ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့မှ ဆင်းလာသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (PNLA)တပ်များနှင့် စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ နာယက ဦးနေဝင်းထွန်း၏ တပ်ရင်း (၄)တို့ ယနေ့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ရွာ၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးမှုများ ရှိခဲ့သည်။
ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (PNLA)တပ်များက သိမ်းပိုက်ထားပြီး မောက်မယ်မြို့ မှ လာ သည့် PNLA စစ်ကူများ ဆိုက်ခေါင်ရွာကိုဖြတ်၍ ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တလုံးကြီး မြို့နယ်ဘက်သို့ ချီတက် မလာနိုင်စေရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူစစ်(PNO)တို့က ကြားဖြတ်တိုက်ခိုက်နေကြောင်း PNLA နှင့် နီးစပ်သူ တဦးက ပြောသည်။
“တိုက်ပွဲက ပိုပြီးတော့ ကျယ်ပြန့်ပြီး ပြင်းထန်လာတယ်။ ဒီမနက် လွယ်ထွယ်ရွာမှာလည်း တိုက်ပွဲဖြစ်တယ်။ နောက်ပြီး ဆိုက်ခေါင်ဘက်ကိုလည်း တော်လှန်ရေးတပ်တွေဘက်က ဆက်တိုးနေတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က လက်နက်များသယ်လာသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်ဖွဲ့များပါ ယာဉ်တန်းကို စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့စစ်များက ဟိုပုံးမြို့နယ် စံဖူးရွာ အရောက် တားဆီးရာ ပစ်ခတ်မှုဖြစ်ပြီး နောက်တနေ့ ကရင်နီဒုက္ခသည်များ ခိုလှုံနေသည့် ဆီဆိုင်မြို့နယ် နောင်ထောင်ရွာ ကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းမှ စတင်ဗုံးကြဲခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
PNLA နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ဗိုလ်မှူး တက်နေထွန်း ဦးဆောင်သည့် အင်အား ၂၀၀ခန့်ပါ ပြည်သူ့စစ် အဖွဲ့က ဝင်ရောက်ကာ စတင်ပစ်ခတ်သည့်အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဧရာဝတီကို အတည်ပြု သည်။
၎င်းက “ပအိုဝ်းပြည်သူ့စစ်က ကားအစီး ၂၀ နဲ့ အင်အား ၂၀၀ လောက် လာတယ်။ အဲဒီမှာ ကျနော်တို့က ထိန်းထားတယ်၊ လမ်းပိတ်ဆို့ထားတယ်။ အချင်းချင်း မပစ်ချင်ဘူး၊ မလာပါနဲ့ပြောတာ သူတို့ဝင်လာပြီး စပစ်လာတော့လည်း မတတ်နိုင်ဘူး ဖြစ်သွားတယ်” ဟု ဆိုသည်။
စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရသည့် ဆီဆိုင်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး မြေပြင်မှပါ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာသလို တော်လှန်ရေးပူးပေါင်းတပ်များကလည်း ဆီဆိုင်မြို့မြောက်ဘက်ရှိ ဆီဆိုင်-ဟိုပုံးကြား ဆိုက်ခေါင်မြို့ထိ ဆက်လက် စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းအထိ အခြေအနေအရ ဆိုက်ခေါင်ရွာတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့များ လုံခြုံရေးယူထားပြီး ဒေသခံအားလုံးနီးပါး စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ဆိုက်ခေါင်ရွာသို့ သွားရောက်ကာ စစ်ဘေးရှောင်များအား ကယ်ထုတ်ပေးခဲ့သူ ကိုစိုင်းက ပြောသည်။
၎င်းက “ဆီဆိုင်ကိုဝင်ဖို့ ဆိုက်ခေါင်မှာ မနက်ကစောင့်တာ။ သူတို့ (စစ်ကောင်စီ/PNO) က အချိန်တနာရီပဲရမယ်၊ တနာရီ ပြည့်သွားရင်တော့ အသက်အာမ မခံဘူးပြောတယ်။ မြို့ကတော့ ခြောက်ကပ်နေတာပဲ။ အိမ်ကြီးအိမ်ကောင်းတွေမှာ အစောင့်လောက်ပဲကျန်တယ်။ ကျနော် ပြန်ထွက်လာပြီး သိမ်မကြာခင်ပဲ ဆိုက်ခေါင်ရွာအစွန်မှာ တိုက်ပွဲစပြီလို့ အဲဒီမှာ ကျန်ခဲ့တဲ့တယောက် ဖုန်းဆက်တယ်” ဟု ဆိုသည်။
ကိုစိုင်းသည် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ စဖြစ်ပြီးနောက် စစ်ဘေးရှောင်များအား ကားဖြင့် တောင်ကြီး၊ ဟိုပုံးများ ဘက်သို့ ကူညီကယ်ထုတ်ပေးနေသူတဦး ဖြစ်သည်။
စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် ဆီဆိုင်မြို့အတွင်း ပိတ်မိနေသည့် အရပ်သားများ ရှိနေပြီး လာရောက်ကယ်ထုတ်ပေးရန် အကူအညီတောင်းခံမှုများစွာ ရှိနေကြောင်းလည်း သိရသည်။
ကိုစိုင်းက “ညကလည်း မနက်ကျရင် ကျနော်တို့ကို ခေါ်ထုတ်ပေးပါဆိုပြီး ငိုယိုပြီးပြောနေကြတာ။ မြို့ကတော့ မရတော့ဘူး။ တောက်လျှောက်ပဲ လေယာဉ်နဲ့လာကြဲနေပြီ ပြောတယ်။ ဒီနေ့ မနက်လည်း လာကယ်ထုတ်ပေးဖို့ ဖုန်းခေါ်တာ အကြိမ် တရာကျော်လောက်ရှိပြီ။ ကျနော်တို့လည်း လမ်းက အချိန်မရွေးပစ်ခတ်နေကြတော့ ဆီဆိုင်ကို သွားလို့မလွယ်တော့ဘူး” ဟု ပြောသည်။
ယမန်နေ့ကလည်း စစ်ကောင်စီဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာအား လေကြောင်းမှ ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးအလုံးပေါင်းတရာကျော် ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံများ အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ပြည်သူ့အိုးအိမ်စည်းစိမ်အား ပုံစံမျိုးစုံဖြင့် ဖျက်ဆီးသူများကို ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း PNLA က ယနေ့ သတင်းထုတ်ပြန်သည်။
တိုက်ပွဲများကြောင့် ဆီဆိုင်မြို့တွင် အရပ်သားအားလုံးနီးပါး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေကိုမူ မသိရကြောင်းလည်း ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။
ဇန်နဝါရီ ၂၂ ရက်၌ ဆီဆိုင်မြို့နယ်တောင်ဘက်ရှိ ကရင်နီဒေသမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ နောင်ထောဝ်ရွာအား စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များ ဝင်ရောက်လာကာ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။
ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး PNLO/PNLA တပ်များက ဦးဆောင်တိုက်ခိုက်နေကြောင်း ပြောဆိုမှုများနှင့်ပတ်သက်ပြီး PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ငြင်းဆိုခဲ့ပြီး ကရင်နီဒေသအခြေစိုက် PDF များ ဝင်ရောက်လာမှုကြောင့် လူထု မထိခိုက်စေရေးအတွက် ဝင်ရောက်အကာအကွယ်ပေးခြင်းသာဖြစ်ကာ မည်သူ့ကိုမျှ မပစ်ခတ်ရန် တပ်ဖွဲ့ဝင်များအား ပြောထားကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကရင်နီ PDF တွေ အလုံးအရင်းနဲ့ ဝင်လာတော့ ကျနော်တို့က ပြည်သူလူထု မနာအောင် လိုက်ကာပေးတာ။ အဲဒါနဲ့ ရောပါသွားတာ။ ကျနော်တို့က NCA ကို လိုက်နာပြီး အပစ်အခတ်ရပ်စဲတာကို ထိန်းသိမ်းထား တယ်။ PDF တွေ ရောက်လာတော့ ထိန်းမနိုင်သိမ်းမနိုင်တွေ ဖြစ်ကုန်တာ။ PDF တွေက ပစ်ပြီးတော့ ကျနော်တို့ပါ ပူးပေါင်း တိုက်နေတယ်ဆိုပြီး နာမည်ကိုဆွဲထည့်တာပါ” ဟု ပြောသည်။
PNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ဆီဆိုင်မြို့သည် ယခင်ကတည်းက PNLA တပ်များ သွားလာလှုပ်ရှားနိုင်သောနေရာ ဖြစ်သောကြောင့် တိုက်ခိုက်သိမ်းပိုက်ရန် မလိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
သို့သော် ဆီဆိုင်မြို့ရှိ ရဲစခန်းနှင့် စစ်တပ်စခန်းများအား တိုက်ခိုက်ပြီးနောက် မြို့လုံခြုံရေးအား PNLA က ထိန်းချုပ်ရယူထားသည်။
ဆီဆိုင်မြို့အား ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF)နှင့် PDF များ ပူးပေါင်းပါဝင်ကြောင်း ပအိုဝ်းစစ်ရေး သတင်းအရင်းအမြစ်များက ပြောသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များဘက်ကမူ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
လက်ရှိတွင် PNLA ထိန်းချုပ်နေရာယူထားသည့် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ကျယ်ပြန့်လာသကဲ့သို့ ဆီဆိုင်-ဟိုပုံးမှ တောင်ကြီးမြို့ထိ လမ်းပိုင်းတလျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိလာနိုင် ကြောင်းလည်း ပအိုဝ်းစစ်ရေးသတင်းအမြစ်များက သုံးသပ်သည်။
လတ်တလော စစ်ရေးရင်ဆိုင်ထားသည့် ဆိုက်ခေါင်ရွာသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အချက်အချာကျပြီး အရှေ့ဘက် မောက်မယ်မြို့၊ အနောက်ဘက် PNO အခြေစိုက် ကျောက်တလုံးကြီး၊ ကက္ကူဒေသ၊ တောင်ဘက် ဆီဆိုင်၊ မြောက်ဘက် ဟိုပုံး၊ တောင်ကြီးတို့ထိ ဆက်သွယ်ထားသည်။
ထို့ကြောင့် ဆိုက်ခေါင်ရွာအား တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်နိုင်ပါက PNO အခြေစိုက်ရာ ကျောက်တလုံးကြီးဒေသနှင့် ဘန်းယဉ်-နမ့်ခုတ်-ဟိုပုံးတလျှောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်းလည်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
You may also like these stories:
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ
ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်
ဟိုပုံးတိုက်ပွဲအပြီး စစ်တပ်ဖမ်းသွားသည့် PNLO တောင်ကြီးတာဝန်ခံ ပြန်လွတ်လာ