ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီ နယ်ခြားစောင့်ရဲနှင့် တပ်ဖွဲ့ဝင် ၃၃၀ ဦးအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ရေလမ်းမှတဆင့် ယနေ့ ပြန်လွှဲပေးကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြသည်။
ဖေဖော်ဝါရီ ပထမပတ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ယာ နယ်ခြားစောင့်တပ်စခန်းနှစ်ခုအား AA က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
ထွက်ပြေးလာသူများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးပြီးနောက် ယနေ့ ပထမအသုတ်အနေဖြင့် ၃၃၀ ဦးအား စစ်ကောင်စီက ရေတပ်သင်္ဘောဖြင့် ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်သားများသည် မြန်မာမှ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နိုင်သောကြောင့် စုံစမ်းစစ်ဆေးရန်နှင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ စုံစမ်းစစ်ဆေးမှုများနှင့် ညှိုနှိုင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘန်ကောက်အခြေစိုက် Fortify Rights က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တောင်းဆိုသည်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ စစ်ကောင်စီစစ်သားများကို စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံ အေမာ ဘင်္ဂလားဒေ့ရှ် ပါတီ (ABP) က ပြောသည်။
ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေစဉ်အတွင်း စစ်သုံ့ပန်းများ ပြန်လည်ပို့ဆောင်ခြင်းကို ဂျနီဗာကွန်ဗင်းရှင်းက တားမြစ်ကြောင်းလည်း ထိုပါတီက ပြောသည်။
ထိုကိစ္စသည် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းကို ပြန်လည် ပို့ဆောင်ရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းရန် အခွင့်အလမ်းကောင်းဖြစ်ကြောင်း ABP ပါတီက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နတ်မြစ်တလျှောက် နယ်စပ်ကင်းလှည့်သည့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ထိုရေလမ်းကြောင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး အရပ်ဘက် သင်္ဘောများ သွားလာခြင်းကို ပိတ်ပင်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ အများစုနေသည့် ဖုန်ညိုလိပ်ကျေးရွာကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်သည့် စစ်ကောင်စီ၏ လေးရက်ကြာ တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သိမ်းကြုံး တိုက်ခိုက်သတ်ဖြတ်မှုများ၊ အရပ်သားနေအိမ်များကို ဖျက်ဆီးမှုများနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေမှုများကို မှတ်တမ်းတင်ထားကြောင်း Fortify Rights က ကြေညာချက်တစောင်တွင် ဖော်ပြသည်။ “ထိုတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုမြောက်နိုင်သည်” ဟုလည်း ထိုကြေညာချက်က ဖော်ပြထားသည်။
AA က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဖုန်ညိုလိပ်ကျေးရွာ ပတ်လည်၌ ကတုတ်ကျင်းများ တူးပြီးနောက် စစ်ကောင်စီက ဘူးသီးတောင်မြို့နယ်မှ ထိုကျေးရွာကို လေးရက်ကြာ အမြောက်များဖြင့် ပစ်ခတ်ကြောင်း အထက်ပါ လူ့အခွင့်အရေးအဖွဲ့က ပြောသည်။ ထိုသို့ပစ်ခတ်သောကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ကလေးအနည်းဆုံး ရှစ်ဦး အပါအဝင် အခြားသူ ၃၂ ဦး ဒဏ်ရာရသည်။ ထိုသို့ ထိခိုက်သေဆုံးသူ အားလုံးသည် ရိုဟင်ဂျာများဖြစ်သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုများကြောင့် ဖုန်ညိုလိပ်နှင့် ပတ်ဝန်းကျင်ဒေသများမှာ အရပ်သား ၁၅,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ဆိုသည်။
သက်ဆိုင်သူအားလုံးအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးပြီး ICC အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိုဖြစ်ရပ်ကို ရောမသဘောတူစာချုပ် အပိုဒ် ၁၄ အရ ICC သို့ လွှဲပြောင်းပေးရန် Fortify Rights က တောင်းဆိုသည်။
You may also like these stories:
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြစ်တင်ရှုတ်ချ
ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တွင် လုံခြုံရေး တိုးမြှင့်
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြစ်တင်ရှုတ်ချ
ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်