ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့ကို တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းအဖွဲ့ များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်တပ်က မြို့တွင်းပြန်လည်နေရာယူထားရာ ဒေသခံများကို ဖမ်းဆီးမှု ရှိနေသလို အိမ် များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ရှိနေကြောင်း သိရသည်။
မိုးမိတ်မြို့ကို KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ဇန်နဝါရီ ၂၅ ရက်တွင် ရဲစခန်းနှင့် စစ် ကောင်စီတပ်စခန်းများကို တိုက်ခိုက်ပြီးနောက် မြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် KIA နှင့် ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဟု သိရ သည်။
မိုးမိတ်မြိုခံတဦးက “အခုက PDF အဖွဲ့တွေက ဆုတ်သွားပြီးတော့ စစ်တပ်က မြို့ထဲကို ပြန်ရောက်သွားပြီ။ မြို့ထဲက အိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေကြတယ်။ မနေ့ညပိုင်းက ကချင်ကျောင်းဘေးက အိမ်တွေနဲ့ ရွှေဇာလီရွာက အိမ်တွေ ကို မီးရှို့ခဲ့ကြသေးတယ်။ အထဲမှာ ကျန်နေတဲ့သူတွေကိုလည်း ဖမ်းထားကြတယ်။ မနေ့က ၇ မိုင်ကနေပြီး မြို့ထဲအိမ်ကို သွားကြည့်တဲ့ ၅ ယောက်ကို စစ်တပ်က ဖမ်းသွားတယ်။ နောက် ၄ မိုင်ကုန်းဘက်ကနေ တိရစာ္ဆန်လေးတွေကို အစာသွား ကျွေးတဲ့သူတွေလည်း အဖမ်းခံထားရတယ်” ဟု ပြောသည်။
မိုးမိတ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ၏ ဗျူဟာတခုနှင့် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင်တပ်ရင်း တို့ အခြေစိုက်ထားသည်။
KIA နှင့် ပူးပေါင်းအဖွဲ့များ ဇန်နဝါရီ ၂၅ ရက်၌ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ မြို့တွင်း သို့ ဝင်ရောက်လာကာ လက်ခုပ်တန်းရပ်ကွက်မှ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက “အဖမ်းခံရကနေ ထွက်ပြေးလွတ်မြောက်လာတဲ့တယောက်ပြောတာက တော့ အဖမ်းခံရတဲ့သူတွေကို မီးတုတ်တွေနဲ့ အိမ်တွေကို မီးရှို့ခိုင်းတယ်၊ ပြီးတော့ အစ္စလမ်ဘာသာဝင်တွေဆိုရင် မီးတုတ် တွေပေးပြီး မီးရှို့ခိုင်းတယ်၊ မီးမရှို့ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး မီးရှို့ခိုင်းနေတာ။ သူတို့ခိုင်းလို့ မီးရှို့ရတာကို ဓာတ် ပုံတွေ ရိုက်ယူထားတယ်၊ ကျနော့်အထင် မွတ်ကုလားတွေက အိမ်တွေဘာသာရေး အဆောက်အအုံတွေကို မီးရှို့ပါတယ် ဆိုပြီး ဘာသာရေးမှိုင်းနဲ့ပါ လုပ်ချင်နေတဲ့ သဘောမျိုးပဲလို့ သုံးသပ်မိတယ်” ဟု ပြောသည်။
ယခုအခါ မိုးမိတ်မြို့အဝင် ရွှေဇာလီကျေးရွာမှစတင်ကာ မြို့ဝင်မြို့ထွက် ပိတ်ဆို့ထားသလို အစ္စလာမ်ဘာသာဝင် ၄ ဦး အပါဝင် ဒေသခံ ၈ ဦးခန့်ထိ သတ်ဖြတ်ခံထားရကြောင်း၊ ပိတ်မိနေသည့် အရပ်သားပြည်သူများလည်း ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ရှောင်များကို ကူညီပေးနေသော မြို့ခံတဦးက “ပိတ်မိနေတဲ့သူတချို့ကို ကျနော်တို့ကိုယ်တိုင် ကားနဲ့ဝင်ပြီး ခေါ်ပေမယ့် အတော် ခေါင်းမာကြတယ်။ အိမ်ထဲကနေ လုံးဝ မထွက်ဘူး၊ မလိုက်ဘူးဆိုပြီး နေခဲ့ကြတာမျိုးတွေ ရှိတယ်။ သူတို့ကတော့ စစ်တပ်က အခုလိုမျိုး မလုပ်ပါဘူး၊ မဖြစ်ပါဘူးလို့ ထင်နေကြတာ။ အခု ဖြစ်နေပြီဆိုတော့ ကျနော်တို့လည်း စိတ်မကောင်းရုံပဲ တတ်နိုင်တယ်။ ကျနော်တို့ စုံစမ်းလို့ ရသလောက်ဆိုရင် လက်ရှိ အစ္စလာမ်ဘာသာဝင် ၄ ဦးအပါအဝင် ၈ ယောက် လောက်ထိ အသတ်ခံရတယ်” ဟု ပြောသည်။
မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာများတွင် ပုံ များနှင့်တကွ ဖော်ပြထားပြီး မိုးမိတ်မြို့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် KIA၊ TNLA၊ PDF အကြမ်းဖက်အဖွဲ့များအား စစ် ကူစစ်ကြောင်းများ၊ အမြောက်ပစ်ကူများဖြင့် တန်ပြန် စစ်ဆင်ရေးဆင်နွှဲကာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ရေးသားထား သည်။
မိုးမိတ်မြို့ခံတဦးက “အမှန်က စစ်တပ်က အနိုင်တိုက်ပြီး ပြန်သိမ်းတာမျိုးမဟုတ်ဘူးဗျ။ KIA အဖွဲ့တွေက နောက်ပြန်ဆုတ် သွားလို့ စစ်တပ်က မြို့ထဲကို နေရာဝင်ယူနိုင်တာမျိုးပါ။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက် နက်ကြီးတွေနဲ့ ထုခဲ့တာကြောင့် မြို့က ကြေနေပြီ။ ဆက်မထိန်းဘဲ ဘာအကြောင်းရှိလို့ နောက်ဆုတ်တယ်ဆိုတာ မသိဘူး၊ အခုလို ပြန်ဆုတ်လိုက်တဲ့အတွက် မြို့ခံတွေက တော်တော်မကျေမနပ်ဖြစ်နေပြီး စိတ်တိုနေကြတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ခဲ့ပြီး KIA နှင့် ပူးပေါင်းအဖွဲ့များ မိုးမိတ်မြို့သို့ဝင်ရောက်စဉ် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားများကို ဖမ်းဆီး သတ် ဖြတ်ခဲ့သည်ဟုလည်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။
မိုးမိတ်မြို့အခြေအနေ အသေးစိတ်အားသိရှိနိုင်ရန် ဧရာဝတီအနေဖြင့် KIA၊ ABSDF၊ PDF တပ်ဖွဲ့များသို့ ဖုန်းဖြင့် ဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးဘဲ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် မိုးမိတ်မြို့ထဲ၌ အိမ်စောင့်အဖြစ်ကျန်နေသူများ၊ သက်ကြီးရွယ်အိုများရှိသဖြင့် စောင့်ကျန်နေသူများ စသည့် မြို့ခံ အနည်းငယ် ကျန်ရှိနေသေးကြောင်း သိရသည်။
မိုးမိတ်မြို့တိုက်ပွဲများနှင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့၏ ၃ ပုံ ၂ ပုံခန့်မှာ ပျက်စီးနေပြီးဖြစ်သလို ပိတ်မိခဲ့သည့် အရပ်သားပြည်သူ ၄၀ ကျော်ထိ သေဆုံးခဲ့ပြီး လူမှုကူညီရေးအသင်းများက ရုပ်အလောင်းများကို ကောက်ယူ ကာ ဘောလုံးကွင်းအတွင်း၌ စုပုံ၍ မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။
မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ မြို့မဈေး ကြီးလည်း မီးလောင်ဆုံးရှုံးခဲ့သလို မြို့ခံများမှာ မိုးကုတ်၊ မန္တလေးနှင့် ဘေးလွတ်သည့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မိုးမိတ်မြို့နယ်သည် ရွှေလီမြစ်ဘေးတွင် တည်ရှိသလို၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းများအရ မြို့တမြို့၊ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာ ၉၇ ရွာ၊ လူဦးရေ ၆ သောင်းခွဲကျော် နေထိုင်ပြီး လမ်းပန်းဆက်သွယ် ရေးအနေဖြင့် ကားလမ်းသာရှိကာ မိုးကုတ်မြို့နှင့် ၂၈ မိုင်ခန့်သာ ကွာဝေးသည်။
ရှမ်းပြည်အနောက် မြောက်ဘက်တွင် တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပါဝင်သည့် မိုးမိတ်မြို့နယ်၏ မြောက်ဘက်တွင် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မံစီမြို့နယ်၊ အရှေ့ဘက်တွင် မန်တုံ၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ တောင်ဘက်တွင် သီပေါ၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသော နယ်မြေတခုလည်း ဖြစ်သည်။
You may also like these stories:
မိုးမိတ်တိုက်ပွဲ ပြင်းထန် မြို့အဝင်အထွက် စစ်တပ် ပိတ်ဆို့
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ
စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး