ယခုနှစ်အတွင်း သံဖြူအများအပြား ဈေးကွက်တွင် ရှိနေသောကြောင့် ဈေးနှုန်းများအပေါ် ဖိအားကျရောက်ဖွယ် ရှိသော်လည်း ဆိုလာပြားများနှင့် လျှပ်စစ်ယာဉ်များ အပါအဝင် စွမ်းအင်အသွင်ကူးပြောင်းရေး ကဏ္ဍမှ အရှိန်ရလာသော ဝယ်လိုအားကြောင့် အနာဂတ်တွင် ဈေးနှုန်းများကို အထောက်အကူ ပြုနိုင်သည်။
သံဖြူကို မိုဘိုင်းဖုန်းများနှင့် လျှပ်စစ်ကားများကဲ့သို့သော ထုတ်ကုန်များ၏ လျှပ်စီးပတ်လမ်း ဘုတ်ပြားများ ဆက်သွယ်ရာတွင် အသုံးပြုသလို ဆိုလာပြားများ ပြုလုပ်ရာတွင်လည်း သုံးသည်။ လတ်တလော ထိုသို့ လျှပ်စီးပတ်လမ်း ဘုတ်ပြားချိတ်ဆက်ရန်အတွက် သုံးသည့် သံဖြူပမာဏသည် ကမ္ဘာ့သံဖြူသုံးစွဲမှု၏ ထက်ဝက်ရှိသည်။
ဝယ်လိုအား နှေးနေခြင်း၊ အထူးသဖြင့် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ လုပ်ငန်းမှ ဝယ်လိုအား ကျဆင်းခြင်းကြောင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ဈေးကွက်တွင် သံဖြူ ပိုလျှံမှု ဖြစ်နေသည်။ မြန်မာနိုင်ငံ ဝ ဒေသတွင် သံဖြူတူးဖော်မှုကို လွန်ခဲ့သောနှစ် သြဂုတ်လက ချမှတ်ထားသော်လည်း ထိုသို့ ပိုလျှံနေခြင်း ဖြစ်သည်။ တရုတ်သို့လည်း တင်ပို့သည့် ဝဒေသသည် ထိပ်တန်း သန့်စင်ပြီး သံဖြူထိပ်တန်း ထုတ်လုပ်သူဖြစ်ပြီး အကြီးမားဆုံး သုံးစွဲသူလည်း ဖြစ်သည်။
ဝ ပြည်နယ်သည် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ပြီး သံဖြူတူးဖော်မှု တစိတ်တပိုင်း ပြန်လည် စတင် ခွင့်ပြုသော်လည်း မိုင်းမော သတ္တုတွင်းဒေသမှအပ ကျန်ဒေသတွင်သာ ခွင့်ပြုခြင်းဖြစ်သည်။ ထိုသတ္တုမိုင်းသည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် သံဖြူထုတ်လုပ်မှု အားလုံး၏ ထက်ဝက်ကို ထုတ်လုပ်သည်ဟု နိုင်ငံတကာ သံဖြူအသင်း (ITA) က ဖော်ပြသည်။
လန်ဒန် သတ္တုဈေးကွက် (LME) တွင် သံဖြူဈေးနှုန်းသည် လွန်ခဲ့သောနှစ် ဇန်နဝါရီလက ခြောက်လအတွင်း အမြင့်ဆုံး တတန်လျှင် ဒေါ်လာ ၃၂,၆၈၀ ရှိရာမှ ၂၀ ရာခိုင်နှုန်း ကျဆင်းပြီး တတန်လျှင် ဒေါ်လာ ၂၆,၅၀၀ သာ ရှိတော့သည်။
“၂၀၂၄ မှာ ဈေးကွက်က လျော့ကျလာမယ်။ အထူးသဖြင့် မြန်မာက သံဖြူတွေ ဝင်လာရင် ကျမယ်” ဟု Bank of America မှ သေနင်္ဂဗျူဟာပညာရှင် ဒန်နစ်ကာ အဗာရီယန်က ပြောသည်။
“ကာလတိုအတွင်းမှာ လေဆန်ကို ရင်ဆိုင်ရပေမယ့် ရေရှည်မှာ ဆိုလာနဲ့ လျှပ်စစ် မော်တော်ယာဉ်တွေကြောင့် အခြေခံဈေးနှုန်း ကောင်းနေမယ်” ဟုလည်း ၎င်းကပြောသည်။
သံဖြူဈေးကွက်အတွင်း ပိုလျှံမှုသည် လွန်ခဲ့သောနှစ်တွင် ၅,၈၀၀ တန်ရှိပြီး ကမ္ဘာ့သုံးစွဲမှုမှာ ၃၆၀,၄၀၀ တန် ရှိသည်ဟု Bank of America က ခန့်မှန်းသည်။
တရုတ်နိုင်ငံက တင်သွင်းသည့် သံဖြူသတ္တုရိုင်းနှင့် သန့်စင်ပြီး သံဖြူ၏ ၇၂ ရာခိုင်နှုန်းကို မြန်မာသည် လွန်ခဲ့သောနှစ်တွင် တင်ပို့ပြီး တန်ချိန် ၁၈၀,၀၀၀ ကျော် ရှိသည်။ ၂၀၂၂ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်း တင်ပို့ပြီး တန်ချိန် ၁၈၇,၀၀၀ တန် ကျော်ကြောင်း ကုန်သွယ်မှု အချက်အလက် လေ့လာစောင့်ကြည့်ရေး (TDM) က ဖော်ပြသည်။
သံဖြူဈေးနှုန်းအတွက် ကာလတို အထောက်အကူသည် အင်ဒိုနီးရှားမှ လာနိုင်သည်။ အင်ဒိုနီးရှားသည် တရုတ်ပြီးလျှင် သန့်စင်ပြီး သံဖြူ ဒုတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားက သံဖြူတင်ပို့မှုဟာ နှစ်တနှစ်ရဲ့ အစောပိုင်းလတွေမှာ ကျဆင်းတာကို တွေ့ရတယ်။ ပို့ကုန်လိုင်စင်တွေ သက်တမ်းတိုးနေရလို့ ဖြစ်တယ်” ဟု Citi ဘဏ်မှ သရုပ်ခွဲလေ့လာသူများက ဒီဇင်ဘာလက အစီရင်ခံစာတွင် ဖော်ပြသည်။
ရေရှည်တွင် လျှပ်စစ်မော်တော်ယာဉ်များနှင့် ဆိုလာပြားများ ရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းချမှု တိုးလာသောကြောင့် သံဖြူသုံးစွဲမှု အရှိန်မြင့်လာမည် ဖြစ်သည်။
“(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး) အစိမ်းရောင် စက်မှုကဏ္ဍက သံဖြူဝယ်လိုအားဟာ ၂၀၃၀ မှာ နှစ်ဆကျော် တိုးလာနိုင်ပြီး တနှစ်ကို တန်ချိန် ၇၀,၀၀၀ လောက် ရှိလာမယ်။ လက်ရှိ သုံးစွဲမှုရဲ့ ငါးပုံ တပုံနဲ့ ညီမျှတယ်” ဟု အဗာရီယန်က ပြောသည်။
“ဒါတွေက အခြေခံဈေးနှုန်းတွေ ခိုင်မာနေမယ်လို့ ပြသနေပြီး ထုတ်လုပ်မှုဘက်နဲ့ အဲဒီနောက်ထပ် ဝယ်လိုအားကို ထုတ်ထုတ်သူတွေက ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်တယ် ဆိုတဲ့ဘက်ကို အာရုံစိုက်လိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Tin shackled by surplus, but green industry demand poised to mop up supplies
ဝ ဒေသတွင် သံဖြူတူးဖော်ခြင်း ရေရှည်ပိတ်ပင်
Apple နှင့် အခြားကုမ္ပဏီများ သံဖြူကုန်ကြမ်း UWSA ထိန်းချုပ် သတ္ထုတွင်းမှ ရယူနေ
စစ်ကောင်စီလက်ထက် တရားမဝင် သတ္တုတူးဖော်မှု ပိုကျယ်ပြန့်လာနေ