စစ်အာဏာသိမ်းမှု သုံးနှစ်မပြည့်မီ တရက်အလို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကို နောက်ထပ် ခြောက်လ သက်တမ်းတိုးစဉ် လိုအပ်လျှင် အရေးပေါ်အခြေအနေကို သြဂုတ်လတွင် ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ – NDSC) အစည်းအဝေးတွင် စစ်ကောင်စီ ခေတ္တသမ္မတ ဦးမြင့်ဆွေက ပြောသည်။
စစ်အုပ်စုက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မသမာမှု ရှိသည်ဟု စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြုတ်ချသောအခါ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပေါ်အခြေအနေကို ကနဦး တနှစ်ကြေညာနိုင်ပြီး စစ်တပ်လွှမ်းမိုးသော NDSC ဆုံးဖြတ်ချက်အရ သာမန်အားဖြင့် အများဆုံး ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးနိုင်သည်ဟု ဖော်ပြသည်။
သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီး သူကတိပေးထားသည့် ရွေးကောက်ပွဲသစ် ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရန် လိုအပ်သည်ဟုဆိုကာ အရေးပေါ်အခြေအနေကို ငါးကြိမ် သက်တမ်းတိုးသည်။
ဦးမြင့်ဆွေ၏ ပြောစကားအရ စစ်ကောင်စီသည် သြဂုတ်လတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမည် ဖြစ်သည်။
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတခု ကျင်းပရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရန် သူ၏ စစ်ကောင်စီအတွက် အချိန်ပိုမိုလိုအပ်ကြောင်း ပြောပြီး မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ သက်တမ်းကို မကြာသေးမီကတကြိမ် တိုးချဲ့သည်။
တနိုင်ငံလုံးမှ ပြည်နယ်နှင့်တိုင်း အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း NDSC အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသော်လည်း တနိုင်ငံလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် လက်တွေ့မကျသည့် ကတိဖြစ်သည်။
၂၀၂၄ ခုနှစ်ကုန်ခန့်တွင် ပြီးစီးရန် စီစဉ်ထားသည့် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခင်က ပြောခဲ့သည်။ သို့သော် မြို့ပေါင်း ၃၀ ကျော်နှင့် စစ်မျက်နှာ အများအပြားတွင် နယ်မြေများ ဆုံးရှုံးပြီးနောက် ထိုသန်းခေါင်စာရင်း ကောက်ယူရန်ပင် မဖြစ်နိုင်တော့ပေ။
လာမည့် ခြောက်လအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းရေးအတွက် မည်သည့်အရာမဆို လုပ်ရန် စစ်ကောင်စီကို ဦးမြင့်ဆွေက NDSC အစည်းအဝေးတွင် ပြောပြီး အရေးပေါ်အခြေအနေ သက်တမ်း တိုး၊ မတိုးသည် ထိုရလဒ်အပေါ် မူတည်မည်ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီသည် အာဏာပြန်လည် ချုပ်ကိုင်နိုင်ရေးအတွက် မည်သည့်အရာမဆို လုပ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။ မြန်မာနိုင်ငံတဝန်းမှ ပြည်သူများသည် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်တွင် ပါဝင်ကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Junta Prepared to Extend Myanmar’s State of Emergency Again in August ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ ကြောက်နေရဆဲဖြစ်သည့် လေးကြိမ်မြောက် အသံတိတ်သပိတ်
လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း
အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ
စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး