မန္တလေးတိုင်း မြင်းခြံနှင့် တောင်သာမြို့နယ်များရှိ ရွာများသို့ စစ်တပ်နှင့် ပျူစောထီးတို့ ဝင်ကာ ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်၍ လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အသတ်ခံရသူများမှာတောင်သာမြို့နယ် အုတ်တိုက်တောရွာနှင့် မြင်းခြံမြို့မှ လူငယ် ၅ ဦး၊ မြင်းခြံမြို့နယ် တူရွင်းဘို့ရွာမှ အသက် ၆၀ အရွယ် ဒေါ်ညွန့်မေ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၂၈ နှစ်အရွယ် မဇင်မာတင်၊ အသက် ၂၅ နှစ်အရွယ် မအိမေဂျာတို့ဖြစ်သည်။
ဇန်နဝါရီ ၂၈ရက် ညက စစ်တပ်နှင့် ပျူစောထီးတို့ လက်နက်အပြည့်အစုံဖြင့် မြင်းခြံမြို့နယ် တူရွင်းဘို့ရွာသို့ ဝင်ကာ အဆိုပါ အမျိုးသမီး ၄ ဦးကို ဖမ်းသွားခြင်းဖြစ်ပြီး နောက်တနေ့ နံနက်တွင် မြင်းခြံနယ်၊ ဓူဝံရွာလမ်းခွဲအနီး၌ ၎င်းအမျိုးသမီးတို့၏ အလောင်းများ တွေ့ရှိရခြင်းဖြစ်သည်။
ဒေသခံတဦးက “သူတို့ကို လာဖမ်းတဲ့အထဲမှာ စစ်တပ်အပြင် ပျူတွေက ပိုများတယ်။ အိမ်က ပိတ်ထားတာကို ခြံစည်းရိုး ကျော်ခွဖျက်ဆီးပြီးတော့ ဝင်ကြတာ။ လယ်သစ်က ပျူခေါင်းဆောင် ငပေါက်ကိုယ်တိုင် ဦးစီးပြီး လာဖမ်းသွားကြတာ၊ အသတ်ခံရတဲ့သူတွေက သားအမိ တူဝရီးတွေလို့ သိရတယ်” ဟု ပြောသည်။
တူရင်းဘို့ရွာသည် မြင်းခြံမြို့ မြောက်ဘက်၊ မြင်းခြံ- နဘူးအိုင်- မြို့သာ- မန္တလေးကားလမ်းပေါ်တွင် ရှိပြီး ၎င်းတို ၄ဦးမှာ သာမန် အရပ်သားပြည်သူများသာဖြစ်ပြီး ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် အလောင်းများကို လူမြင်ကွင်း၌ စွန့်ပစ်ခဲ့ကြခြင်းဟု သိရသည်။
မြင်းခြံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “ဒီလထဲမှာ သူတို့ လက်သပ်မွေးထားတဲ့ ဒလန် တွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရှင်းထားတာ ရှိတယ်။ အဲဒါကို လက်စားချေတဲ့အနေနဲ့ အခုလိုမျိုး လုပ်တာလို့ပဲ ပြော ချင်တယ်။ သူတို့ကတော့ PDF တွေနဲ့ အဆက်အသွယ် ရှိတယ်၊ PDF တွေရဲ့ ဆွေမျိုးသားချင်းတော်တယ်လို့ ထင်တဲ့သူတွေ ကို သတ်ဖြတ်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ တောင်သာမြို့နယ် အုတ်တိုက်တောရွာမှ လူငယ် ၄ ဦးနှင့် မြင်းခြံ အမှတ် ၂ ရပ်ကွက်မှ လူငယ်တဦးတို့ ဇန်နဝါရီ ၂၇ ရက် ညပိုင်းက မိန်းမခိုးရန်အသွား စစ်ကောင်စီတပ်နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇန်နဝါရီ ၂၈ နံနက်ပိုင်းတွင် အသတ်ခံထားရသည့် အလောင်းများကို မြင်းခြံ- မကျီးသမျှားလမ်းပေါ်၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုနောက်ပိုင်း ညအချိန်မတော်မှ ရွာတွေကို ဝင်စီးတာတွေ တော်တော်များများ ဖြစ်နေတယ်။ ရွာတွေမှာ လူငယ်တွေ မရှိတော့ဘူးဆိုရင် PDF ထဲ ရောက်သွားပြီဆိုတာမျိုး ဖွကြတာ တွေ ရှိတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အလုပ် မရှိတာရယ်၊ အခုနောက်ပိုင်း ပြည်သူ့စစ်လို့ ခေါ်တဲ့ ပျူတွေထဲ ဝင်ဖို့ ခေါ်နေကြ တော့ လူငယ်တွေ တော်တော်များများက ရှောင်ကြရင်းနဲ့ မြို့ပေါ်တက် အလုပ်လုပ်နေကြတာ များပါတယ်။ အဲဒါကို PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ PDF သတင်းပေး၊ ထောက်ပို့လို့ စွပ်စွဲပြီး အခုလိုမျိုး ဖမ်းဆီးတာ သတ်ဖြတ်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
စွန်ပစ်ထားသည့် အလောင်းများကို တွေ့ရှိသည့် ဇန်နဝါရီ ၂၈ ရက်၊ ၂၉ ရက်များတွင် ကောက်ယူသဂြိုဟ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်များထံမှ သိရသည်။
ယခုအခါ မြင်းခြံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ ထောက်တိုင်များ၊ သတင်းပေး ဒလန် များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း၊ ဝင်ရောက် ရှင်းလင်းများ ပြုလုပ်လျက်ရှိရာ ဇန်န ဝါရီ ၂၉ ရက်တွင် လေးရွာဆုံ ပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးချပြီး ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး သေဆုံးမှု ရှိခဲ့ ကြောင်း၊ ဇန်နဝါရီ ၂၅ ရက်ကလည်း ဆိတ်ညံမြစ်ရေတင်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဗုံး သီးချ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့သည်ဟု မြင်းခြံ ပကဖထံမှ သိရသည်။
ထို့အတူ ဇန်နဝါရီ ၂၂ ရက်တွင် မြင်းခြံခရိုင်တပ်ရင်း ၁၊ ၃၊ ၈ တို့ပူးပေါင်းပြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးသီးချတိုက်ခိုက်ခဲ့သလို ဆီမီးခုံမြို့မှ ထွက်လာသော ရဲတပ်ဝင်များ လိုက်ပါလာသည့် ကားအား MP-9၊ တလုပ် PDF (ရင်း၂)၊ မိုင်းရာဇာအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ထင်အောင် ကျော်၊ နယ်ထိန်းကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားကျေးရွာမှ ရဲမေသော်သော်မြင့်တို့လင်မယားနှင့် ရဲမေတဦး သေဆုံးခဲ့ပြီး ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ်(G3) ၂ လက်၊ အူဇီ ၂ လက်တို့ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
မိုးမိတ်ကို စစ်တပ် ပြန်ထိန်းချုပ်၊ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေ
ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွား
ကသာတွင် ပကဖ သတင်းတာဝန်ခံအပါအဝင် ၃ ဦး အသတ်ခံရ