ဆေးခြောက်ကို ဖျော်ဖြေရေးအတွက် သုံးစွဲမှုအား ၂၀၂၂ ခုနှစ်တွင် ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ပြီးနောက် ထိုသို့သုံးစွဲခြင်းကို ပိတ်ပင်သည့် ဥပဒေကြမ်းကို အလျင်အမြန် တင်သွင်းမည်ဟု ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြောသည်။
ဆေးခြောက်ကို ယခင်အစိုးရက ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် တားမြစ် မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ယခင် အစိုးရတွင် ဆေးခြောက်ကို တရားဝင်အောင် လုပ်ဆောင်လိုသည့် ဘုမ်ဂဂျိုင်ထိုင်းပါတီလည်း ပါဝင်သည်။
ထိုသို့ တားမြစ် မူးယစ်ဆေးစာရင်းမှ ဆေးခြောက်ကို ပယ်ဖျက်လိုက်သောကြောင့် တနိုင်ငံလုံးတွင်၊ အထူးသဖြင့် ဘန်ကောက်တွင် ဆေးခြောက်ဆိုင် ရာပေါင်းများစွာ ပေါ်ပေါက်စေခဲ့ပြီး ပိုမိုတင်းကျပ်သော ဥပဒေများ ချမှတ်ရန် ဝေဖန်သူများက တောင်းဆိုလာသည်။
ဆေးခြောက်ကို ဖျော်ဖြေရေးအတွက် သုံးစွဲခြင်း တားမြစ်မည့် ဥပဒေသစ်ကို လာမည့်အပတ် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြောသည်။
“အဲဒီဥပဒေသစ်က ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးဝါးအတွက်ပဲ သုံးဖို့ ခွင့်ပြုမှာဖြစ်ပြီး လက်ရှိဥပဒေကို ပြင်ဆင်မှာဖြစ်တယ်” ဟု ကျန်းမာရေးဝန်ကြီး မစ္စတာ ချိုလန်နန် ဆရီကောက သတင်းထောက်များကိုပြောသည်။
“ပျော်ရွှင်မှုအတွက် ဆေးခြောက်သုံးစွဲတာကို မှားတယ်လို့ သတ်မှတ်တယ်” ဟု ၎င်းကပြောသည်။
ယမန်နှစ် သြဂုတ်လက အာဏာရလာသော ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်က ဆေးခြောက်ကို ဖျော်ဖြေရေးအတွက် အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်း မကြာခဏ ပြောကြားပြီး ဆေးဝါးအတွက်သာ သုံးသင့်ကြောင်း ပြောသည်။
ဖျော်ဖြေရေးအတွက် ဆေးခြောက် အသုံးပြုခြင်းသည် ပိုမိုကျယ်ပြန့်သော မူးယစ်ဆေးပြဿနာ ဖြစ်စေနိုင်ကြောင်း မစ္စတာ ဆက်ထာ ထဝီစင်က စက်တင်ဘာလတွင် သတိပေးခဲ့သည်။
လွန်ခဲ့သောအပတ်က ဗြိတိသျှ ရော့ခ်တေးဂီတအဖွဲ့ Coldplay ဘန်ကောက်တွင် ဖျော်ဖြေစဉ်အတွင်း တက်ရောက်သူများက လူမှုကွန်ရက်တွင် “ဂီတပွဲတခုလုံးက ဆေးခြောက်စော် နံနေတယ်” ဟု ရေးသားပြီးနောက် ပြည်သူလူထုထံမှ ဖိအားများ ပိုမိုဖြစ်လာသည်။
ထိုင်းနိုင်ငံသည် တင်းကျပ်သော မူးယစ်ဆေးဝါး ဥပဒေများကြောင့် တချိန်က အမည်ဆိုး ကျော်ကြားဖူးပြီး ဆေးခြောက်နှင့် ဖမ်းမိသူ မည်သူမဆို ထောင် ၁၀ နှင့် များပြားသော ဒဏ်ငွေ ချမှတ်ခံရနိုင်သည်။
သို့သော် မကြာသေးမီနှစ်များအတွင်း ကမ္ဘာတွင် ဆေးခြောက်ကို ဆေးဝါးအတွက် သုံးစွဲမှု ထွန်းကားလာခြင်းကို ထိုင်းနိုင်ငံက အသုံးချရန် ကြိုးစားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ၎င်းတို့ရာသီဥတုတွင် အလွယ်တကူ စိုက်ပျိုးနိုင်သည့် ဆေးခြောက်ကို ဆေးဝါးအတွက် ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာသည်။
ဆေးခြောက်သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ခြင်းသည် ကပ်ရောဂါကြောင့် ထိခိုက်သွားသည့် ခရီးသွားလုပ်ငန်းကို အကြီးအကျယ် မှီခိုရသည့် စီးပွားရေးအတွက် အကျိုးအမြတ် ဖြစ်စေသည်ဟုဆိုကြပြီး ထိုင်းကုန်သည်ကြီးများအသင်းက ထိုဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အထိ ကြီးထွားလာမည်ဟု ခန့်မှန်းသည်။
ထိုဥပဒေသို့ ၂၀၂၂ ခုနှစ်တွင် ထည့်သွင်းသည့် အပြောင်းအလဲများကြောင့် ဆေးခြောက်၏ တရားဝင် အဆင့်အတန်းနှင့် ပတ်သက်သော ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူကာ ဆေးခြောက်ဆိုင် အများအပြား ဖွင့်စေခဲ့သည်။
ဘန်ကောက်မှ ခေါင်မိုးပေါ်တွင် ဖွင့်ထားသည့် ကဖေးဆိုင်တခုသည် ဆေးခြောက်ဖလား ကားမောင်းပြိုင်ပွဲကိုပင် စီစဉ်ကျင်းပခဲ့သည်။
ကိုးကား ။ ။ AFP သတင်း Thai Government Says It Will Ban Recreational Cannabis Use
You may also like these stories:
ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ
ထိုင်းမှ တရားဝင် ဆေးခြောက်အကြောင်း သိကောင်းစရာ ၅ ချက်
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ