အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများကို တားဆီးနှိမ်နင်းသွားမည်ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့က ဇန်နဝါရီ ၂၉ ရက်၌ ကြေညာချက်အသီးသီးထုတ်ပြန်သည်။
SSPP နှင့် RCSS တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ၂၀၂၂ အထိ တဖက်နှင့်တဖက် အပြင်းအထန် တိုက်ခိုက်ခဲ့ သော်လည်း ပြီးခဲ့သည်နှစ် နိုဝင်ဘာ ၂၉ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာခဲ့သော ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ ဖြစ်သည်။
၂၀၂၃ နှစ်ချုပ်အစည်းအဝေးအတွက် SSPP နှင့် RCSS ထုတ်သည့် ကြေညာချက်များတွင် အခြားသော အကြောင်း အရာများနှင့် ပတ်သက်၍ တဖွဲ့ချင်းစီ၏ သဘောထားများ မတူသော်လည်း အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည် သည့် (ကျားဖြန့်) လုပ်ငန်းများကို တားဆီးနှိမ်နင်းသွားမည် ဆိုသောအချက်မှာ တူညီကြောင်း တွေ့ရသည်။
SSPP က မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလားတူ လူထု အကျင့်စာရိတ္တပျက်စေပြီး ကမ္ဘာ့နိုင်ငံနှင့် ပတ်ဝန်းကျင် နိုင်ငံများ၏ စီးပွားရေးကို ခြိမ်းခြောက်နေသော ကျားဖြန့်လုပ်ငန်း (သို့မဟုတ်) အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ဖော်ထုတ်တားဆီးနှိမ်နင်းမည်ဟု ကြေညာချက်တွင် ဆိုထားပြီး ဖော်ထုတ်ရမိသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်အပ်နှံမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောသည်။
SSPP ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပိုမိုရှင်းလင်းစွာသိနိုင်ရန် ပြောရေးဆိုခွင့်ရှိသူ ၃ ဦးထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ၂ ဦး ဖုန်းပိတ်ထားပြီး ၁ ဦးမှာ ဖုန်းဝင်သော်လည်း မကိုင်ခဲ့ပေ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၊ ကျားဖြန့်ပိတ်ပင်တားဆီးရေးလုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကို ကြိုးပမ်း ဆောင်ရွက်မည်ဟု ဆိုသည်။
RCCS အတွင်းရေးမှူး (၂) ဗိုလ်မှူး ခမ်းစံကမူ လတ်တလောတွင် RCSS ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေကြေး လိမ်လည်သူများ မရှိသော်လည်း ကျားဖြန့်လုပ်ငန်းများကို ပိတ်ပင်တားဆီးမည့် RCSS ၏ သဘောထားကို ကြိုတင်သတိပေးသည့်အနေဖြင့် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “တခြားဒေသကနေ ပြေးလာပြီး နယ်မြေဖြတ်သန်းသွားတာတော့ ရှိတယ်။ အခြေစိုက်ခွင့် ပေးမှာမဟုတ်သလို နယ်မြေဖြတ်သန်းသွားလာတာကို တွေ့ရှိရင်လည်း အရေးယူသွားပါမယ်။ အဲဒီလိမ်လည်အဖွဲ့တွေ RCSS နယ်မြေ အနီးနားကနေ ဖြတ်သန်းထွက်ပြေးတာ အယောက်ရေ ထောင်ချီရှိ၊ အုပ်စုလိုက်ရှိပါတယ်။ ဒါကြောင့် Red Alert အနေနဲ့ သတိပေးထုတ်ပြန်ရတာဖြစ်တယ်” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူး ခမ်းစံက RCSS နှင့် SSPP ကြား အပစ်ရပ်ထားသည့် အခြေအနေ ခိုင်မာစေရေး ထိန်းသိမ်းပြီး ဆွေးနွေးမှုများ ဆက်လုပ်ကာ ညီညွတ်ရေးမှပေါင်းစည်းရေးအထိ တက်လှမ်းနိုင်ရန် RCSS ဘက်က ဖော်ဆောင်သွားမည်ဟုလည်း ပြောသည်။
တိုင်းရင်းသားအရေးလေ့လာသည့် မြန်မာသုတေသီတဦးကမူ ကိုးကန့်ဒေသနှင့် “ဝ” ဒေသတွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် “ဝ” ပြည်သွေးစည်း ညီညွတ် ရေးတပ်မတော် (UWSA) တို့က အသီးသီးနှိမ်နင်းမှု ပြုလုပ်လာသဖြင့် အွန်လိုင်းငွေကြေး လိမ်လည်သော အလုပ်လုပ်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ တိမ်းရှောင်လာကြကြောင်း ဆိုသည်။
ထိုသို့ တိမ်းရှောင်လာသူများသည် SSPP ထိန်းချုပ်ရာ ရှမ်းပြည်နယ် အလည်ပိုင်းဒေသကို ဝင်ရောက်မှုရှိနေပြီး SSPP ဘက်ကလည်း လက်မခံဘဲ မောင်းထုတ်မှုများရှိကြောင်း ၎င်းက ပြောသည်။
မကြာသေးသည့် ဇန်နဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ တွင် တရုတ်နိုင်ငံသား ၁,၀၃၈ ဦးကို စစ်ကောင်စီဘက်က မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
ထိုဒေသတွင် စစ်ကောင်စီ၏ မဟာမိတ် ပြည်သူ့စစ်များသာ ကြီးစိုးထားသည့် အရပ်ဖြစ်သည်။
အဆိုပါ အမျိုးသား ၁,၀၀၂ ဦးနှင့် အမျိုးသမီး ၃၆ ဦး ပါဝင်သည့် တရုတ်နိုင်ငံသားများသည် အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိမရှိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။
သို့သော် စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်နေသည့် တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်ထားသော စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် တရုတ်ပြည်သူ့လုံခြုံရေးဌာနထံ လွှဲပြောင်းပေးလိုက်သည်။
တိုင်းရင်းသားအရေးလေ့လာသည့် မြန်မာသုတေသီတဦးက “စစ်တပ်က ဖမ်းတယ်ဆိုတာ SSPP က နှင်ထုတ်လိုက်တဲ့ သူတွေ အဖမ်းခံရတာ။ ငွေလိမ်ဂိုဏ်းတွေ လာပြီးအမှုပတ်မှာစိုးလို့ပေါ့။ နောက်တခုက တာချီလိတ်က ပြေးလာတဲ့သူ တွေလည်း မိုင်းတုံတို့၊ မိုင်းဆတ်တို့ဂွင်ထဲ ရောက်လာပြီ။ မိုင်းတုံ၊ မိုင်းဆတ်ထဲရောက်ရင် တခုက ‘ဝ’ ရဲ့ ၁၇၁ စစ်ဒေသ၊ နောက်တခုက RCSS နယ်မြေထဲပေါ့။ အဲဒီတော့ အွန်လိုင်းလောင်းကစားဝိုင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သူတို့ (ရှမ်း EAOs ၂ ဖွဲ့) ဘက်က သတိထားလာတာပေါ့။ ဒါက တရုတ်နဲ့တင်မကဘူး။ နိုင်ငံတာကနဲ့ပါ စကားပြောရမယ့် ပြဿနာဖြစ်လာတာ” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့သည် လတ်တလောတွင် အွန်လိုင်းငွေကြေးလိမ်လည် သူများကို ဖမ်းဆီးကာ တရုတ်နိုင်ငံထံ ပြန်လွှဲခြင်းမတွေ့ရသေးသော်လည်း ၎င်းတို့ ဒေသသို့ ဝင်ရောက်လာမှုများကို လက်မခံဘဲ မောင်းထုတ်မှုများ ရှိနေပြီဖြစ်ကြောင်း၊ ကျားဖြန့်တိုက်ဖျက်ရေးကို နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခြင်းထက် ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ လုပ်ကြမည့်သဘောရှိကြောင်း မှတ်ချက်ပြုသည်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ မြန်မာအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါ ကလည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့သည် မြန်မာနိုင်ငံတဝှမ်းရှိ ကမ္ဘာလုံးဆိုင်ရာလှည့်စားမှု၊ လူမှောင်ခိုမှုနှင့် ခေတ်သစ်ကျွန်ပြုမှုတို့နှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် ယခုလို ထုတ်ပြန်ကြေညာလာခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းက “ရှမ်းပြည်မြောက်ပိုင်းမှာ တွန်းထုတ်ခံရတာကြောင့် ရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို တိုးလာတဲ့အခါမှာ တောင်ပိုင်းဟာ အဓိက လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ကြုံလာပါတယ်။ RCSS နဲ့ SSPP တို့ရဲ့ ကြေညာချက်ဟာ သူတို့အတွက် အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အရေးတရပ် ရလိုက်တာကို ဖော်ပြတာဖြစ်ပြီး သူတို့အပေါ် အိမ်နီးချင်းနိုင်ငံများက အပြုသဘောမြင်လာစေတဲ့ သက်ရောက်မှု ဖြစ်စေမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဂျေဆင်တာဝါက အွန်လိုင်းငွေကြေးလိမ်လည်မှု နှိမ်နင်းရေးကို SSPP နှင့် RCSS တို့ လက်တွေ့လုပ်ဆောင်လာပါက အဆိုပါ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် ၎င်းတို့ နယ်မြေများအပေါ် ထိန်းချုပ်မှုနှင့်အုပ်ချုပ်မှု ပိုအားကောင်းလာနိုင်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကိုလည်း အားနည်းစေမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
SSPP သည် ရှမ်းပြည်နယ်တောင်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းဟုခေါ်သော မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ထားပြီး RCSS သည် ထိုင်း-မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျှန်းတွင် ဌာနချုပ်တည်ထားသည်။
အဆိုပါ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့သည် ၎င်းတို့ ဌာနချုပ်ကို ဗဟိုပြုပြီး ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးလက်ဒေသများကို ဩဇာလွှမ်းမိုးထားသောအဖွဲ့များ ဖြစ်သည်။
RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး SSPP က လက်မှတ်ရေးထိုးထားခြင်းမရှိပေ။
SSPP သည် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စုဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) တွင် ပါဝင်ထားပြီး RCSS သည် အပစ်ရပ် EAOs များ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်သည်။
You may also like these stories:
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
စစ်ကောင်စီ ဝှက်ပေးထားသော ရာဇဝတ်သားများ တရုတ်ထံ လွှဲပေး
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ