ပြည်တွင်းအခြေခံ စားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ ယခုလအတွင်း ဆက်တိုက်ထပ်မံတက်လာ နေကြောင်း ကုန်သည်များနှင့် စားသုံးသူများထံက သိရသည်။
ပြည်ပဆန်တင်ပို့ရန် ကုမ္ပဏီများက လိုက်လံဝယ်ယူနေသဖြင့် အခြေခံစပါး မြင့်လာသလို သယ်ယူပို့ဆောင်ရး စရိတ်များ လည်း တက်လာသည့်အတွက် ဆန်ဈေးမြင့်လာခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီ နောက်ဆုံးအပတ်က ရွှေဘိုပေါ်ဆန်းတအိတ် လျှင် ကျပ် ၁၅၈၀၀၀၊ ဆန်ကြမ်းတအိတ်လျှင် ကျပ် ၁၀၀၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရွှေဘို ပေါ်ဆန်းတအိတ်လျှင် ကျပ် ၁၈၀၀၀၀ နှင့် ဆန်ကြမ်းတအိတ်လျှင် ၁၁၄၀၀၀ ကျပ်အထိ မြင့်လာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ဧရာဝတီတိုင်းမှ ဆန်စက်ပိုင်ရှင်တဦးက “ကုမ္ပဏီကြီးတွေက အိတ်စပို့ ပို့ဖို့ ဝယ်စုတာကြောင့်ပါ၊ အကြမ်းစပါးဈေးက တင်း တရာကို အနိမ့်ဆုံး ၂၁ သိန်းကနေ ၂၄ သိန်းအထိ အခု ပေါက်နေတယ်။ အခု စပါးဈေးတက်လာတော့ သူတို့ အဝယ်ရပ် မယ် ပြောပေမယ့် ဈေးကတော့ ကျမသွားဘူး၊ တန့်နေတယ်။ တဖက်ဈေးတက်လို့ ကျအောင် လုပ်မယ်။ ပြီးတော့ ဈေးကျ တော့ သူတို့ (ကုန်သည်၊ ကုမ္ပဏီ) တွေက အကျဈေးနဲ့ ဝယ်စုမယ်ပေါ့။ ပိုက်ဆံရှိတဲ့သူ လုပ်စားနေတာပဲ” ဟု ဧရာဝတီ သို့ ပြောသည်။
သို့သော် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကမူ ယခုနှစ် ဆန်နှင့်စပါး လက်ကျန်ပမာဏမှာ ယမန်နှစ် ထက် ပိုသော်လည်း ဈေးကောင်းနေသဖြင့် တောင်သူများက ထုတ်မရောင်းကြောင်း၊ ထို့အတွက် ဆန်နှင့် စပါးလက်ကျန် များ သိုလှောင်ထားသူများထံမှ ထွက်လာစေရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီသတင်းစာအား ယမန်နေ့က ဖြေဆိုထားသည်။
ဆန်စက်ပိုင်ရှင်ကမူ “စပါးဈေးကို ချချင်လို့ သူတို့က စပါးကို နယ်မကျော်ရ တိုင်းမကျော်ရတွေ လုပ်ပေမယ့် ဘယ်မှာ ထိ ရောက်လို့လဲ၊ သူတို့ပဲ လုပ်စားနေတာ။ ဒေါ်လာဈေးတက်တော့ သွင်းအားစုဖြစ်တဲ့ (ဓာတ် မြေဩဇာတို့၊ ပိုးသတ် ဆေးတို့) တက်လာတော့မယ်။ တာဆူနေပြီ။ အခုက သုံးချိန် မဟုတ်သေးလို့သာ။ စက်သုံး ဆီဈေးကတော့ တက်လာပြီ။ အဲဒီတော့ သယ်ယူစရိတ်တွေက အရင်ထက် ပိုမြင့်လာတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိ ဆန်ဈေးမြင့်နေမှုအပေါ် ထိန်းညှိရန် ပြည်ပတင်ပို့မှုအတွက် ပေါင်းဆန် နှင့် ဆန်ကွဲကိုသာ ဦးစားပေး မည်ဖြစ်ကြောင်း၊ ဆန်ဖြူဆိုလျှင် ၅ မှတ်ဆန်ကိုသာ တင်ပို့မှု လုပ်ငန်းစဉ်ကို ယခုလနှင့် မတ်လတွင် စတင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက ဒေါ်လာ ၉၉ သန်းသာ ရရှိရာမှ ယခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၁၁၁ သန်းအထိ ရရှိထားကြောင်း၊ ယခု ဘဏ္ဍာနှစ် ဆယ်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိ ထားပြီး ယခု ဖေဖော်ဝါရီနှင့် မတ်လများတွင် ပြည်ပသို့ တင်ပို့မှု လစဉ် ဒေါ်လာ သန်း ၁၀၀ ခန့် ရရှိစေရန် ဆောင် ရွက်သွားမည်ဟု ဖေဖေါ်ဝါရီ ၂ရက်က ပြုလုပ်သည့် ဆန်စပါးအသင်း အစည်းအဝေးမှ သိရသည်။
ဆန်ဈေးနှုန်းနှင့်အတူ အခြေခံစားသောက်ကုန်ဈေးများလည်း တက်လာသဖြင့် စားသုံးသူများအနေဖြင့် ကုန်ကျ စရိတ်များ ပို၍များလာကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်နေ အိမ်ရှင်မတဦးက “အရင်လို ဝုန်းဒိုင်းတော့ မတက်ပေမယ့် တရိပ်ရိပ် တက်နေတာ။ ဆန်လည်း တက်တယ်။ ဆီဆိုလည်း ပုဇွန်နှစ်ကောင် (ယိုးဒယား) ဆီ ၅ လီတာက အရင် ၂၆၅၀၀ ကနေ ၂၇၅၀၀ ကျပ်၊ ကြက်သွန်နီ က ၁ ပိဿာ ၃၅၀၀ ကျပ်ကနေ အခု ၅၀၀၀ ကျပ်၊ ရှေ့ လဆန်း လောက်မှာ တဖြည်းဖြည်း တက်လာတာ။ အသီးအရွက် ဖြစ် တဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေလည်း တက် တယ်။ ပဲသီး တစီး ၂၀၀ ကျပ်ကနေ အခု ၅၀၀ ကျပ် ဖြစ်နေပြီ၊ ပန်သီးတလုံး ၂၅၀၀ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကုန်စိမ်းများ၊ သစ်သီးဝလံဈေးတက်လာခြင်းမှာ နယ်မြေ မတည်ငြိမ်မှုကြောင့် ပါဝင်သလို သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်သောကြောင့် ဖြစ်သည်ဟု သစ်သီးဝလံ ကုန်စည်ဒိုင်များမှ သိရသည်။
အလားတူ ဆေးဝါးဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးဈေးနှုန်းများ မြင့်တက်နေသလို၊ အိမ်သုံးဆေးဝါးတချို့၊ နာတာရှည်ရောဂါအတွက် သုံးစွဲရသည့် ဆေးဝါးများနှင့် ကလေးအားဆေးများမှာ ပြတ် လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆေး လက်လီ၊ လက်ကား ရောင်းချသူတဦးက “ဝယ်လို့ရတဲ့ ဆေးတွေကတော့ သိပ်မတက်ပေမယ့် ဝယ်လို့ မရတဲ့ ဆေးတွေကျတော့ ဈေးတွေ ကြီးသွားတယ်။ ဈေးကွက်ထဲ ဗူး ၅၀ လောက်ကုန်မယ့် ဆေးက ဗူး ၂၀ လောက်ပဲရ တော့ ဈေးတွေ တက်ကုန်တာပေါ့။ တင်သွင်းတာဘာညာကျတော့ ကုမ္ပဏီတွေက ပိုသိမှာ၊ ကျနော်တို့ကျတော့ ဝယ်ရောင်း ဆိုတော့ တချို့ဆေးတွေ ထိန်းရောင်းတာ တွေ့ရတယ်။ ဆီးချိုထိုးဆေးတွေ၊ ဂျာမနီထုတ်ဆေးတွေ၊ ကလေးအားဆေးတွေ ပြတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆီးချိုသွေးချိုဆေးများမှာ ယခင်က တကတ် ၂၄၀၀ ကျပ်မှ ၂၈၀၀ သို့ ဈေးမြင့်သွားကာ၊ ကလေးများ ဖျားနာ ကိုက်ခဲပါက သောက်သုံးရသည့် ပါရာစီတမော့ အရည်ဆေး တပုလင်းလျှင် ယခင် ၂၀၀၀ ခန့်မှ ယခု ၆၀၀၀ ဝန်း ကျင်အထိ မြင့်တက်နေပြီး ဆေးမှာလည်း ရလိုက်၊ မရလိုက်ဖြစ်သဖြင့် ဈေးနှုန်းအမှန်လည်း ဈေးကွက်အတွင်း မရှိကြောင်း သိရသည်။
ဈေးကွက်ရှိ ဆေးဝါးအများစုမှာ ပြည်ပမှတင်သွင်းနေရခြင်းဖြစ်ပြီး ဒေါ်လာဈေးမှာလည်း လက်ရှိအချိန်အထိ အမြင့်ဆုံး ဈေတန်းတခုဖြစ်သည့် ၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ်ကျော်တွင် ရှိနေသည်။
You may also like these stories:
အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျဆင်းလာတဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ
နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း