မြန်မာနှင့် နယ်စပ်လွတ်လပ်စွာ သွားလာခွင့် ချက်ခြင်းဆိုင်းငံ့ရန် အကြံပေးထားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပြောသည်။ မြန်မာစစ်ကောင်စီနှင့် အတိုက်အခံများအကြား တိုက်ပွဲများ လွန်ခဲ့သောနှစ်တွင် ပြင်းထန်လာပြီး ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံမှ လူများ အိန္ဒိယဘက်သို့ ပြေးလာကြသည်။
နယ်စပ်ဒေသများတွင် နေထိုင်သူများ တနိုင်ငံနှင့် တနိုင်ငံ အကွာအဝေးတခုအထိ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ သွားလာခွင့်ပြုထားသော ထိုသဘောတူညီချက်ကို ဖျက်သိမ်းသည့် လုပ်ငန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက စတင် လုပ်ဆောင်နေကြောင်း အမစ် ရှား ပြောသည်။
ထိုနယ်စပ်ဇုန်များတွင် နေထိုင်သူများသည် ယဉ်ကျေးမှုနှင့်ဘာသာရေးအရ နီးကပ်သော ဆက်စပ်မှုရှိနေသည်။
နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို အာမခံရန်နှင့် မြန်မာနှင့် နယ်စပ်ဒေသများတွင် လူဦးရေ ဖွဲ့စည်း တည်ဆောက်ပုံကို ထိန်းသိမ်းထားရန် လိုအပ်သည်ဟု ရှား ပြောသည်။
ထိုဒေသများတွင် မတည်ငြိမ်သော မဏိပူပြည်နယ်လည်း ပါဝင်သည်။ မဏိပူပြည်နယ်တွင် ဟိန္ဒူ ကသည်း လူများစုနှင့် ခရစ်ယာန် ကွတ်ကီး ချင်းလူနည်းစုများအကြား မေလက ပဋိပက္ခဖြစ်ပွားသောကြောင့် လူ ၂၀၀ ကျော်သေဆုံးစေခဲ့သည်။
အိန္ဒိယသို့ ထွက်ပြေးလာသူ အများစုသည် ကွတ်ကီး ချင်းများနှင့် လူမျိုးစု တူညီသည်။
လွတ်လပ်စွာ သွားလာခွင့်ကို အဆုံးသတ်လိုက်ခြင်း တရားမဝင် ရွှေ့ပြောင်းလာမှုကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းလုံခြုံရေး တောင့်တင်းအောင် လုပ်ရန် သော့ချက်ဖြစ်သည်ဟု အာဏာရ ဟိန္ဒူအမျိုးသားရေး ဘာရာတီယာ ဂျနာတာ ပါတီမှ မဏိပူပြည်နယ် ဝန်ကြီးချုပ် အင်န် ဘာရန် ဆင်းက လူမှုကွန်ရက် X တွင် ကြာသပတေးနေ့က ရေးသားသည်။
အိန္ဒိယနယ်စပ်အနီး မြန်မာနိုင်ငံ အစိတ်အပိုင်းများတွင် ရက္ခိုင့်တပ်တော် (AA) တပ်များက စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်သည့် နိုဝင်ဘာလမှစတင်ပြီး တိုက်ပွဲများ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အပစ်အခတ်ရပ်စဲထားရာမှ နိုဝင်ဘာလတွင် ပြန်လည်စတင်တိုက်ခိုက်ခြင်းဖြစ်သည်။
မြန်မာမှ စစ်သားရာပေါင်းများစွာနှင့် အရပ်သားထောင်ပေါင်းများစွာတို့ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယသို့ ဝင်ရောက်လာကြသည်။
မြန်မာမှ တိုက်ပွဲများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အမြောက်ဆံများ ကျရောက်စေသောကြောင့် တနင်္လာနေ့တွင် လူအနည်းဆုံး ၂ ဦးသေဆုံးစေသည်။
အိန္ဒိယနိုင်ငံသည် ဝေးကွာသည့် တောတောင်များမှသည် နှင်းဖုံးသည့် ဟိမဝန္တာတောင်တန်းများအထိ ပါဝင်သည့် မြန်မာနှင့် မလုံခြုံသည့် နယ်စပ်တွင် ၁၆၄၃ ကီလိုမီတာရှည်သည့် ခြံစည်းရိုး တည်ဆောက်မည်ဟု ရှားက လွန်ခဲ့သောလတွင်ပြောခဲ့သည်။
“မိုဒီအစိုးရက ထိုးဖေါက်မရတဲ့ နယ်စပ်တွေ တည်ဆောက်ဖို့ ကတိပြုထားတယ်” ဟု အင်္ဂါနေ့တွင် သူပြောသည်။
နယ်စပ်ခြံစည်းရိုးနှင့် အရှည်တူသည့် လမ်းတခုကိုလည်း ခြံစည်းရိုးနှင့်အတူ တည်ဆောက်မည်ဟု ရှား ပြောသည်။ မဏိပူပြည်နယ်တွင် ၁၀ ကီလိုမီတာရှည်သည့် ခြံစည်းရိုး တည်ဆောက်ပြီးဖြစ်သည်။
အိန္ဒိယသည် ပါကစ္စတန်နှင့် နယ်စပ်တွင် ကီလိုမီတာ ၂၀၀၀ ရှည်သည့် ခြံစည်းရိုးတည်ဆောက်ပြီးဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင်နယ်စပ်တွင် အနည်းဆုံး ကီလိုမီတာ ၃၁၀၀ ရှည်သည့် ခြံစည်းရိုးတည်ဆောက်ထားကြောင်း အစိုးရ၏ ၂၀၂၁ ခုနှစ်စာရင်းအရ သိရသည်။
You may also like these stories:
မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ
မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း
လူမျိုးစု သံယောဇဉ်ကြောင့် ချင်းဒုက္ခသည်များ ဆက်လက်ရှင်သန်နိုင်
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
ထွက်ပြေးလာသည့် စစ်သားများအား ရေကြောင်းမှ ခေါ်မည့်အစီအစဉ် ဘင်္ဂလားဒေ့ရှ် ပယ်ချ