ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ အမှတ် ၇၃ ခြေလျင်တပ်ရင်းနှင့် ရဲစခန်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲနေသောကြောင့် မြို့အတွင်းပိတ်မိနေသူ အများအပြားရှိကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့နံနက် ၃နာရီခန့်မှစ၍ ခလရ-၇၃ တပ်ရင်းနှင့် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်းအပါအဝင် စစ်တပ်တပ်စွဲ ထားသည့် နေရာများအား KNLA ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ Spring Warriors စစ်ကြောင်းနှင့် PDF ပူးပေါင်း အဖွဲ့ က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
မြို့တွင်း၌ ပိတ်မိနေသူအမျိုးသမီးတဦး “ သေနတ်သံတွေကတော့ ခုချိန်ထိကိုမစဲသေးဘူး၊ မနက်အစော ၂ နာရီခွဲ ၃ နာရီ လောက်တည်းက ဖြစ်တာ။ အခုက ဆက်ပစ်နေတုန်းပဲ၊ အခုပြောနေတုန်းကို ဗုံးသံတွေလည်း ကြားရတယ်၊ လေယာဉ်သံ တွေလည်း ကြားရတယ်။ ဗုံးသံတွေကတော့ ဆူညံပွက်နေတာပဲ” ဟု ပြောသည်။
တိုက်ပွဲအတွင်း မြို့ပေါ်လမ်းများအား ပိတ်ဆို့ထားသည့်အတွက် ဒေသခံအများအပြား ပိတ်မိနေကြပြီး အရပ်သား သေဆုံးမှုများလည်းရှိနေကာ စာသင်ကျောင်းတကျောင်းအပါအဝင် နေအိမ်များလည်း လက်နက်ကြီးထိမှန်မှုနှင့် မီးလောင်ပျက်စီးမှုများ ရှိသည်။
၎င်းက ဆက်လက်၍ “ခုဏ ၃ နာရီအချိန်ပေးတယ်၊ ပြောင်းရွှေ့လို့ရတယ်ဆိုတော့ သွားကြတော့ အဒေါ်ကြီးတယောက် လမ်းမှာ သေနေတာကို တွေ့ခဲ့ရတယ်။ ပစ်တာခတ်တာမျိုးမဟုတ်ဘဲ အပေါ်ကလေယာဉ်ကြဲပြီး သေကြတာ။ ကြဲတာက ဘယ်နှစ်ခေါက်မှန်းကို မသိတော့ဘူး၊ တမနက်လုံး လာကြဲနေတာ အခုချိန်ထိလည်း ကြဲတုန်းပဲ” ဟုပြောသည်။
ဇရပ်ကြီးမြို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၂ ထိန်းချုပ်နယ်မြေ တောအူးခရိုင် (တောင်ငူခရိုင်) အတွင်း ပါဝင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တွင်တည်ရှိသည်။
KNLA ပူးပေါင်းတပ်များအနေဖြင့် ခလရ-၇၃ တပ်ရင်းအား အဓိက ဦးတည်တိုက်ခိုက်လျက်ရှိရာ တပ်ရင်းနှင့် မြို့ပေါ်ရဲစခန်း တို့အား ထိန်းချုပ်ထားနိုင်သည့်အခြေအနေရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
BPLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက “ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ ခလရ-၇၃ကို အဓိက တိုက် နေတာ ဖြစ်တယ်၊ မနက်ကတည်းတိုက်နေတာ ခုချိန်ထိ စခန်းတခုလုံးကို ရရှိတာတော့ မဟုတ်သေးပေမယ့် စခန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကိုတော့ သိမ်းဆည်းရမိထားပြီဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲတလျောက် စစ်ကောင်စီဘက်က ဆက်တိုက် ဗုံးကြဲနေသည့်အပြင် စစ်ကူ ထပ်မံ ဖြည့်တင်းလာသည့် အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို အနီးပတ်ဝန်းကျင်ရှိ တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ဇရပ်ကြီး ဘက်သို့ ပစ်ကူပေးနေကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးသော်လည်း BPLA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် Spring Warriors စစ်ကြောင်းက တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များထံမှ သိရသည်။
လက်ရှိတိုက်ပွဲ ဆက်လက်ဖြစ်နေသော်လည်း မြို့ပေါ်၌ ရဲနှင့်စစ်သားများကို မတွေ့ရဘဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ (PDF )နေရာယူ လှုပ်ရှားနေသည်ကိုတွေ့ရကာ မြို့တွင်းလမ်းများ ပိတ်ဆို့ထားကြောင်း၊ လေကြောင်းမှပစ်ခတ်ဗုံးကြဲမှုအား ခလရ-၇၃ တပ်ရင်းဘက်တွင် အများဆုံးမြင်ရကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “ ခလရ-၇၃ နဲ့ အိမ်နဲ့ သိပ်မဝေးတော့ အဲဒီဘက်ကိုလှမ်းကြည့်လိုက်ရင် မီးခိုးလုံးကြီးတွေက အဲဒီနားပဲ ကျတယ်။ လေယာဉ်က ပစ်ရင်တော့ အရှေ့ဘက် တောဘက်ကို ပစ်တာများတယ်။ ရပ်ကွက်ထဲက တော်တော်များများ လယ်တွေထဲကို ပြောင်းပြေးကုန်ပြီ၊ လူနည်းနည်းပဲရှိတော့တယ်” ဟု ပြောသည်။
ဇရပ်ကြီးမြို့ခံများအများစုမှာ တိုက်ပွဲဖြစ်ပွားချိန်မှစတင်ပြီး အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်ချိန်မရဘဲ မြို့ထဲ ပိတ်မိနေကြရသည့်အတွက် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်သူမျာလည်းရှိပြီး အချို့မှာ နီးစပ်ရာ လယ်ကွင်းများဘက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထန်းတပင်မြို့နယ်သည် မြောက်ဘက်တွင် တောင်ငူမြို့နယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်ကြီးမြို့နယ်၊ အနောက်ဘက်တွင် အုတ်တွင်းမြို့နယ် ဖြူးမြို့နယ်တို့နှင့် ဆက်စပ်နေသည်။
You may also like these stories:
မင်းပြားမြို့ကို AA သိမ်းပိုက် ထိန်းချုပ်နိုင်
အရပ်သားများအား တိုက်ခိုက်မှု ရပ်ရန် လုံခြုံရေးကောင်စီ ၉ နိုင်ငံ စစ်ကောင်စီကို တောင်းဆို
ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ