အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ် လိုက်ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
ကောလင်းတိုက်ပွဲများတွင် ပါဝင်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “လက်ရှိမှာ ကောလင်းမြို့ ဧရိယာ ထဲက ထွေအုပ်ရုံး၊ ရဲစခန်း၊ ဘူတာ၊ အထက ၁ နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ ပြန်ပြီး အထိုင်ချနေရာယူထားတယ်။ ရပ်ကွက်တွေထဲမှာလည်း အင်အားဖြန့်ခွဲ နေရာယူထားကြတယ်။ ပြည်သူတွေကတော့ အခု မြို့ထဲမှာ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ကောလင်းမြို့အား ပြန်လည်ရယူရန် ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှစ၍ နှစ်ဖက်ညှပ်ကာ မြို့၏ တောင် နှင့်မြောက်တွင် အလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့သဖြင့် NUG လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ကောလင်းအပါအဝင် ပင်လည်ဘူး၊ ဝန်းသို မြို့နယ်များဖြင့် စုဖွဲ့ထားသည့် ခရိုင် ကာကွယ်တပ်များကပါ ပူးပေါင်းခုခံခဲ့ကြခြင်းဖြစ်သည်။
ကောလင်း PDF တဦးက “ကောလင်းမှာ တိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ့်ဘက်ကနေ အကျအဆုံး နည်းနိုင်သလောက်နည်းအောင် အတိုးအဆုတ်လုပ်ပြီး တုံ့ပြန် ခုခံခဲ့ကြတာဆိုတော့ မြို့ရဲ့ အနေအထားအရ တချို့နေရာ တွေကို လက်လွှတ်ပေးလိုက်ရတာမျိုးရှိလာနိုင်တယ်လို့ အစကတည်းက သုံးသပ်ထားပြီးသားပါ။ ကောလင်းကို ပြန်ပေးလိုက်ရရင်တောင် ကျနော်တို့ရဲ့ အောင်စိတ်တွေ ကျသွားလို့ မရဘူး။ ကျနော်တို့ တော်လှန်ရေးဘက်က ရထားတဲ့ မြို့တွေ နယ်မြေ တနေ့ထက်တနေ့ ပိုပိုများလာနေဆဲဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်” ဟု ပြောသည်။
ကောလင်းမြို့သည် စစ်ကိုင်းတိုင်းတွင် ပထမဦးဆုံးအနေဖြင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သော ခရိုင် မြို့ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ၆ ရက်က ခရိုင်ကွပ်ကဲရေးအစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့် တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်(PDF)၊ ဒေသကာကွယ်ရေး တပ်ပေါင်းစုများ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် NUG အစိုး၏ ပြည်သူ့အုပ်ချုပ် ရေးစနစ်ဖြင့် လည်ပတ်နေကြောင်း သိရသည်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ရယူရန် အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများကို အဆမတန် အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ကောလင်းမြို့ တိုက်ပွဲများအား စောင့်ကြည့်လေ့လာနေသော ဒေသခံတဦးက “လနဲ့ချီပြီး ကိုယ့်လက်ထဲ ရှိနေတဲ့အချိန် ကတည်းက မိုင် ၂၀ လောက် အကွာအဝေးမှာရှိတဲ့ ဝန်းသိုဘက်ကနေ နေ့တိုင်းလက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ခံရ တယ်။ အခုလို မြို့ကို စစ်တပ်က ပြန်ထိန်းနိုင်သွားနိုင်တာက NUG လူကြီးတွေ လေလုံးထွားခဲ့တာရဲ့ နောက်ဆက် တွဲလို့ ပြောရမှာပေါ့။ မြေပြင်တိုက်ပွဲဝင်ရဲဘော်တွေက ရဲရဲဝံ့ဝံ့နဲ့ တာဝန်ကျေတာထက် သာလွန်ခဲ့တယ်၊ စကစက အင်နဲ့အားနဲ့ ဖိတိုက်လို့ ကောလင်းကနေ ဆုတ်ပေးရပေမယ့် တော်လှန်ရေးအဖွဲ့တွေက ပြန်သိမ်းဖို့ အခြေအနေ ရှိတယ်လို့ သုံးသပ် ရမှာပေါ့လေ” ဟု ပြောသည်။
ကောလင်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် NUG သို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ကောလင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများ လက်နက်၊ ခဲယမ်းများ လိုအပ်မှု မရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကလည်း အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနေသည်ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Mandalay Free Press သတင်းဌာနကို ဖြေ ကြားထားသည်။
NUG ၏ MOD တွင် အမှတ် ၁ စစ်ဒေသ (မြောက်ပိုင်း)၊ အမှတ် ၂ စစ် ဒေသ(တောင်ပိုင်း) ဟု သတ်မှတ်ကာ အမှတ် ၁ စစ်ဒေသတွင် KIA ဦးဆောင်သော C3C အဖွဲ့မှ ကွပ်ကဲပြီး အမှတ် ၂ စစ်ဒေသ ကို KNU က ဦးဆောင်သည့် J2C အဖွဲ့၏ ကွပ်ကဲမှုအောက်၌ ရှိကြောင်း သိရသည်၊
အဆိုပါ စောင့်ကြည့်လေ့လာသူက ”ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တယ်၊ ရခိုင်မှာတော့ ရှုံးနေ တယ်၊ ဒါက ဘာကိုပြနေသလဲဆိုရင် ERO တွေကို အရှုံးပေးနေရပေမယ့် NLD ကနေ ဖြစ်ပေါ်လာတဲ့ NUG ကိုတော့ လုံးဝ အရှုံးမခံဘူး ဆိုတဲ့ သဘောမျိုးလို့ သုံးသပ်လို့ရတာပေါ့။ ဒီလိုမျိုးက ရွှေပြည်အေးမြို့ကို ပြန်တိုက်တဲ့ နေရာမှာ လည်း တွေ့နေ ရတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်ထိ ကောလင်းမြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြို့တွင်းရပ်ကွက်များဖြစ်သည့် ကျော်ဇေယျာ တောင်ပိုင်း (အောင်ချမ်းသာအခြမ်း)၊ ကျော်ဇေယျာအမှတ် ၄၆ သစ်စက်အနောက်ခြမ်း၊ အောင်သီရိရပ်ကွက်များမှ အချို့နေရာများ မီးလောင်နေကြောင်း၊ ယနေ့တွင်မူ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေကြောင်း သိရသည်။
“လက်ရှိ သိမ်းခံထားရတဲ့ မြို့ပေါင်း ၄၀ ကျော်ထဲကမှ ကောလင်းကို သာလွန်အင်အားတွေအပြင် မြေပြင်စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်၊ ရခိုင်မှာ စစ်ရှုံးနေချိန် ကောလင်းကို စုပြုံ ဖိတိုက် တာကတော့ ရှက်ရမ်းရမ်းနေတဲ့ သဘောပဲ၊ နောက်တခုက တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူတွေရဲ့ အောင်စိတ်ကို ဦးချိုး လိုတာလည်း ပါတယ်” ဟု ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကောလင်းမြို့သည် မန္တလေး- မြစ်ကြီးနားရထားလမ်းပေါ်တွင် တည်ရှိပြီး မြို့ပေါ်အိမ်ခြေ ၅၄၄၂ အိမ်၊ အိမ်ထောင်စု ၅၄၅၁ နေထိုင်သလို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းများ၏ ဆက်သွယ်ရေးအတွက် အရေးပါသော မြို့တ မြို့လည်း ဖြစ်သည်။
စစ်ရေး လေ့လာသုံးသပ်သူတဦးက “ကောလင်းက ကချင်နဲ့ စစ်ကိုင်း၊ မန္တလေးကြားထဲမှာ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ့၊ နှစ်ဖက်စလုံးအတွက် အရေးပါတာပေါ့။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း၊ မန္တလေးတို့နဲ့ ဆက်သွယ်တဲ့နေရာမှာရော၊ ချင်းတို့ မကွေးတို့ ရခိုင်တို့နဲ့ ဆက်သွယ်တဲ့နေရာမှာပါ PDF တွေနဲ့ EAO တွေအတွက် ပိုပြီးတော့ အရေးပါတယ်လို့ ပြောရမယ်။ စစ်တပ်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း၊ မန္တလေးလမ်းကြောင်း ပြန်ပြီး တော့ ဆက်နိုင်ဖို့ရယ်၊ ရထားလမ်း ပြန်ဖွင့်နိုင်ဖို့ရယ် နောက်တခုက EAO နဲ့ PDF တွေရဲ့ လက်နက်ပို့တဲ့ လမ်းကြောင်း ဖြတ်တောက်ဖို့ရယ်အတွက် ကြိုးစားနေတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
စစ်တပ်သည် ကောလင်းမြို့နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးသော ကန့်ဘလူမြို့အားခြေကုပ်ယူကာ ကောလင်းအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ဇန်နဝါရီ နောက်ဆုံးပတ်မှ စတင်ပြင်ဆင်ခဲ့ကြောင်း၊ ကန့်ဘလူအခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀၀ ခန့် အထိ တိုးမြှင့်ခဲ့ပြီး ရဟတ်ယာဉ်များဖြင့် လက် နက်ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထိုသို့ ပြင်ဆင်ပြီးနောက် ဝန်းသိုမြို့ရှိ ခမရ ၁၂၀ နှင့် ကိုးထောင်ဘို့ စစ်တပ်အထိုင်စခန်များဆီသို့ Mi 17 ရဟတ်ယာဉ် ဖြင့် အင်အင်းဖြည့်တင်းပို့ဆောင်ခဲ့ပြီး ကောလင်းမြို့အား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် ပြည်သူ့စစ်ခေါ် ပျူစောထီးများနှင့် အကျဉ်းထောင်များအတွင်းမှ ခေါ်ထုတ်လာသူများလည်း ပါဝင်နေကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ကောလင်းမြို့အား စတင်တိုက်ခိုက်ချိန်ကတည်းက ကောလင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီ ဆိုသော သတင်းများကို ထုတ်ပြန်ကာ စိတ်ဓာတ်စစ်ဆင်ရေးများကိုပါ လုပ်ဆောင်လျက်ရှိသည်။
ကောလင်းမြို့နယ်တခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းများအရ မြို့တမြို့၊ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာ ၂၀၂ ရွာ၊ လူဦးရေ ၃ သောင်းခွဲကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေးမှာ ကား လမ်း၊ ရထားလမ်းရှိကာ မြောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဘက်တွင် ကန့်ဘလူမြို့နယ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်၊ ပင်လည်ဘူးမြို့နယ် အရှေ့ဘက်၌ ထီးချိုင့်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။
You may also like these stories:
ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ
ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ
ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော