင်မာလာသောအခါ USDP နှင့် ယူနိုက်တက် ရုရှားပါတီတို့ ပါတီချင်းဆက်ဆံရေး ထူထောင်ကြသည်။
ယူနိုက်တက် ရုရှားပါတီသည် USDP ပါတီဝင်အချို့အတွက် ရုရှားခရီးများ စီစဉ်ပေးသည်။ USDP နှင့် ယူနိုက်တက် ရုရှားပါတီအကြား ဆက်ဆံရေး ပျိုးထောင်ရန် အဆင့်မြင့် ရုရှားအရာရှိများလည်း နေပြည်တော်ရှိ USDP ဌာနချုပ်သို့ သွားရောက် လည်ပတ်ကြသည်။ ထိုသူများတွင် ယူနိုက်တက် ရုရှားက လွှမ်းမိုးထားသည့် ရုရှား အောက်လွှတ်တော်ဖြစ်သော ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌ ရှိုလ်ဘန် ကာရာအူးလ်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ အလက်ဇန္ဒား အော့စထရော့စကီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ဟောင်းတို့လည်း ပါဝင်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်သစ် ဖွဲ့သောအခါ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌခန့်သည်။ သူသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကြီးကြပ်သူဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် USDP သည် မဲရုံပိတ်ပြီး နောက်မှ ရောက်လာသည့် ကြိုတင်မဲများကြောင့် နိုင်သည်။ ထို့နောက် ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည်။ သူသည် NLD ပါတီကိုလည်း ဖျက်သိမ်းသည်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်သည် USDP ကို အကြီးအကျယ် မျက်နှာသာပေးသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကိုလည်း ပြဋ္ဌာန်းသည်။
လွန်ခဲ့သောအပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်သစ် ကက်စကန်ဒါ အဇီဇော့ဗ်သည် လွန်ခဲ့သောအပတ်တွင် ဦးသိန်းစိုးကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံပြီး ၎င်းတို့သည် နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြသည်။ မတ်လတွင် စီစဉ်ထားသည့် ရုရှားသမ္မတ ရွေးကောက်ပွဲများကို လာရောက်လေ့လာရန်လည်း ဦးသိန်းစိုးကို ၎င်းကဖိတ်ခေါ်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Russian Roundtable on Global Justice Includes Insights From Myanmar Junta Political Party Chair ကို ဘာသာပြန်သည်။)
You may also like these stories:
ရုရှားနှင့် မြန်မာစစ်ကောင်စီ သဘောတူစာချုပ် ၇ ခု လက်မှတ်ထိုး
မင်းအောင်လှိုင်ကိုသာ ဖြုတ်လဲပါ
ဦးသန်းဌေးကို ပျော့ညံ့တယ်ဆိုပြီးတော့ အမာလိုင်းဖြစ်တဲ့ ဦးခင်ရီကို တင်တာ (ရုပ်/သံ)
ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်