“ဒီးမော့ဆိုမြို့ပေါ်ကို လေယာဉ်တောင် မပျံဘူး”
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စာသင်ကျောင်း နှစ်ကျောင်းကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဗုံးကြဲသောအခါ အသက် ၁၁ နှင့် ၁၃ နှစ်ကြား ကျောင်းသား လေးဦး သေဆုံးသည်။
ထိုတိုက်ခိုက်မှုများသည် ဒေါဆီးအီနှင့် လွိုင်နန်းဖ ကျေးရွာများမှ ကျောင်းများတွင် နံနက်ခင်း ကျောင်းချိန်အတွင်း ဖြစ်ပွားသည်။
ဓာတ်ပုံအထောက်အထားများ၊ ဗုံးမကြဲမီ လေယာဉ်များရောက်လာသည်ဟု ပြောသည့် မျက်မြင်သက်သေများ အများအပြား ရှိသော်လည်း စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို ငြင်းဆိုသည်။ လူသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု သတင်းများသည် တရားမဝင်မီဒီယာများက ဝါဒဖြန့်သည့် သတင်းတုများဖြစ်သည်ဟု စစ်ကောင်စီမီဒီယာက ဖေဖော်ဝါရီလ ၅ ရက် ညတွင် ကြေညာသည်။
စစ်ကောင်စီတပ်သည် ထိုနေ့က ဒီးမော့ဆိုမြို့နယ်တွင် လေယာဉ်ပျံသန်းမှု မရှိကြောင်း စစ်ကောင်စီ မီဒီယာက ပြောသည်။
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) နှင့် UNICEF တို့က ထိုတိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်။
သို့သော် ထို ဖေဖော်ဝါရီလ ၅ ရက်နေ့က တိုက်ခိုက်မှုသည် စစ်ကောင်စီက ကျောင်းများကို ဗုံးကြဲသည့် ပထမဆုံးဖြစ်ရပ် မဟုတ်ပေ။ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ ကရင်နှင့် ကရင်နီပြည်နယ်များမှ ကျောင်း အများအပြားသည် လေကြောင်းရန် ကာကွယ်ရန် ကတုတ်ကျင်းများ တူးထားရသည်။ ၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ လက်ယက်ကုန်းကျေးရွာမှ ကျောင်းတခုကို လေကြောင်းမှ တိုက်ခိုက်စဉ် ကလေး ခုနစ်ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးသည်။
ဇန်နဝါရီလ နောက်ပိုင်းတွင် အသက် ၁၈ နှစ်အောက်ကလေး ၂၀ သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။
“ကျနော်တို့ အရှင်လတ်လတ် မီးရှို့မသတ်ဘူး”
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ယောကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီ၏ ပျူစောထီးတပ်က အရှင်လတ်လတ် မီးရှို့သတ်သည်။
တော်လှန်တိုက်ခိုက်ရေးသမား နှစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်သည့် ဗီဒီယို လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် စစ်ကောင်စီက ၎င်းတို့ ပျူစောထီးအဖွဲ့သည် ထိုရာဇဝတ်မှုနှင့် မပတ်သက်ကြောင်း ငြင်းသည်။
တော်လှန်ရေးသမား နှစ်ဦးကို သစ်ပင်တွင် တွဲလောင်းချည်ပြီး အရှင်လတ်လတ် မီးရှို့သတ်သည်။ ၎င်းတို့ကို ထိုသို့မသတ်မီ ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ခဲ့သည့် အထောက်အထားများကို ထိုဗီဒီယိုက ပြသနေသည်။ ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာများရထားပြီး သွေးအလိမ်းလိမ်းဖြစ်နေသည်။ သူတို့ကို သစ်ပင်သို့ ဆွဲခေါ်သွားသောအခါ ခြေလက်များကို သံကြိုးဖြင့် ချည်နှောင်ထားသည်။
တော်လှန်ရေးတပ်များက ဖမ်းမိသည့် စစ်ကောင်စီ စစ်သားများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ဆက်ဆံသော်လည်း စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးသမား နှစ်ဦးကို လူမြင်ကွင်းတွင် ပြင်းထန်စွာနာကျင်အောင် အရှင်လတ်လတ် မီးရှို့သတ်သည်။
ထိုကျေးရွာကို စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေ၏ ညွှန်ကြားမှုအောက်မှ ပျူစောထီးက ထိန်းချုပ်ထားသည်။ ထိုပျူစောထီးအဖွဲ့သည် ကျေးရွာများနှင့် အနီးရှိ အခြားသူများ အပါအဝင် အရပ်သားများကို အကြမ်းဖက်သောကြောင့် အမည်ဆိုးကျော်ကြားသော အဖွဲ့ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မတ်လကလည်း ထိုရွာတွင် အရပ်သားနှစ်ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
လွန်ခဲ့သောနှစ်က သတ်ဖြတ်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီလိုလားသည့် တယ်လီဂရမ်အကောင့်များတွင် တော်လှန်ရေးသမား နှစ်ဦး ဖမ်းမိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။ ထိုလူငယ်များသည် အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် လူငယ်များ၏ ဓာတ်ပုံများ ဖြစ်နေသည်။
သို့သော် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု ဗီဒီယိုကြောင့် လူထုဒေါသ ပေါက်ကွဲသောအခါ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီက ထိုကျေးရွာ၌ မည်သည့် တော်လှန်ရေးသမားမှ မဖမ်းမိကြောင်းပြောသည်။
ထိုရာဇဝတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှစ်ခုအကြား ငွေကြေးနှင့် ပိုင်နက်အငြင်းပွားမှုကြောင့် ဖြစ်ပွားသည်ဟု စစ်ကောင်စီက ပြောသည်။ သို့သော် ထိုသတ်ဖြတ်မှု ကျူးလွန်သူအချို့သည် စစ်ကောင်စီ စစ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Fact Check: Myanmar Junta Denies Link to Crimes Shown in Photos, Video ကို ဘာသာပြန်သည်။)
You may also like these stories:
မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်
ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်