အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် မဟာမိတ်တပ်များသိမ်းထားသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့အား ပြန်လည် ရယူရန် စစ်ကောင်စီက မြို့ကို နှစ်ဖက်ညှပ်၍ တောင်နှင့် မြောက်မှ အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိသည်။
ကောလင်းမြို့နယ်၏ တောင်ဘက် ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များမှ လည်းကောင်း၊ မြောက်ဘက်ရှိ ဝန်းသိုမြို့နယ်များ ဘက်မှ လည်းကောင်းထိုးစစ်ဆင်ရာ NUG လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ကောလင်းအပါအဝင် ပင်လည်ဘူး၊ ဝန်းသို မြို့နယ်များဖြင့် စုဖွဲ့ထားသည့် ခရိုင်ကာကွယ်တပ်များကပါ ပူးပေါင်းခုခံနေကြောင်း သိရသည်။
ကန့်ဘလူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ကောလင်းဘက်ကို အထက်ဝန်းသိုနဲ့ အောက်ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွေဘက်နေ စစ်ကောင်စီက ကြိုတင်ပြင်ဆင်ပြီး နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာ။ တော်လှန်ရေး အင်အားစု တွေကလည်း ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းရကတည်းက စုပေါင်းပြီး ပြင်ဆင်ထားကြပါတယ်။ ဒီနေ့အထိ မြို့ကို မကပ်နိုင် သေးပေမယ့် မြို့နားထိတော့ ရောက်လာပြီလို့ ပြောရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းမှ စ၍ ကောလင်းမြို့နယ်အတွင်းသို့ မြို့တောင်ဘက် ကိုးထောင်ဘို့ရွာနှင့် မြောက်ဘက် ဝန်းသိုမြို့မှနေ၍ စစ်ကောင်စီတပ်များ ဝင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ယနေ့တွင် ကောလင်းနယ် မြေပြင်ကင်းထောက်အဖွဲ့ Kawlin Info နှင့် Kawlin Revolution-KR မှ ဝန်းသိုမြို့နယ် အင်ကပင်၊ အောင်ကုန်းရွာဘက်မှ စစ်ကြောင်းတကြောင်း၊ ဇီးဖြူပင်ရွာဘက်မှ တကြောင်း၊ အလယ်ခုံနှင့် ဥရှစ်ခုံရွာများ ဘက်မှ စစ်ကြောင်းတကြောင်း ထိုးဝင်နေကြောင်း အသိပေးထုတ်ပြန်ထားသည်။
ကောလင်းပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက “ကောလင်းမြေပုံက လိပ်ပြာပုံမျိုးဆိုတော့ ကြားမှာ ချိုင့်နေတဲ့နေရာက မြို့နဲ့ ကပ်နေတာ၊ ကိုးတောင်ဘို့ဘက်က ဆိုရင် ဇော်ချောင်း၊ မြို့ထဲကနေဆိုရင် သံလမ်းပေါ့၊ ဒီနေ့တော့ ဝန်းသိုဘက်က အင်ကပင်၊ အောင်ကုန်းဘက်မှာ တကြောင်း၊ ဇီးဖြူပင်က တကြောင်း၊ အလယ်ခုံနဲ့ ဥသျှစ်ခုံဘက်က တကြောင်း၊ ကိုထောင်ဘို့ ဘက်ကဆိုရင် ဝါးရုံခုံမှာ တကြောင်း၊ ဆီဆုံမှာတကြောင်း၊ လှည်းပွဲမှာတကြောင်း၊ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်း ၆ ကြောင်း အင်အားအလုံးအရင်းနဲ့ ထိုးဝင်လာတယ်” ဟု ရှင်းပြသည်။
ယနေ့ နေ့လယ် ၃ နာရီကျော်ကမူ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် သံလမ်းတလျှောက် ၄ကြိမ် ဗုံးကြဲသော်လည်း အထိ အခိုက်မရှိဟု သိရပြီး ပိတ်မိနေသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ကောလင်းခရိုင် တပ်ရင်း ၂ က ပြောသည်။
မြို့တောင်ဘက် ဝါးရုံခုံရွာဘက်မှ တက်လာသည့် စစ်ကြောင်းသည် ဇီးခုံရွာသို့ ရောက်လာပြီး အိမ်များကို မီးရှို့ဖျက်ဆီး သလို မြို့မြောက်ဘက် ပေကုန်းရွာတွင်လည်း ခြေမြန်တပ်ရင်း ခမရ-၁၂၀ မှ စစ်ကား ၂ စီးဖြင့် အင်အားဖြည့်၍ အင်ပုတ်ကုန်းရွာသို့ ရောက်နေကြောင်း၊ စစ်ကြောင်းများ အားလုံး ကောလင်းမြို့ဘက်သို့ ဆက်တိုး နေပြီး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “မနက် ၆ နာရီခွဲလောက်ကတည်းက တိုက်ပွဲဖြစ်တာ၊ ဝန်းသိုကနေ ဟောင်ဝစ်ဇာနဲ့ ၅ ချက် ပစ်တယ်။ ၇ နာရီခွဲ လောက်ဖြစ်တဲ့ ကောလင်းအနောက် ညောင်ပင်သာနဲ့ ကျောက်ကာ ရွာကြား တိုက်ပွဲမှာ စစ်တပ် အထိနာပြီးတော့ ဆီဆုံဘက်ကို ပြန်ဆုတ်တယ်။ နေ့လယ်ပိုင်းက ဆီဆုံရွာကို မီးရှို့တယ်။ နေ့လယ် ၃ နာရီကျော်မှာ ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ တိုက်ပွဲကတော့ နားလိုက်ချလိုက်နဲ့ တော်တော်ပြင်းထန်တယ်။ အခုက လေကြောင်းမလာရင် ဒီကောင်တွေ ဆက်မတက်ရဲဘဲ ပြန်ဆုတ်ပြေးနေကြတယ်။ ကောလင်းမှာတော့ အကြီးဆုံးတိုက်ပွဲလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများနှင့်ပါ တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ က နှစ်ဖက်ညှပ် တိုက်ခိုက်နေသော်လည်း ယမန်နေ့တိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်မှ ရလဒ်ကောင်းများ ရရှိခဲ့ သလို ရှေ့တန်း၊ နောက်တန်း၊ ဆေးအဖွဲ့များကြား အချိတ်ဆက်မိမိဖြင့် တိုက်ခိုက်လျက်ရှိကြောင်း Kawlin Info က နေ့လယ် ၁ နာရီခွဲ၌ အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကောလင်းမြို့နယ်ထဲမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စခန်းအချို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးသားဖော်ပြလျက်ရှိသည်။
ကောလင်းမြို့အား စစ်ကြောင်းထိုးရန် ဇန်နဝါရီ နောက်ဆုံးပတ်က စစ်ကောင်စီမှ ကန့်ဘလူမြို့နယ်အခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်း၌ အင်အား ၈၀၀ ခန့်ထိ တိုးမြှင့်ကာ ရဟတ်ယာဉ်များဖြင့် လက်နက်ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း၊ ထိုသို့ပြင်ဆင်ပြီးနောက် ဝန်းသိုမြို့ရှိ ခမရ-၁၂၀ နှင့် ကိုးထောင်ဘို့စစ်တပ် အထိုင်စခန်များဆီသို့ Mi-17 ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ယခုဝင်ရောက်နေသော စစ်ကြောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ပျူစောထီးများနှင့် အကျဉ်းထောင်များမှ ခေါ်ထုတ်လာသူများလည်း ပါဝင်နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အင်အားဖြည့်လာတဲ့အထဲမှာ စစ်သားက နည်းနည်းပဲပါတယ်။ ပျူစောထီးတွေက ပိုများတယ်။ ပြီးတော့ ထောင်သားတွေကိုပါ ထုတ်ခဲ့တာလို့ အတွင်းသတင်းပေးအရ သိရတယ်။ စစ်တပ်မှာက မြေပြင်မှာတိုက်ဖို့ အင်အားမရှိတော့ဘူးဆိုတော့ ထောင်သားတွေကို လွတ်ငြိမ်းပေးမယ်လို့ စည်းရုံးပြီး စစ်သင်တန်းရက်တိုပေး၊ လက်နက်တပ်ဆင်ပေးပြီး အခုလိုမျိုး အင်အားဖြည့်တယ်လို့ သိရတယ်” ဟု ပြောသည်။
ကောလင်းမြို့တိုက်ပွဲတွင် ထောင်များမှ ခေါ်ထုတ်လာသော အကျဉ်းသားများ ပါဝင်နေသည်ဆိုသော သတင်းနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပေ။
ကန့်ဘလူမြို့သည် မြောက်ဘက်တွင် ကောလင်းခရိုင်နှင့် ဆက်စပ်နေပြီး မိုင် ၄၀ ကျော်သာကွာသဖြင့် စစ်ကောင်စီတပ် သည် ကန့်ဘလူမြို့အား ခြေကုပ်ယူကာ ကောလင်းအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုက်ပွဲများ မဖြစ်ခင်ကတည်းက ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေ ကြကြောင်း သိရသည်။
You may also like these stories:
ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ
လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ
ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ