ထိုင်း-မြန်မာ နှစ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ ညီ ကော့သောင်းမြို့ နေ ဦးဌေးဝင်း(ခ) ဦးနောင်ပိန်အား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သိရသည်။
အကိုဖြစ်သူ ဦးကျော်လွင်မှာ ထိုင်းအစိုးရက အခွန်ရှောင်မှု ငွေကြေးခဝါချမှု အပါအဝင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ကိုင်သည့် Gofuk လောင်းကစားကွန်ရက်တွင် ပတ်သက်သည်ဆိုကာ ဖေဖေါ်ဝါရီ ၁ရက် က ဖမ်းဝရမ်း ထုတ်ခံရသူဖြစ်ပြီး စစ်ကောင်စီကလည်း ဖေဖေါ်ဝါရီ ၇ ရက်တွင် ထပ်မံ ဝရမ်းထုတ်ခဲ့သည်။
သေဆုံးသူ ဦးနောင်ပိန်မှာ အသက် ၆၀ ခန့်ရှိပြီး ဦးကျော်လွင်၏ ညီအငယ်ဆုံးဖြစ်ကြောင်း၊ အကို၏ စီးပွားရေး လုပ်ငန်းများတွင် ရှယ်ယာဘုတ် အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ ၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့် မစိုးရိမ်ရန် ပြောကြောင်း သူ၏ မိတ်ဆွေများက ဆိုသည်။
ထို့နောက် ကော့သောင်းသို့ ပြန်သွားစဉ် ဖေဖေါ်ဝါရီ ၄ရက်၌ အဏ္ဏဝါရပ်ကွက်နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ မိသားစုများက အာမခံဖြင့် ပြင်ပတွင် နေထိုင်နိုင်ရန် ကြိုးစားနေစဉ် ဦးနောင်ပိန် ကြိုးဆွဲချ သေဆုံးသည်ဟုဆိုကာ ယမန်နေ့က အကြောင်းကြားပြီး ယနေ့ညနေ ၅ နာရီမတိုင်မီ သင်္ဂြိုလ်ခိုင်းထားကြောင်း သိရသည်။
“ကော့သောင်းသားတွေ အားလုံးနီးပါး အတော်စိတ်မကောင်းဖြစ်နေကြတာ၊ သူတို့ စီးပွားရေးထိခိုက်ပြိုလဲတာကို စိတ်မကောင်းတာမဟုတ်ဘူး ဒီလိုကြီး ရက်ရက်စက်စက်လုပ်ပြီး အသတ်ခံလိုက်ရတာကို စိတ်မကောင်းကြတာ။ ပြီးတော့ ကိုနောင်ပိန်က ဆိုရှယ်လည်းကောင်းတယ်။ လမ်းဘေးက လူတွေနဲ့လည်း တလုံးတထွေး နေတတ်တဲ့သူမျိုး” ဟု ကော့သောင်းမြို့ခံတဦးက ပြောသည်။
ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည် ဦးကျော်လွင်သည် မိသားစုတွင် အကြီးဆုံးသားဖြစ်ပြီး ဦးနောင်ပိန်မှာ အငယ်ဆုံး ဖြစ်ကြောင်း၊ အခြားသော ညီတဦးဖြစ်သည့် ကိုဘိမှာ ပင်လယ်ငါးဖမ်းလှေများနှင့် ဆီဆိုင်လုပ်ငန်းများ လုပ်ကိုင်ပြီး ညီမဖြစ်သူ မရှုပိုမှာ ကော့သောင်းမြို့က နာမည်ကျော် ညောင်ဦးဖီးအပန်းဖြေစခန်းပိုင်ရှင်ဖြစ်သည်။
ကော့သောင်းဇာတိ ဦးကျော်လွင်(ခ) Sanga Kangval သည် ထိုင်းနိုင်ငံသား ခံယူထားပြီး နိုင်ငံပြင်ပသို့ လောင်စာဆီ တင်ပို့ရာမှာ အထောက်အထားအတုများ ဖန်တီး၍ ဘတ်ငွေ သန်းပေါင်း ၁သောင်းတန် အခွန်ငွေတိမ်းရှောင်မှု၊ အစိုးရ ထီပေါက်စဉ် ရလာဒ်အား ဝက်ဘ် ဆိုဒ်တင်ကာ အွန်လိုင်းလောင်း ကစားရန် ဖိတ်ခေါ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဝရမ်းထုတ် ခြင်းခံရသူဖြစ်သည်။ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ဦးကျော်လွင်အား ဖမ်းဝရမ်းထုတ်ပြီးနောက် ၎င်းနှင့်ဆက်စပ်သည့် မိသားစုဝင်များနှင့် မိတ်ဆွေ အချို့၏ နေအိမ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ဦးကျော်လွင်သည် လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖြင့် တနင်္သာရီတိုင်းအတွင်း နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည်။
You may also like these stories:
ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်
လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်
လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း