စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်းတွင် ယခုအပတ်မှစ၍ အင်အား ၆၀၀ခန့် အထိ တိုးမြှင့်ထားပြီး ရဟတ်ယာဉ်များဖြင့် လက်နက်ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက်နေ့က ရွှေဘိုရှိ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ကားအစီးရေ ၃၀ ကျော်ဖြင့် ၆၀၀၆ သံချပ်ကာ တပ်ရင်းသို့ ပျူစောထီးများဖြင့် အင်အားဖြည့်ခဲ့ပြီး ထိုသို့ပြင်ဆင်နေခြင်းမှာ ကန့်ဘလူခရိုင်နှင့် ကပ်လျှက်ရှိ တော်လှန် ရေးအင်အားစုများက သိမ်းပိုက်ကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ၏ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်နေသော ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုဖြည့်တဲ့အင်အားတွေထဲမှာ စစ်သားနဲ့ ပျူစောထီးတွေအပြင် ထောင်သားတွေကို ထုတ်ခဲ့တာလို့ အတွင်းသတင်းပေးအရ သိရတယ်၊ စစ်တပ်က မြေပြင်မှာတိုက်ဖို့ အင်အား မရှိတော့ ဘူး ဆိုတော့ ထောင်သားတွေကို လွတ်ငြိမ်းပေးမယ်လို့ စည်းရုံးပြီး စစ်သင်တန်း ရက်တိုပေး၊ လက်နက်တပ်ဆင်ပေးပြီး အခုလိုမျိုး အင်အားဖြည့်တယ်လို့ သိရတယ်” ဟု ပြောသည်။
ကန့်ဘလူမြို့သည် မြောက်ဘက်တွင် ကောလင်းခရိုင်နှင့် ဆက်စပ်နေပြီး မိုင် ၄၀ ကျော်သာ ကွာဝေးသောကြောင့် စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့အား ခြေကုပ်ယူကာ ကောလင်းအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “သူတို့က ကောလင်းကို ပြန်တိုက်ဖို့ လူအင်အား၊ လက်နက်ခဲယမ်း ရိက္ခာတွေ စုနေတာ ၃၊ ၄ ရက်လောက်ရှိပြီ၊ ကန့်ဘလူနဲ့ ကောလင်းဆိုတာ သိပ်မဝေးတော့ ကန့်ဘလူ ၆၀၀၆ ကို စုဖွဲ့ ခြေကုပ်ယူတာမျိုးပေါ့”ဟု ပြောသည်။
အဆိုပါ စုဖွဲ့ထားသော အထိုင်တပ်ရင်းမှ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ ရက် ညမှစတင်ကာ ကျွန်းလှမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ ကြောင်း ဒေသခံများထံက သိရသည်။
စစ်ရှောင်များမှာ ကျွန်းလှမြို့နယ်အတွင်းရှိ ပင့်သာ၊ ညောင်းကိုင်း၊ ချောင်းခြား၊ အင်းလှ၊ သဖန်းဆိပ်၊ တောင်ယာဆိပ်၊ လွှတ်တိုက်၊ မြနှစ်စသည့်ကျေးရွာများနှင့် ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်နှင့်ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ပါ စစ်ကား ၅ စီးသည် ကန့်ဘလူမြို့မှတဆင့် ကျွန်းလှမြို့သို့ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ရောက်ရှိခဲ့ပြီး ကျွန်းလှမြို့ပေါ်၌ အသင့်စောင့်နေသော Light Truck တစီးနှင့် မိုးကာအုပ် ၆ဘီး ၂ စီးတို့နှင့် ပေါင်း၍ ကျွန်းလှမြို့ မြောက်ဘက်ရှိ ပျူစောထီးကျေးရွာ ပေကုန်း(တ)သို့ ဦးတည်ထွက်ခွာသွားကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရသည်။
ကျွန်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှ တာဝန်ရှိသူတဦးက “ရွာတွေကို စစ်ကြောင်း မဝင်သေးပေမယ့် အင်အားများတဲ့အတွက် စစ်ကြောင်း လမ်းသင့်နိုင်တဲ့ရွာတွေ အကုန်နီးပါး ကြိုရှောင်နေ ကြတာပါ၊ ကျွန်းလှနယ်ထဲမှာဆိုရင် ပျူရွာ ပေကုန်းကို ဦးတည်နေတယ်၊ ကန့်ဘလူနယ်ထဲက ထန်းကုန်းနဲ့ ဇီးကုန်း တိုက်နယ်ထဲမှာလည်း စစ်ကြောင်းဝင်နေလို့ ရှောင်နေကြရပြီ”ဟု ပြောသည်။
ထို့အတူ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်၊ ဇီးဖြူကုန်းကျေးရွာကို ယနေ့(ဇန်နဝါရီ ၃၀) နံနက်ပိုင်းက သရက္ကံကြီး ကျေးရွာမှ ထွက်ခွာလာသော စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော် ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မင်းဘာကျေးရွာမှ ထွက်ခွာလာသော စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၄၀ ကျော်သည် လည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ ပျဉ်းတော်ကျေးရွာသို့ ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။
ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက “ စစ်ရှောင်တွေ ရက်ကြာမယ်ဆိုရင် လူသားစာနာ အနေနဲ့ ကူညီပေးနိုင်အောင်လို့တော့ ပြင်ဆင်ထားတာတွေ ရှိပြီးသားပါ၊ စစ်ရေးကတော့ တပ်ရင်း၊ တပ်ခွဲတွေအလိုက် သူ့တို့အစီအမံတွေနဲ့ ဆောင်ရွက်ကြမှာမို့ အသေးစိတ်တော့ ပြောလို့မရပါဘူး၊ လက်ရှိမှာတော့ ကန့်ဘလူနဲ့ ကျွန်းလှဘက်မှာ ကျနော်တို့ စိုးမိုးနယ်မြေတွေ များပါတယ်”ဟု ပြောသည်။
ကန့်ဘလူနယ်ရှိ ပျူစောထီးအထိုင်ချရွာများမှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရွာလုံးကျွတ်မီးရှို့မှုများကြောင့် ပျူရွာနှင့် နီးသော ရွာများက အမြဲတမ်းစစ်ရှောင်နေရသူ အများအပြားရှိသော်လည်း ပျူရွာနှင့် ဝေးသောရွာများကမူ စစ်မရှောင်ရသည်မှာ ကြာနေပြီဖြစ်ကာ ယခု ထပ်မံ တိမ်းရှောင်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့်ကျေးရွာများနှင့် နီးသော ကျေးရွာများမှ ကလေးသူငယ်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများ၊ ကျန်းမာရေးမကောင်းသူ၊ သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၉ ထောင်ကျော်မှာ ကာလကြာရှည်စစ်ရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
You may also like these stories:
မိုးမိတ်ကို စစ်တပ် ပြန်ထိန်းချုပ်၊ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေ
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ