နိုင်ငံသို့ ထူးခြားစွာ ပြန်လာပြီး ခြောက်လမျှသာ ကြာသေးချိန်တွင် အကျဉ်းချခံ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်၏ အာမခံကို အတည်ပြုလိုက်သောကြောင့် မကြာမီ လွတ်မြောက်တော့မည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောသည်။
ထိုကြေညာချက်သည် အလွန်ထူးခြားပြီး ဆယ်စုနှစ်များစွာကြာသည့် နိုင်ငံရေးစွန့်စားခန်း ပြီးဆုံးသွားပြီး ထိုင်းနိုင်ငံ၏ အငြင်းပွားဖွယ် အကောင်းဆုံး နိုင်ငံရေးခေါင်းဆောင်များအနက် တဦးဖြစ်သူ မစ္စတာ သက်ဆင်သည် ပုံမှန်ဘဝသို့ ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်သည်။
ကျော်ကြားသော နိုင်ငံရေးမျိုးရိုးစဉ်ဆက် အကြီးအကဲနှင့် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာအသင်း၏ ပိုင်ရှင်ဟောင်း သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ သူ နယူးယောက်တွင် ရောက်နေစဉ် အဏာသိမ်းဖြုတ်ချခံရသည့် ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ယူခဲ့သည်။
၁၅ နှစ်ကြာ ပြည်ပတွင် နေထိုင်ပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်သွားပြီး သူ အာဏာရစဉ်က အကျိုးစီးပွား ပဋိပက္ခမှု၊ အာဏာအလွဲသုံးမှုနှင့် အဂတိလိုက်စားမှုများအတွက် ထောင် ၈ နှစ်ချခံရသည်။ ထိုစွဲချက်များအတွက် အပြစ်ရှိသည်ဟု မစ္စတာ သက်ဆင် ပြည်ပတွင် နေထိုင်စဉ်က မျက်ကွယ် ထောင်ချခဲ့သည်။
ထို့နောက် မကြာမီပင် မစ္စတာ သက်ဆင်သည် သံတိုင်နောက်တွင် ကြာကြာ မနေရနိုင်ကြောင်း ရှင်းလင်းစွာ သိလာရသည်။ ဘုရင်၏ လွတ်ငြိမ်းခွင့် လျှောက်ထားခဲ့သောကြောင့် တပတ်ကျော်ခန့်ကြာသောအခါ သူ့ကိုချထားသည့် ထောင် ၈ နှစ်ကို ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်းက ၁ နှစ်သို့ လျှော့ချပေးခဲ့သည်။
ထိုင်းတရားရေးဝန်ကြီး တဝီ ဆော့ဒ်ဆောင်က သက်ဆင်သည် ယခုလအတွင်း အာမခံရသည့် အကျဉ်းသား ၉၃၀ တွင် ပါဝင်ကြောင်း CNN သို့ အတည်ပြုပြောကြားသည်။
အသက် ၇၄ နှစ် ရှိပြီဖြစ်သော မစ္စတာ သက်ဆင်သည် အသက် ၇၀ ကျော်သော အကျဉ်းသား အမျိုးအစားတွင် ပါဝင်နေသောကြောင့် သို့မဟုတ် ပြင်းထန်သော နာတာရှည် ရောဂါရှိသောကြောင့် အာမခံရပိုင်ခွင့်ရှိသည်။ ထို့အပြင်သူသည် သူ့ကိုချမှတ်ထားသည့် ပြစ်ဒဏ်၏ ထက်ဝက်မကကိုလည်း ကျခံပြီးကြောင်း တရားရေးဝန်ကြီးက ပြောသည်။
အကျဉ်းထောင်ဌာနသည် မစ္စတာ သက်ဆင်ကို လွှတ်ပေးမည့်ရက်အား သိရှိအောင် လုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
လွန်ခဲ့သောနှစ်တွင် ထောင်ချပြီးနောက် အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း အောက်ဆီဂျင်အဆင်းကျခြင်းတို့အတွက် မစ္စတာ သက်ဆင်ကို ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ထိုင်း အကျဉ်းဦးစီးဌာနက ပြောသည်။
သူအာဏာရသည့် ကာလတလျှောက်လုံးတွင် မစ္စတာ သက်ဆင်သည် ထိုင်းကျေးလက်နှင့် အလုပ်သမား လူတန်းစားအကြား အလွန်ရေပန်းစားသော်လည်း သူ၏မူဝါဒများသည် ချမ်းသာသော ထိုင်းအထက်လွှာနှင့် ကွန်ဆာဗေးတစ်များအတွက် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုသူများက မစ္စတာ သက်ဆင်သည် အန္တရာယ်များပြီး အဂတိလိုက်စားသည့် လူများကြိုက်ဝါဒီဖြစ်သည်ဟု စွပ်စွဲသည်။
ထိုင်းလူ့အဖွဲ့အစည်းတွင် လူကြိုက်များသောကြောင့် သက်ဆင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ထိုင်းနိုင်ငံရေးကို တနည်းနည်းဖြင့် လွှမ်းမိုးသော သြဇာကြီးမားသူ ဖြစ်စေခဲ့သည်။
နိုင်ငံတွင် သူ မရှိသော်လည်း မစ္စတာ သက်ဆင်သည် ထိုင်းနိုင်ငံရေးတွင် အလွန်ကြီးမားသည့် သြဇာကို ဆက်ထိန်းခဲ့ပြီး ထိုင်း၏ ပြဿနာများပြီး တခါတရံ အကြမ်းဖက်သည့် နိုင်ငံရေးအခင်းအကျင်း ဗဟိုချက်တွင် ရှိနေခဲ့သည်။
၂၀၀၁ ခုနှစ်မှ လွန်ခဲ့သောနှစ်အထိ မစ္စတာ သက်ဆင်၏ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ အားလုံးတွင် နေရာအများဆုံး အနိုင်ရသည်။
သက်ဆင် ထူထောင်ခဲ့သည့် နိုင်ငံရေးဆွေစဉ်မျိုးဆက်၏ နောက်ဆုံးပါတီဖြစ်သည့် ဖွေထိုင်းပါတီသည် ယနေ့တွင် အာဏာရညွန့်ပေါင်းအဖွဲ့တွင် ပါဝင်နေသည်။ ၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲအပြီးတွင် ယခင်စစ်တပ်မှ ပြိုင်ဘက်များဖြင့် ထိုမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုပါတီမှ မစ္စတာ ဆက်ထာ ထဝီစင်သည် သြဂုတ်လတွင် မစ္စတာ သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်မလာခင် နာရီပိုင်းအလိုတွင် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။
ထောင်ချသည့် သက်တမ်းလျှော့ရန်၊ သက်ညှာစွာ ကိုင်တွယ်ရန် သို့မဟုတ် လွတ်ငြိမ်းခွင့်ပေးရန် မစ္စတာ သက်ဆင်သည် နိုင်ငံသို့ မပြန်မီ သြဇာကြီးသော ကွန်ဆာဗေးတစ် အသိုက်အဝန်းနှင့် အပေးအယူ လုပ်ခဲ့သည်ဟု လေ့လာသူအချို့က ယူဆသည်။ သူ့ကို တရားရုံးက ချသည့် စီရင်ချက်နှင့် သူ့ကို တင်သည့် စွဲချက်များအရ ထိုသို့ယူဆခြင်းဖြစ်သည်။
မစ္စတာ သက်ဆင်က ထိုသို့သော အစီအစဉ် မလုပ်ကြောင်း ငြင်းသည်။
သို့သော် သက်ဆင် ပြန်လွတ်လာခြင်းသည် လတ်တလော နိုင်ငံရေးအခြေအနေ တင်းမာနေချိန်တွင် သြဇာကြီးမား သဘောထားကွဲလွဲစေသည့် နိုင်ငံရေး ခေါင်းဆောင်တဦးကို ပြန်လည် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
တချိန်တည်းတွင် သက်ဆင်သည် အတိုက်အခံ မျိုးဆက်သစ်များလောက် တည်ဆဲ အသိုက်အဝန်းအတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။ ထိုအတိုက်အခံ မျိုးဆက်သစ်သည် လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှု အကြီးအကျယ်ရပြီး ပြင်းထန်သော ဥပဒေဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရသည်။
၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံးရပြီးနောက် တိုးတက်သော ရှေ့သို့ချီပါတီ (Move Forward) သည် နိုင်ငံ၏ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး ပါဝင်သည့် အခြေခံကျကျ ပြောင်းလဲလိုသော အယူအဆကြောင့် အစိုးရဖွဲ့ခြင်းမှ တားဆီးခံရသည်။ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးသည် ထိုင်းနိုင်ငံတွင် ပိတ်ပင်ထားသည့် အကြောင်းအရာ ဖြစ်သည်။
လွန်ခဲ့သောလတွင် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ထိုင်းတရားရုံးက ရှေ့သို့ချီပါတီအနေဖြင့် တော်ဝင်မိသားစုကို စော်ကားသည့် ဥပဒေပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို ရပ်ဆိုင်းရန် အမိန့်ချပြီး ပါတီနှင့် ဝန်ကြီးချုပ်လောင်း ယှဉ်ပြိုင်ခဲ့သူ ဖိထာ လင်ဂျာရွန်ရတ်အပါအဝင် ခေါင်းဆောင်များသည် ၎င်းတို့၏ လုပ်ရပ်များတဆင့် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် လုပ်နေကြောင်း ပြောခဲ့သည်။
လူငယ်များအကြား အလွန်ရေပန်းစားသော ထိုပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်တွင် တောင်းဆိုမှုများ ရှိနေသည်။ ဖိထာနှင့် ပါတီခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ၎င်း၊ နိုင်ငံရေးမှ ၎င်း တသက်တာ ပိတ်ပင်ခံရနိုင်သည်။
အခြားတဘက်တွင် ဖွေထိုင်းပါတီသည် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေအား ဖျက်သိမ်းရန် ရည်ရွယ်ချက် မရှိကြောင်း မဲဆွယ်ပွဲအတွင်းကပင် ရှင်းလင်းစွာပြောခဲ့သည်။ ဘုရင်စနစ်နှင့် နိုင်ငံရေး အသိုက်အဝန်းဟောင်းအား ဝေဖန်သူများကို အရေးယူရန် ထိုဥပဒေကို မကြာခဏ အသုံးပြုသည်။
မစ္စတာ သက်ဆင် ကိုယ်တိုင်လည်း တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေအရ စွဲချက်တင် ခံရနိုင်သည်ဟု Reuters သတင်းဌာနက လွန်ခဲ့သောအပတ်တွင် ဖော်ပြခဲ့သော်လည်း ထိုကိစ္စကို အစိုးရရှေ့နေများက ဆက်လက် လုပ်မည်၊ မလုပ်မည် ရှင်းလင်းစွာ မသိရပေ။
ထိုဥပဒေအရ မည်သူမဆို တိုင်ကြားနိုင်ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။
ဇန်နဝါရီလတွင် ထိုင်းအယူခံ တရားရုံးတခုသည် ဘုရင်စနစ်ကို စော်ကားခြင်းအတွက် လူတဦး၏ ထောင်ဒဏ်ကို စံချိန်တင် နှစ် ၅၀ အထိ တိုးချဲ့ခဲ့သည်။ ထိုထောင်ဒဏ်သည် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေအရ အများဆုံး ပြစ်ဒဏ်ဟု ယူဆကြောင်း ဥပဒေအခွင့်အရေးအဖွဲ့တခုက ပြောသည်။
ကိုးကား ။ ။ CNN သတင်း Thailand’s jailed former Prime Minister Thaksin Shinawatra to be freed
You may also like these stories:
သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
Move Forward ပါတီကို သက်ဆင် ချီးကျူး
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ