တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်မှ ရန်ကုန်၊ မန္တလေးစသည့် မြို့များသို့ လေကြောင်းဖြင့် သွားမည့်ခရီးသည်များအနေဖြင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ညွှန်ကြားထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များမှ ရန်ကုန်သို့ လေကြောင်းဖြင့် သွားမည့် ခရီးသည်များသည် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ပါရမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ခွင့်ပြုချက် ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး၊ ထွေအုပ်ရုံးမှ ခွင့်မပြုသည့် ခရီးသည်များကို လိုက်ပါ စီးနင်းခွင့်မပြုကြောင်း သိရသည်။
စစ်တွေမြို့မှ Star Wave လေယာဉ်လက်မှတ်အရောင်းဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “အသွားများတာကြောင့် လက်မှတ်က အခု ၄ လပိုင်းမှပဲ ရနိုင်မယ်။ စစ်တွေကပဲ သွားသွား၊ ကျောက်ဖြူကနေ သွားသွား ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ ထောက် ခံချက်လိုတယ်”ဟု ဝန်ထမ်းတဦးက ပြောသည်။
လက်ရှိ စစ်တွေ- ရန်ကုန်၊ ကျောက်ဖြူ- ရန်ကုန် လေယာဉ် လက်မှတ်တစောင် ကျပ် ၃၈၀,၀၀၀ ကျော်ရှိကြောင်း သိရ သည်။
အလားတူ တနင်္သာရီတိုင်းမှ ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ လေကြောင်းဖြင့် လာမည်သူများအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ထောက်ခံမှသာ ရောင်းချပေးရန်၊ E-Ticket ဖြင့် ဝယ်ပါကလည်း လေဆိပ်သို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ယူဆောင်လာရန် မြိတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုဗိုလ်မှူးကြီး မျိုးမင်းခိုင်၏ လက်မှတ်ဖြင့် ဖေဖေါ်ဝါရီ ၈ရက် ညွှန်ကြားထားသည်ကို တွေ့ရသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ MAI သို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ထမ်းတဦးက “လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် ထောက်ခံစာတွေ ဘာတွေ လိုမယ်ပြောတယ်။ တရားဝင် စာတော့ မထွက်သေးဘူး။ မှတ်ပုံတင်တော့ လိုတယ်။ သွားခါနီး ပြန်ဆက်မှ ရမယ်။ မြိတ်ကနေ ရန်ကုန်လာမယ်ဆိုရင်တော့ ထောက်ခံစာလိုတယ်။ ရန်ကုန်-မြိတ် တော့ မပြောထားသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်- မြိတ် ခရီးစဉ်တွင် ခရီးသည်တင်ကားဖြင့် လာပါက ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ ယူဆောင်လာရပြီး ထောက်ခံစာပါသည့်တိုင် လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များ ရှိပါက ကျပ် ၂ သောင်းခန့် ပေးရကြောင်း မြိတ်မြို့မှ ဒေသခံ တဦးက ပြောသည်။
ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “မြိတ်မှာတော့ စာတွေ ထွက်နေတယ်။ ဘာကြောင့်လဲတော့ မပြောတတ်သေးဘူး။ လေယာဉ်ကွင်းရောက်လည်း မှတ်ပုံတင် ပြနေရတာပဲလေ။ မှတ်ပုံတင်ရှိမှ စီးလို့ရတယ်။ အခု အုပ်ချုပ်ရေးမှူးထောက်ခံစာ ဘာညာဆိုတော့ အလုပ်က ပိုလာတာပေါ့။ အခက်အခဲတော့ မရှိပေမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်တာပေါ့။ အလုပ်တွေ ပိုလာတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်း ဥပဒေအရ နိုင်ငံတဝှမ်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်လူရွယ်များသည် စစ်ကောင်စီတပ်သို့ ဝင်ကာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ယင်း ဥပဒေ အတည်ပြုပြီးနောက် အဝေးပြေးလမ်းများ၊ ရပ်ကွက်၊ မြို့ရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူငယ်၊ လူရွယ်များကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသလို ယခုအခါ လေကြောင်းလိုင်းဖြင့် ပြည်တွင်း ခရီးသွားလာခွင့်များတွင်ပါ တင်းကျပ် ကန့်သတ်ရန် ကြိုးစားလာခြင်းဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး
ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ
ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး စက်တင်ဘာ ၁၁ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည်